လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ရန်ကုန်တိုင်းတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်အထိ အာမခံအလုပ်သမားလူနာဦးရေ ၅၂၇၉၂ ဦးအတွက် ဆေးဖိုးကုန်ကျငွေ ကျပ်သန်းပေါင်း ၄၂၇၀ ဒသမ ၀၉၃ သန်းပေးအပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် အကျုံးဝင်အာမခံအလုပ်သမား ၈၉၀၀၀၀ ကျော်ရှိပြီး အဆိုပါ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရန်ကုန်အလုပ်သမား ဆေးရုံကြီး၊ ထန်းတပင်အလုပ်သမားဆေးရုံ၊ မြို့နယ်လူမှုဖူလုံရေး ဆေးခန်း ၂၂ ခန်း၊ ဌာနကြီးဆေးခန်း ၁၈ ခန်း၊ တိုင်းရင်းဆေးခန်းတစ်ခန်း၊ စာချုပ်ဆေးခန်း ၃၀၊ မီးဖွားခြင်းဆိုင်ရာ ဝန်ဆောင်မှုဆောင်ရွက်သည့် ဆေးခန်း ၁၀ ခန်းတို့ ဖွင့်လှစ်၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်အထိ အာမခံအလုပ်သမား လူနာပေါင်း ၆၂၅၇၆၃ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
အလားတူ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုထိရောက်လွယ်ကူစေရန် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆိုပြီး ယခုအခါ Fee For Service Payment ဆေးခန်း ၂၀၊ Capitation Payment ဆေးခန်း ၂၆ ခန်းနှင့် မီးဖွားမှု ဝန်ဆောင်မှုဆေးခန်း ၁၂ ခန်းဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၃ခုနှစ် ဇန်နဝါရီမှ ဇူလိုင်အထိ လူနာဦးရေ ၅၂၇၉၂ ဦးအတွက် ဆေးဖိုးကုန်ကျငွေကျပ်သန်းပေါင်း ၄၂၇၀ ဒသမ ၀၉၃ သန်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
နေပြည်တော်ကောင်စီနယ်မြေတွင်လည်း လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုထိရောက်လွယ်ကူစေရန် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် Fee For Service Payment ဆေးခန်း ၂၀၊ Capitation Payment ဆေးခန်း ၂၆ ခန်း၊ သားဖွားမီးယပ်ပြင်ပလူနာဝန်ဆောင်မှု (Specialist OG OPD care) ၁၅ ခန်းနှင့် မီးဖွားမှုဝန်ဆောင်မှုဆေးခန်း ၁၂ ခန်းဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ လူနာဦးရေ ၂၉၃၉ ဦးအတွက် ဆေးဖိုးကုန်ကျ ကျပ် ၅၄၆ ဒသမ ၂၀၆ သန်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်လူမှုဖူလုံရေးရုံး ၇၈ ရုံးတွင် အလုပ်ဌာန ၃၅၂၅၃ ဌာနနှင့် အလုပ်သမား ၁၂၅၂၂၃၃ ဦး အကျုံးဝင်မှတ်ပုံတင်ထားကြောင်း စက်တင်ဘာ ၁၄ ရက်က နေပြည်တော်လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်) စုဝေးခန်းမ၌ ကျင်းပသည့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ပြည်ထောင်စုနယ်မြေအတွင်း အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ အာမခံအလုပ်သမားများ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်း အခမ်းအနားတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုနယ်မြေအတွင်းရှိ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်အရ ဆေးဖိုးကုန်ကျစရိတ်များ ပြန်လည်ပေးအမ်းခြင်းနှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်အာမခံစနစ်အရ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးသွားသည့် အာမခံအလုပ်သမား၏ ကျန်ရစ်သူမိသားစုများကို အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ မြို့နယ်လူမှုဖူလုံရေးရုံး ၇၈ ရုံးတွင် အလုပ်ဌာန ၃၅၂၅၃ ဌာနနှင့် အလုပ်သမား ၁၂၅၂၂၃၃ ဦး အကျုံးဝင်မှတ်ပုံတင်ထားပြီး ပြည်ထောင်စုနယ်မြေ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ဌာန ၁၀၆၇ ဌာနနှင့် အာမခံအလုပ်သမား ၂၆၃၈၂ ဦး ရှိပါကြောင်း ပြောကြားခဲ့သည်။
အာမခံအလုပ်သမားများ ကျန်းမာရေးစောင့်ရှောက်မှု၊ မကျန်းမာမှု၊ မီးဖွားမှု၊ သေဆုံးမှုနှင့် အလုပ်တွင်ထိခိုက်မှုအတွက် ငွေကြေးအကျိုးခံစားခွင့်တို့အပြင် အငြိမ်းစားယူပြီးနောက် ဆေးဝါးကုသမှု ဆက်လက်ခံယူခွင့်တို့အတွက် “One for all , All for one” (စုပေါင်းခြင်းဖြင့်ဖူလုံအံ့)ဆိုသည့် လူမှုဖူလုံရေးဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ခြင်းကြောင့် အလုပ်ရှင်များအနေဖြင့် မိမိအလုပ်သမားများအား ဥပဒေနှင့်အညီ အကျုံးဝင်မှတ်ပုံတင်ပြီး ထည့်ဝင်ကြေးများပေးသွင်းခြင်း၊ ဥပဒေနှင့်အညီ အကျိုးခံစားခွင့် များထုတ်ယူခြင်းဖြင့် အလုပ်သမားများ၏အကျိုးကို နစ်နာဆုံးရှုံးမှုမရှိအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ခေတ်ကာလနှင့်အညီ လိုက်လျောညီထွေဖြစ်စေမည့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။















