မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်းရှိ ချောင်းကူးတံတားနှင့် သံဖြူဇရပ်မြို့ ချောင်းကူးတံတားများတွင် ရေကျော်နေပြီး အိမ်စီးကားများ ဖြတ်သန်းမရသေး

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်းရှိ ချောင်းကူးတံတားနှင့် သံဖြူဇရပ်မြို့ ချောင်းကူးတံတားများတွင် ရေကျော်နေပြီး အိမ်စီးကားများ ဖြတ်သန်းမရသေး
Published 18 July 2023

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်းရှိ ချောင်းကူးတံတားနှင့် သံဖြူဇရပ်မြို့ ချောင်းကူးတံတားများတွင် ရေကျော်နေပြီး အိမ်စီးကားများ ဖြတ်သန်းမရသေးကြောင်း ဒေသခံများနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့အများထံမှ သိရသည်။

ဇူလိုင် ၁၇ ရက် ညပိုင်းကတည်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်း နှီးပဒေါကျေးရွာအနီးရှိ ချောင်းကူးတံတားနှင့် သံဖြူဇရပ်မြို့ ဖောင်စိန်ရပ်ကွက်ရှိ ချောင်းကူးတံတားများတွင် ရေကျော်မှု ဖြစ်ပွားနေခြင်းဖြစ်သည်။

မုဒုံမြို့နယ် နှီးပဒေါကျေးရွာအနီးရှိ ချောင်းတံတားတွင် မိုးသည်ထန်စွာရွာသွန်းပြီး တောင်ကျရေ လိမ့်ဆင်းနေသည့်အတွက် ယနေ့(ဇူလိုင် ၁၈ ရက်) နံနက် ၈ နာရီအချိန်တွင် ကုန်တင်ယာဉ်ကြီးများသာ သွားလာနိုင်သည့်အခြေအနေသာ ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

“နှီးပဒေါရွာထဲမှာလည်း အနီးပိုင်း‌ရပ်ကွက်တွေထဲ ရေ‌တွေဝင်နေတယ်” ဟု ၎င်းဒေသခံက ဆက်လက် ပြောကြားသည်။

ထို့အတူ သံဖြူဇရပ်မြို့၊ ဖောင်စိန်ရပ်ကွက် မုဒုံ-သံဖြူဇရပ်ကားလမ်း ချောင်းကူးတံတားတွင်လည်း ရေကျော်နေ၍ ကားကြီးများသာ ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်း များထံမှ သိရသည်။

“ရေကလမ်းပေါ် နှစ်ပေကျော်ကျော်တက်နေတယ်။ ရေစီးကလည်းရှိနေတော့ ဆိုင်ကယ်နဲ့ ကားလေးတွေတော့ ဖြတ်ဖို့ အဆင်မပြေသေးဘူး” ဟု လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လတ်တလော မုဒုံ-သံဖြူဇရပ် ကားလမ်းအား အသုံးပြုကာ သွားလာကြမည့် ခရီးသွားများအနေဖြင့် ရေအခြေအနေအား စုံစမ်းပြီးမှ သွားလာကြရန် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက အသိပေးပြောကြားထားသည်။

ထို့အပြင် ယမန်နေ့ညပိုင်းကတည်းက မိုးသည်းထန်စွာရွာသွန်းမှု၊ တောင်ကျရေလိမ့်ဆင်းမှုကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဟံဂံကျေးရွာအတွင်း ယနေ့နံနက်အစောပိုင်းကတည်းက ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

Most Read

Most Recent