ပရီးမီးယားလိဂ်ရဲ့ ပထမဆုံးအာရှသားအသင်းခေါင်းဆောင် ဖြစ်လာသူတစ်ဦးအကြောင်း (၄)

ပရီးမီးယားလိဂ်ရဲ့ ပထမဆုံးအာရှသားအသင်းခေါင်းဆောင် ဖြစ်လာသူတစ်ဦးအကြောင်း (၄)
Photo: Getty Images
Photo: Getty Images
Published 25 September 2023

စပါးအသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ရိုင်ယန်မေဆင်ကလည်း ကီဗင်ဝင်မာ ပြောတာတွေကို ထောက်ခံပါတယ်။ ''ပရော်ဖက်ရှင်နယ်ပီသတဲ့ ကစားသမားဆိုတာ ဘယ်လိုမျိုးလဲလို့ မေးလာရင် ဆွန်ဟောင်မင်ကိုပဲ ပြောရလိမ့်မယ်။ လေ့ကျင့်ရေး ကွင်းမှာလည်း လူတိုင်းက သူ့ကို ချစ်တယ်။ သူက အရမ်းအလုပ်ကြိုးစားတယ်။ သူ့ဆီမှာ စိတ်ပျက်စရာကောင်းတဲ့ အပြုအမူမျိုး ဘယ်တော့မှ ခင်ဗျားကြားဖူးမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူက ပရော်ဖက်ရှင်နယ်ပီသတဲ့ ကစားသမားတစ်ဦးဖြစ်နေလို့ ပါ။ ဆွန်က အရမ်းလည်း အားနာတတ်တယ်။ သူက တောင်ကိုရီးယားရဲ့ ဒေးဗစ်ဘက်ခမ်ဖြစ်နေတာတောင် နှိမ့်ချတတ်တဲ့ စရိုက် ရှိတယ်။ တောင်ကိုးရီးယား ပရိသတ်တွေက သူ့ကိုအရမ်းချစ်ကြတယ်။ အသင်းကိုရောက်လာပြီး မကြာခင်ပဲ အသင်းရဲ့လေ့ကျင့် ရေးကွင်းကို ရောက်လာကြတယ်။ အဲဒီပရိသတ်တွေထဲက တချို့ဆိုရင် တောင်ကိုရီးယားကနေ လာအားပေးကြတာ။ ပြီးတော့ လေ့ကျင့်ရေးကွင်းမှာ နေ့တိုင်းလိုလို တောင်ကိုရီးယားပရိသတ်တွေအများကြီးမြင်ရတာ ကျွန်တော် တကယ်အံ့သြမိတယ်။ မိုးရွာရွာ၊ လေတိုက်တိုက် ဘယ်လိုရာသီဥတုဖြစ်ဖြစ် ရောက်အောင်လာကြတယ်''လို့ ပြောတယ်။

    

ကိုရီးယားနာမည်ကြီးအားကစားသတင်းစာ Sports Soul ရဲ့ သတင်းထောက်ဖြစ်တဲ့ လီဆောင်မိုကတော့ ''စပါးအသင်းကို သူရောက်လာတာက တောင်ကိုရီးယား အားကစားဂျာနယ်လစ်တွေကို အင်္ဂလန်နဲ့ ကိုရီးယားအိမ်ဦးနဲ့ ကြမ်းပြင်ဖြစ်အောင် လုပ်လိုက် တာပဲ။ စပါးရဲ့ပွဲစဉ်တိုင်းမှာ ကိုရီးယားဂျာနယ်လစ် အနည်းဆုံး ၅ ဦးလောက်တော့ သတင်းလာယူလေ့ရှိတယ်။ တချို့ပွဲတွေဆိုရင် ၁၀ ယောက်လောက်ရှိတယ်။ စပါးအသင်းရဲ့ ပွဲပေါင်းများစွာအပြီးမှာ ဆွန်က ကျွန်တော်တို့နဲ့ အင်တာဗျူးလုပ်လေ့ရှိပြီး ကိုရီးယား မီဒီယာတွေအတွက် သူက အမြဲအချိန်ပေးလေ့ရှိတဲ့အပေါ် ကျွန်တော်တို့က ကျေးဇူးအရမ်းတင်ရပါတယ်'' လို့ ပြောတယ်။ 

    

၂၀၀၉ ခုနှစ်က စပြီး Forbes Korea က ကိုရီးယားနိုင်ငံရဲ့ ဆယ်လီတွေထဲမှာ ဘယ်သူတွေက အကျော်ကြားဆုံးလဲ၊ လူ ချစ်လူခင်အများဆုံးလဲဆိုတဲ့ စာရင်းကို နှစ်စဉ်နှစ်တိုင်းထုတ်ပြန် ခဲ့ပြီး ဆွန်ဟောင်မင်က လက်ရှိ ကိုရီးယားရဲ့ လူချစ်လူခင်အများဆုံးနဲ့ ပါစင်နယ်လတီ အကောင်းဆုံး ဆယ်လီဘရစ်တီအဖြစ် ရွေးချယ်ခဲ့တယ်။ ကိုရီးယားမှာ ဆွန်ဟောင်မင်ကမှ ကမ္ဘာကျော်တာ မဟုတ်ဘဲ  အခြားနယ်ပယ်တွေမှာ ကမ္ဘာ့အဆင့်ကို ထိုးဖောက်နေသူတွေအများကြီးရှိပါတယ်။ K-pop နဲ့ ကမ္ဘာကို ထိုးဖောက်နေချိန်မှာ BTS၊ Black Pink ဆိုတဲ့ ဂီတအဖွဲ့တွေက လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံးရဲ့ သည်းသည်းလှုပ်အားပေးခံနေရသူတွေဖြစ်တယ်။ ဒါပေမဲ့ ဆွန်ဟောင်မင်က သူတို့အားလုံးရဲ့အပေါ်မှာ ရှိနေတယ်လို့ Forbes Korea က ဖော်ပြခဲ့တယ်။

    

တကယ်တော့ ကိုရီးယားရဲ့အကျော်ကြားဆုံး ဆယ်လီဘရစ်တီ စာရင်းမှာ အားကစားနယ်ပယ်က တစ်ဦးသာပါဝင်ပြီး အဲဒီ တစ်ဦးတည်းကပဲ ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်တယ်။ လီဆောင်မိုကတော့ ''အခြားသူတွေလည်း သည်းသည်းလှုပ် အားပေးတာကို ခံရပါတယ်။ ဒါပေမဲ့ သူတို့ကိုအားပေးကြတာက အသက်အရွယ်အပိုင်းအခြားရှိတယ်။ အရမ်းငယ်လွန်းသူတွေ၊ အသက်ကြီးတဲ့ လူတွေအတွက်ကျတော့ ကိုရီးယားရဲ့ဂီတကြယ်ပွင့်တွေက သိပ်အလုပ်မဖြစ်သလို၊ လူငယ်နဲ့ လူလတ်ပိုင်းတွေကလည်း ကိုရီးယားရဲ့ ရုပ်ရှင်ကြယ်ပွင့်တွေကို သိပ်စိတ်မဝင်စားကြဘူး။ ဆွန်ဟောင်မင်က အသက်အရွယ်မရွေး အချစ်ခံရတဲ့သူဖြစ်တယ်။ အရမ်းငယ်တဲ့ သူတွေရော၊ ဆယ်ကျော်သက်တွေရောကနေစပြီး အသက် ၇၀၊ ၈၀ ကျော် လူကြီးတွေအထိ ဆွန်ဟောင်မင်ကို ချစ်ကြတယ်။ ဒါ ကြောင့်သူက တိုင်းပြည်ရဲ့ အချစ်အခံရဆုံးလူအဖြစ် ရပ်တည်နေတာပဲ'' လို့ သုံးသပ်ခဲ့တယ်။ 

    

ဆွန်ရဲ့ အလားအလာက တောက်ပနေပေမယ့် ပထမဆုံးရာသီမှာတော့ သူအများကြီး ကစားခွင့်မရခဲ့ဘူး။ စပါးအတွက် ပထမ ဆုံး အိမ်ကွင်း ၂ ပွဲက ကာရာဘတ်နဲ့ ကစားတဲ့ ယူရိုပါလိဂ်ပွဲနဲ့ ခရစ္စပဲလေ့စ်နဲ့ ကစားတဲ့ ပရီးမီးယားလိဂ်ပွဲတွေဖြစ်ပြီး ယူရိုပါလိဂ်ပွဲမှာ ၂ ဂိုး၊ ပဲလေ့စ်နဲ့ပွဲမှာ ၁ ဂိုးသွင်းခဲ့တယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်တစ်ရာသီလုံးမှာတော့ ပွဲထွက်ခွင့်ရခဲ့တာ ၁၃ ပွဲသာ ရှိပြီး လိဂ်ဂိုး ၄ ဂိုးသာရခဲ့တယ်။ စပါးက အဲဒီရာသီမှာ လက်စတာနဲ့ အမှတ်ပေးချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေလို့ ပထမ ၁၁ ဦးစာရင်းက အရမ်း ခက်ခဲပါတယ်။ ပြီးတော့ အင်္ဂလိပ်ကစားဟန်နဲ့ အံဝင်အောင် ကြိုးစားနေရခြင်းကြောင့်လည်း ဖြစ်တယ်။ 

    

စပါးအသင်းရဲ့ နည်းပြဟောင်းဖြစ်တဲ့ ပိုချက်တီနိုက ဆွန်နဲ့ပတ်သက်ပြီး ''အရည်အသွေးပိုင်းက သံသယဖြစ်ဖွယ် မရှိတဲ့သူပါ။ ဒါပေမဲ့ ပရီးမီးယားလိဂ်ရဲ့ ကြံ့ခိုင်မှုကို ကျော်လွှားနိုင်ဖို့အတွက်ကတော့ သူ့အတွက် စိန်ခေါ်မှုဖြစ်ခဲ့တယ်။ ကျွန်တော်က သူ့ကို ဆောက်သမ်တန်အသင်း နည်းပြဘဝမှာကတည်းက ပရီးမီးယားလိဂ်ကို ခေါ်ချင်ခဲ့တဲ့သူပါ။ ဒါပေမဲ့အဖွင့်မှာ သူ ယုံကြည်မှုပျောက် ဆုံးသွားရင် ကျွန်တော်တို့ ဒီနေ့ ဆွန်ဟောင်မင်ကို မြင်ရမှာ မဟုတ်ဘူး။ သူ အရမ်းကစားချင်တဲ့ အချိန်တွေမှာတောင် ကျွန်တော်က သူ့ကို စိတ်ရှည်ဖို့အတွက်ပဲ တိုက်တွန်းခဲ့တယ်။ မင်းရဲ့အချိန် ရောက်လာလိမ့်မယ်လို့လည်း ကျွန်တော် အမြဲအားပေးခဲ့တယ်။ ဆွန်က အဲဒီလိုပြောတိုင်းမှာ ကျွန်တော့်အချိန်က အခုချိန်ပဲဘော့စ်ဆိုပြီးလည်း ပြန်ပြောတယ်။ ဒါပေမဲ့ သူ ကျွန်တော့်ရဲ့ အစီအစဉ်တွေကို စောဒက မတက်ပါဘူး။ သူ လေ့ကျင့် ခန်းအစီအစဉ်တွေမှာ ပိုကြိုးစားပြီး အခွင့်အရေးကောင်းကို စောင့်ခဲ့တယ်။ အာရှကစားသမားတွေကို ကျွန်တော် သဘောကျတဲ့အချက်က ရိုကျိုးမှုရှိတယ်။ အားထုတ်မှု ကောင်းတယ်။ အလုပ်နဲ့ သက်သေပြချင်စိတ်ရှိသူတွေဖြစ်ကြတယ်။ ဆွန်က ဒီလိုအရာတွေကို ပါရမီနဲ့ ပေါင်းစပ်ထားသူပါ'' လို့ ချီးကျူးခဲ့တယ်။

    

စပါးအသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဟာရီကိန်းကတော့ ''ဆွန်က မယုံနိုင်စရာ ကစားသမားပါ။ ကျွန်တော် သူ့ရဲ့ကစားသမားဘ၀ ဖြတ်သန်းမှုနဲ့ သူလျှောက်လှမ်းခဲ့တဲ့ ခရီးလမ်း အတွက် အတိုင်းအဆမရှိကို ဂုဏ်ယူမိပါတယ်။ ကျွန်တော်နဲ့သူက နှစ်တွေအကြာကြီး အတူတူရှိခဲ့ကြပြီး သူ့ရဲ့ အရည်အသွေးတွေကို ကျွန်တော် ပိုပြီး နားလည်လာတယ်။ လူတွေ မမြင်ရတဲ့ နောက်ကွယ်မှာ သူ ဘယ်လောက်ကြိုးစားသလဲဆိုတာ ကျွန်တော်သိတယ်။ သူက အဆုံးသတ်အရမ်းကောင်းတဲ့ တိုက်စစ်ကစားသမားတစ်ဦး ဖြစ်သလို လူသားတစ်ဦးအနေနဲ့လည်း အတုယူစရာအချက်တွေ အများကြီးပါ။ သူ့ကိုယ်သူ ဂုဏ်ယူသင့်သလို၊ ကျွန်တော်တို့ အားလုံးလည်း သူ့အတွက်ဂုဏ်ယူမိပါတယ်။ သူက အသင်းရဲ့လေ့ကျင့်ရေး ကွင်းကို စွမ်းအင်ကောင်းတွေ သယ်ဆောင်လာလေ့ရှိသူဖြစ်ပြီး အခြေအနေတွေက ဘယ်လောက်ဆိုးနေနေ သူ့ကို စိတ်ပျက်နေတာမျိုး ခင်ဗျားတို့တွေ့ရမှာမဟုတ်ဘူး။ ကွင်းထဲမှာဆိုလည်း သူ ဘောလုံးနောက်ကို အသည်းအသန် လိုက် နေတဲ့ပုံစံ၊ သူ ဘောလုံးဆွဲပြေးတဲ့ ပုံစံ၊ သူက တကယ်ကို စိတ်လှုပ်ရှားစရာကစားသမားပါ။ သူ့နိုင်ငံ က သူ့ကို ချစ်ကြသလို၊ ကျွန်တော်တို့အသင်းကလည်း သူ့ကို ချစ်ကြပါတယ်'' လို့ ပြောခဲ့ပါတယ်။

