မန်ယူအသင်းသည် ချစ်သူဟောင်းအား ရိုက်နှက်မှုဖြင့် စစ်ဆေးခံနေရသည့် ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီကို အသင်းနှင့် ပြန်လည်လေ့ကျင့်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပြီး အာဂျင်တီးနားနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်မှာမူ ခြေထောက်ဒဏ်ရာကြောင့် သုံးလခန့် အနားယူရဖွယ်ရှိကြောင်း သိရသည်။
အန်တိုနီ (၂၃ နှစ်) သည် ၎င်းင်း၏ချစ်သူဟောင်းအား ရိုက်နှက်မှုကြောင့် စက်တင်ဘာလဆန်းတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲကစားမည့် ဘရာဇီးလ်အသင်းလူစာရင်းမှ ထုတ်ပယ်ခံခဲ့ရသလို မန်ယူအသင်းကလည်း အသင်းနှင့် ပြန်လည်ပူးပေါင်းခြင်းမပြုရန် တားမြစ်ထားသည်။
၎င်းသည် ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ဘရာဇီးလ်မှ အင်္ဂလန်သို့ပြန်လာ၍ ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းမှုကို ဖြေကြားခဲ့ပြီး စွပ်စွဲမှုများအား ငြင်းဆန်သည့် အချက်အလက်များ ပေးအပ်ခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
၎င်းအနေဖြင့် အဆိုပါစွပ်စွဲမှုများအတွက် ဘရာဇီးလ်နှင့် ဗြိတိန်၌ စွဲချက်တင်ခံထားရခြင်းမရှိကြောင်း သိရသည်။ အန်တိုနီအား ကာရင်တန်လေ့ကျင့်ရေးကွင်း၌ ပြန်လည်လေ့ကျင့်ခွင့်နှင့် လူစာရင်းတွင် ပြန်လည်ရွေးချယ်ခွင့် ပြုရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း မန်ယူအသင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
မန်ယူအသင်း၏အဓိကနောက်ခံလူဖြစ်သူ လီဆန်ဒရိုမာတီနက်ဇ် (၂၅ နှစ်) မှာလည်း ခြေထောက်ဒဏ်ရာကြောင့် နှစ်လမှ သုံးလအထိ အနားယူရမည်ဖြစ်ကြောင်း သိရသည်။ ၎င်းအနေ ဖြင့် ဘိုင်ယန်မြူးနစ်အသင်းနှင့်ပွဲပြီးကတည်းက အနားယူနေရခြင်းဖြစ်သည်။