မွန်ပြည်နယ်၊ မော်လမြိုင်တွင် နှစ်ပေါင်း ၇၀ အတွင်း မိုးရေချိန်စံချိန်သစ်နှင့် မုဒုံမြို့တွင် နှစ်ပေါင်း ၄၂ နှစ်အတွင်း မိုးရေစံချိန်သစ်များ တင်ရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
ယမန်နေ့ (ဇူလိူင် (၁၈) ရက်) နံနက် (၉) နာရီခွဲမှ ယနေ့ (ဇူလိူင် ၁၉ ရက်) နံနက် ၉ နာရီခွဲအထိ မော်လမြိုင်မြို့တွင် မိုးရေချိန် (၂၂. ၇၅) လက်မရွာသွန်းခဲ့ကြောင်း ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
ထိုမိုးရေချိန်မှာ ယမန်နေ့က ရွာသွန်းခဲ့သည့်မိုးရေချိန်လက်မထက် (၄) ဆခန့် ရွာသွန်းခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ (၁၇) ရက် နံနက် (၉) နာရီခွဲအချိန်မှ ဇူလိုင်လ (၁၈) ရက် နံနက် (၉) နာရီခွဲ အချိန်ရွာသွန်းခဲ့သည့် မိုးရေချိန်မှာ (၅.၃၉) လက်မသာရှိကြောင်း သိရသည်။
ထို့ပြင် မော်လမြိုင်မြို့၏ မိုးရေစံချိန်မှာ ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ရွာသွန်းခဲ့သည့် မိုးရွာသွန်းမှုဖြစ်ပြီး စံချိန်မှာ ၁၁ ဒသမ ၈၅ ဖြစ်ကြောင်း သိရသည်။
ထို့အတူ ယနေ့ (ဇူလိူင် ၁၉ ရက်) နံနက် ၉ နာရီခွဲအချိန်ထိ မုဒုံမြို့တွင် (၁၄.၁၀) လက်မ၊ ကျိုက်မရောမြို့တွင် (၁၀. ၈၃) လက်မ၊ ပေါင်မြို့တွင် (၇.၂၇) လက်မ၊ ချောင်းဆုံမြို့တွင် (၄. ၉၆) လက်မ၊ ရေးမြို့တွင် (၄. ၄၁) လက်မ၊ ကျိုက္ခမိမြို့တွင် (၃. ၉၄) လက်မ၊ သထုံမြို့တွင် (၂. ၂၇) လက်မ ရွာသွန်းခဲ့ကြောင်း ပြည်နယ်မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
မုဒုံမြို့တွင်လည်း ရွာသွန်းခဲ့သည့် မိုးရေစံချိန်မှာ နှစ်ပေါင်း ၄၂ နှစ်အတွင်း စံချိန်သစ်ဖြစ်ပြီး ယခင်စံချိန် ဟောင်းမှာ ၁၉၉၁ ခုနှစ် ဇူလိုင်လတွင်ရွာသွန်းခဲ့ပြီး စံချိန်မှာ ၁၀ ဒသမ ၇၅ ရှိကြောင်း သိရသည်။
လက်ရှိ (ဇူလိုင်လ (၁၉) ရက် မွန်းလွဲ (၁) နာရီအချိန်ခန့်အထိ) မော်လမြိုင်တွင်မိုးဆက်လက်ရွာသွန်းလျှက်ရှိပြီး မြို့ပေါ်ရပ်ကွက်များဖြစ်သည့် မြိုင်သာယာ၊ ဖက်ခင်းလမ်း၊ ဇေယျာမြိုင်၊ ရွှေပြည်အေး၊ ဇေယျာ(၁)၊ (၂)၊ ဒိုက်ဝန်းကွင်း၊ ဈေးကြို၊ တောင်ဝိုင်းရပ်၊ ကျွဲခြံကုန်း၊ ဒေါင်းမင်းရပ်၊ သီရီမြိုင်နှင့် မုပွန်ရပ်ကွက်တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားလျှက်ရှိကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ နှင့် ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ပြည်သူများအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ နှင့် မော်လမြိုင်မြို့ပေါ်ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များမှ ရေကြီးကြီးနစ်မြှုပ်နေသော ရပ်ကွက်များအတွင်း သွားရောက်ကာ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
"သီရိမြိုင်ရပ်ကွက်ထဲမှာတော့ ရေကတင်နေပြီး။ မိုးဆက်ရွာနေရင် ရေထပ်တက်လာနိုင်တယ်။ လက်ရှိမှာ လူမှုကူညီရေးအဖွဲ့တွေက ထမင်းထုပ်တွေ လိုက်ဝေပေးနေကြပါတယ်။ ကယ်ဆယ်ရေးစခန်းလိုမျိုးတော့ ဖွင့်ရတဲ့အခြေအနေမျိုးမရှိသေးဘူး" ဟု သီရိမြိုင်ရပ်ကွက်နေပြည်သူတစ်ဦးကပြောကြားသည်လာမည့် (၂၄) နာရီအတွင်း မွန်ပြည်နယ်အတွင်း နေရာဒေသအနှံ့အပြား မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း မိုစလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။