    

တောင်ကိုရီးယားမှာကတော့ ဆွန်ဟောင်မင်ရောဂါက ကြီးတယ်။ ပွဲကြီးတွေမှာ ဆွန် ဟောင်မင် ဂိုးသွင်းလိုက်ရင် အဲ့ဒါ Breakin News ပါပဲ။ ဥပမာ မန်စီးတီးအသင်းနဲ့ ချန်ပီ ယံလိဂ်ကွာတားဖိုင်နယ်မှာ ဆွန်ဟောင်မင် ဂိုးသွင်းခဲ့တုန်းက ကိုရီးယားရဲ့ Breakfast show အစီအစဉ်မှာ ပြနေကျအစီအစဉ်ကို ခပ်မြန်မြန်သိမ်းပြီး ဆွန်ဟောင်မင်ရဲ့ သတင်းက ဖုံးလွှမ်းသွားတာမျိုးတွေ၊ သတင်းစာတွေနဲ့ ကိုရီးယားရဲ့ အအောင်မြင်ဆုံး ဝက်ဘ်ဆိုက်တွေ မှာ ဆွန်အကြောင်းသတင်းတွေ နေ့တိုင်း မျက်နှာဖုံးတင် ဖော်ပြတာမျိုးတွေ တွေ့ရတယ်။ ဆွန်ရဲ့ကွင်းထဲက လှုပ်ရှားဟန်တွေတင်မကဘဲ သူ့ရဲ့ လူနေမှုဘဝပုံတွေ၊ သာမန်အဝတ် အစားလေးနဲ့ လန် ဒန်မြို့လမ်းတွေပေါ်မှာ လမ်းလျှောက်နေတဲ့ သတင်းဓာတ်ပုံတွေကလည်း ကိုရီးယားနိုင်ငံကို လွှမ်းမိုးထားတယ်။

    

တကယ်တော့ ဆွန်ဟောင်မင်က ဒီခရီးကို အဝေးကြီးကနေ လာခဲ့သူပါ။ ဒီလောက်အထိ ရောက်လာလိမ့်မယ်လို့လည်း သူကိုယ်တိုင် မထင်ထားခဲ့ဘူး။ ဂျာမန်မြေမှာ ဟမ်းဘတ် နဲ့အတူ စမ်းသပ်မှုမအောင်မြင်တဲ့အချိန်မှာ အားလုံး ကိုရီးယားကို ပြန်ခဲ့ကြပေ မယ့် သူမပြန်ဘဲ အင်္ဂလန်ကိုကူးခဲ့တယ်။ ဒါပေမဲ့ ဘယ်သူကမှ အယုံအ ကြည်မရှိတဲ့အချိန်မှာ တခြားသူတွေထက် ပိုပြီး စိတ်ဓာတ်ကျခဲ့တယ်။ နောက်တော့ သူ ခေါင်းပြန်မော့ခဲ့တယ်။ သူ့ရဲ့အဓိကအခက်အခဲက အရည်အသွေးမဟုတ်ဘူး၊ ဘာသာစကားပဲဆိုတာကို သူ ရဲရဲ တင်းတင်း ယုံကြည်ခဲ့တယ်။ တကယ်လို့သာ ကိုရီးယား ယူ-၁၇ အသင်းရဲ့ ပွဲစဉ်မှာ ခြေစွမ်းမပြနိုင်ခဲ့လို့ ဟမ်းဘတ်ကလည်း သူ့ကို ပြန်မခေါ်ခဲ့ဘူးဆိုရင် ဆွန်က အဲ့ဒီအချိန်ကတည်းက အင်္ဂလန်ကို ပြန်လာခဲ့မှာပါ။ အောင်မြင်ချင်လည်း အောင်မြင်လိမ့်မယ်။ အောင်မြင်ချင်မှလည်း အောင်မြင်လိမ့်မယ်။ ဆွန်လျှောက်လှမ်းခဲ့တဲ့ ခရီးလမ်းကတော့ ပြောင်းသွားမှာ အမှန်ပါပဲ။ 

ပြီးပါပြီ။

Most Read

Most Recent