မြစ်ငယ်မြို့ မီးရထားဆေးရုံ ဆေးရုံအုပ်ကြီးအား လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ဖောက်ခွဲရေးလုပ်ရပ်များ ကျူးလွန်ခဲ့သူများကို ဖမ်းဆီးရမိ

မြစ်ငယ်မြို့ မီးရထားဆေးရုံ ဆေးရုံအုပ်ကြီးအား လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ဖောက်ခွဲရေးလုပ်ရပ်များ ကျူးလွန်ခဲ့သူများကို ဖမ်းဆီးရမိ
Published 18 July 2023

မြစ်ငယ်မြို့ မီးရထားဆေးရုံ ဆေးရုံအုပ်ကြီးအား လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ဖောက်ခွဲရေးလုပ်ရပ်များ ကျူးလွန်ခဲ့သည့်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၅ ရက် နေ့လယ်ပိုင်းက အမရပူရမြို့နယ်၊ ဝက်ကုန်းတမာတန်းရပ်ကွက်တွင် မြစ်ငယ် PDF အဖွဲ့ဝင် သီဟဇော်ထွေး (ခ) သီဟအား Sig Sauer တစ်လက်၊ ၎င်းကျည်အိမ် နှစ်ခု၊ ၎င်းကျည် ၁၀ တောင့်၊ လက်ပစ်ဗုံး နှစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးရမိသူ သီဟဇော်ထွေး၏ ထွက်ဆိုချက်အရ အမရပူရမြို့နယ်၊ ရန်ကုန် -မန္တလေးလမ်းဟောင်း၊ စွယ်တော်ဘုရားရှေ့တွင် မြစ်ငယ် PDF အဖွဲ့ဝင်များဖြစ်သည့် အောင်ဘိုဘိုသန်း (ခ) ဘိုသန်းနှင့် လုရီ(ခ)သန့်ဇင်ဦးတို့အားလည်းကောင်း၊ မြစ်ငယ်လမ်းဆုံ၌ မင်းမင်းဟိန်း (ခ) လေဒီအားလည်းကောင်း အသီးသီးထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကက ထုတ်ပြန်သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရမိသူ သီဟဇော်ထွေးနှင့် မင်းမင်းဟိန်းတို့သည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် မြောင်မြို့နယ်၊ နဂါးပေါက်ကျေးရွာအနီး မြစ်ငယ် PDF စခန်း၌ အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေးသင်တန်းအား တက် ရောက်ခဲ့ပြီး ဖမ်းဆီးရန်ကျန်တရားခံ ဝင်းထွန်းခေါင်းဆောင်၍ သီဟဇော်ထွေး၊ လုရီ၊ အောင်ဘိုဘိုသန်း၊ မင်းမင်းဟိန်း၊ ဖမ်းဆီးရန်ကျန် တရားခံ ဝမ်းတီး၊ ငြိမ်းကြီး၊ တင့်ဝေ၊ ဇော်နောင် (ခ) ကြက်သားတုံးနှင့် ရဲလင်းမောင်တို့အပါ အင်အား ၁၅ ဦးဖြင့် မြစ်ငယ် PDF အဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မေ ၁၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပလိပ်မြို့၊ ဈေးကွက်သစ်ရပ်ရှိ “ချို” ဆေးခန်း၌ မြစ်ငယ်မြို့၊ မြန်မာ့မီးရထားဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာတင်ချိုချိုကိုအား သီဟဇော်ထွေးက ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် ဇော်နောင် (ခ)ကြက်သားတုံးနှင့် ရဲလင်းမောင်တို့က လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေအား ကြည့်ရှုပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ စဉ့်ကိုင်မြို့နယ်အတွင်း ဒေသခံများအား လုပ်ကြံသတ်ဖြတ်မှု နှစ်ကြိမ်၊ ဖောက်ခွဲဖျက်ဆီးမှု တစ်ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်တွင် ပလိပ်မြို့၊ ဘူတာရပ်တွင် နေထိုင်သည့် ဦးဘုန်းကျော်အား ဒလန်ဟု စွပ်စွဲ၍ ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော ဝမ်းတီးနှင့် ငြိမ်းကြီးတို့က ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်မှုတွင် သီဟဇော်ထွေးနှင့် ဖမ်းဆီးရန်ကျန် တရားခံတင့်ဝေတို့က လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေအား ကြည့်ရှုပေးခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် သီဟဇော်ထွေးသည် ပလိပ်မြို့၊ ဝန်ထမ်းကွက်သစ် ရပ်ကွက်ရှိ Heart Zoom စားသောက်ဆိုင်အား လက်လုပ်မိုင်းတစ်လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်ပါဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent