BRI ညီလာခံတွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများနှင့် မွေးမြူရေးရေထွက်ကုန်ပစ္စည်းတင်ပို့ရေး သဘောတူစာချုပ်ချုပ်ဆို

BRI ညီလာခံတွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများနှင့် မွေးမြူရေးရေထွက်ကုန်ပစ္စည်းတင်ပို့ရေး သဘောတူစာချုပ်ချုပ်ဆို
Published 18 September 2023

BRI တွင် ပါဝင်သည့် နိုင်ငံများအတွက် ပို့ကုန်သွင်းကူန်ဆိုင်ရာ ညီလာခံတွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သဘာဝမှဖမ်းဆီးရရှိသည့် ရေထွက်ကုန်ပစ္စည်းများနှင့် မွေးမြူရေးရေထွက်ကုန်ပစ္စည်းတင်ပို့ရေး၊ အပင်ပိုးမွှားရောဂါကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ကျင်းပသည့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative - BRI) တွင် ပါဝင်သည့် နိုင်ငံများအတွက် သွင်းကုန်နှင့်ပို့ကုန် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုညီလာခံသို့ တက်ရောက်သည်။

အဆိုပါညီလာခံတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးက အဖွင့်မိန့်ခွန်းပြောကြားပြီး GACC ၏ ဒုတိယဝန်ကြီး Mr. Lv. Weihong က ညီလာခံကို ဦးဆောင်ကျင်းပရာ တရုတ်နှင့်ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်ရာတွင်ပါဝင်သည့် သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊ နိုင်ငံအသီးသီးမှ ပို့ကုန်သွင်းကုန်အစားအစာ အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ညီလာခံတွင် ပြည်ထောင်စုဝန်ကြီးက Promoting Agricultural commodities Trade thro-ugh Harmonization and Tightening of Food Safety standards among BRI Countries ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးပြောကြားရာတွင် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုတွင် တရုတ်နိုင်ငံအနေဖြင့် အခြေခံအဆောက်အဦဆိုင်ရာ စီမံကိန်းများတွင်စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှုများ ထည့်ဝင် ဆောင်ရွက်လျက်ရှိရာ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုတွင် ပါဝင်သောနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရေးအတွက် အဓိကအခန်းကဏ္ဍအဖြစ် ဖြစ်တည်လျက်ရှိပါကြောင်းနှင့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုတွင်ပါဝင်သော အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကုန်သွယ်မှုများတွင် နည်းပညာအသစ်များအသုံးပြုခြင်း၊ စံချိန်စံညွှန်းသတ်မှတ်ချက်များ ရိုးရှင်းလွယ်ကူစေရေး၊ တစ်သမတ်တည်းဖြစ်စေရေးနှင့် လုပ်ထုံးလုပ်နည်းနှင့် အခြားအုပ်ချုပ်မှု အတားအဆီးများကို ဖြေရှင်းရန်ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

အဆိုပါညီလာခံအပြီးတွင် Terms of Reference for Institutional cooperation in Import and Export Food Safety for the Countries of the Belt and Road Initative – TOR ကို တက်ရောက် လာကြသည့် BRI အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်များက ပါဝင်လက်မှတ်ရေးထိုးကြပြီး ပူးတွဲကြေညာချက် (Joint Statement) ကို ထုတ်ပြန်ခဲ့သည်။

အစည်းအဝေးမကျင်းပမီ နံနက်ပိုင်းတွင် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ - GACC တို့အကြား လယ်ယာ ထွက်ကုန်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် လိုအပ်သောအပင်ပိုးမွှားရောဂါ ကင်းရှင်းရေး၊ တိရစ္ဆာန် (သား/ငါး) ရောဂါကာကွယ်ထိန်းချုပ်ခြင်း လိုအပ်ချက်သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲ၌ နှစ်နိုင်ငံကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် လယ်ယာ၊ သား၊ ငါးထွက်ကုန်များ၏ ပိုးမွှားရောဂါကင်းရှင်းရေးဆိုင်ရာ သဘောတူစာချုပ် (မူကြမ်း) များကို နှစ်ဖက်ညှိနှိုင်းဆောင်ရွက်နေမှု၊ နာနတ်သီး၊ ပဲပုပ်၊ ကန်စွန်းဥ ၊ ပီလောပီနံ၊ စပါးမျိုးစေ့၊ မွေးမြူရေးထွက်ကုန်အရှင်များ တင်ပို့နိုင်ရေးအတွက် သဘောတူစာချုပ် ထပ်မံလက်မှတ်ရေးထိုးရေးဆိုင်ရာ ကိစ္စများ၊ မက္ကဒေးမီးယား၊ ပြောင်းစေ့ချပ် (Corn flake)၊ ကွမ်းသီးစိမ်းတို့၏ စျေးကွက်ဆန်းစစ်ချက်ဆိုင်ရာ အချက်အလက်များ၊ လယ်ယာထွက်ကုန်များ၏ ကုန်သွယ်မှုမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို နှစ်ဖက်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သဘာဝမှဖမ်းဆီးရရှိသည့် ရေထွက်ကုန်ပစ္စည်းများနှင့် မွေးမြူရေးရေထွက်ကုန်ပစ္စည်းတင်ပို့ရေး၊ အပင်ပိုးမွှားရောဂါ ကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent