ယူကရိန်းစစ်ပွဲအတွင်း ရုရှားနိုင်ငံသား ဘယ်လောက် သေဆုံးခဲ့သလဲ

ယူကရိန်းစစ်ပွဲအတွင်း ရုရှားနိုင်ငံသား ဘယ်လောက် သေဆုံးခဲ့သလဲ
Published 12 July 2023
TRANSLATED- ရာဇ

ယူကရိန်းစစ်ပွဲအတွင်း ရုရှားနိုင်ငံသား ၅၀,၀၀၀ နီးပါး သေဆုံးခဲ့ကြောင်း စစ်ပွဲအတွင်း ရုရှားဘက်မှ သေဆုံးသူအရေအတွက်နှင့် ပတ်သက်ပြီး ပထမဆုံးအကြိမ်ထုတ်ပြန်သည့် လွတ်လပ်သော ကိန်းဂဏန်းဆိုင်ရာ လေ့လာချက်တစ်ခုတွင် ဖော်ပြခဲ့သည်။

ဂျာမနီနိုင်ငံ Tübingen တက္ကသိုလ်မှ ဒေတာသိပ္ပံပညာရှင်တစ်ဦးနှင့် ပူးပေါင်းလုပ်ဆောင်သည့် လွတ်လပ်သော ရုရှားမီဒီယာနှစ်ခုဖြစ်သော Mediazona နှင့် Meduza သည် ရုရှားအစိုးရ၏ အချက်အလက်များကို အသုံးပြုကာ မော်စကို၏ တင်းကျပ်စွာထိန်းချုပ်ထားသည့်လျှို့ဝှက်ချက်များထဲမှ တစ်ခုဖြစ်သည့် ယူကရိန်းကို ကျူးကျော်ခြင်းကြောင့် ရုရှားဘက်မှ ထိခိုက်သေဆုံးသူအရေအတွက် အစစ်အမှန်ကို ထုတ်ဖော်ခဲ့သည်။

ထိုသို့လုပ်ဆောင်ရန် ၎င်းတို့သည် COVID-19 ကပ်ရောဂါကာလအတွင်းတွင် ကျယ်စွာအသုံးပြုခဲ့သည့် ပျမ်းမျှသေဆုံးမှုထက် ပိုမိုသေဆုံးသည့် ကိန်းဂဏန်းဆိုင်ရာ အချက်အလက်တွက်ချက်မှုကို အခြေခံပြီး လုပ်ဆောင်ခဲ့သည်။ အမွေဆက်ခံမှုမှတ်တမ်းများနှင့် တရားဝင်ထုတ်ပြန်သည့် သေဆုံးမှုအချက်အလက်များကို ရေးဆွဲကာ ၂၀၂၂ ဖေဖော်ဝါရီမှ ၂၀၂၃ ခုနှစ်အတွင်း ပုံမှန်ထက် အသက် ၅၀ နှစ်အောက် အမျိုးသား မည်မျှ သေဆုံးခဲ့သည်ကို ခန့်မှန်းခဲ့ကြသည်။

ရုရှားနှင့် ယူကရိန်းသည် ၎င်းတို့၏ စစ်ရေးဆုံးရှုံးမှုနှင့်ပတ်သက်သည့် အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ မထုတ်ပြန်ခဲ့ဘဲ တစ်ဖက်သား၏ အသေအပျောက်စာရင်းကိုသာ ပုံကြီးချဲ့ ပြောဆိုခဲ့ကြသည်။

ရုရှားအစိုးရက ၎င်း၏ စစ်သား ၆,၀၀၀ ကျော် သေဆုံးကြောင်း လူသိရှင်ကြား ပြောကြားခဲ့သည်။ စစ်ရေးဆုံးရှုံးမှုနှင့်ပတ်သက်သည့် သတင်းများသည် ရုရှားမီဒီယာများတွင် ဖိနှိပ်ခံနေရသည်ဟု တက်ကြွလှုပ်ရှားသူများနှင့် အမှီအခိုကင်းသည့် ဂျာနယ်လစ်များက ပြောကြားခဲ့သည်။

သေဆုံးသူများကို မှတ်တမ်းပြုစုခြင်းသည် အစိုးရကို ဖီဆန်မှုတစ်ခုဖြစ်လာပြီး ထိုသို့ပြုလုပ်သူများသည် ရာဇဝတ်မှုဆိုင်ရာ စွဲချက်များနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။

ထိုသို့သောစိန်ခေါ်မှုများကြားမှ  စေတနာ့ဝန်ထမ်းကွန်ရက်နှင့်အတူ လုပ်ဆောင်နေသော Mediazona နှင့် BBC ၏ ရုရှားရေးရာ အစီအစဉ်သည် စစ်ကြောင့်သေဆုံးကြောင်း အတည်ပြုထားသော ဒေတာဘေ့စ်ကို တည် ဆောက်ကာ ရုရှားနိုင်ငံတစ်ဝန်းရှိ စစ်သချႋုင်းများ၏ဓာတ်ပုံများနှင့် လူမှုမီဒီယာပေါ်တွင် တင်သည့် စာသားများနှင့် ဓာတ်ပုံများကို အသုံးပြုခဲ့သည်။ ဇူလိုင် ၇ ရက်အထိ ရုရှား စစ်သား ၂၇,၄၂၃ ဦး သေဆုံးခဲ့ကြောင်း ၎င်းတို့က ဖော်ထုတ်ခဲ့သည်။

“အဲဒီအရေအတွက်ကတော့ နာမည်နဲ့တကွ ဖော်ထုတ်သိရှိရတဲ့ စစ်သားတွေပဲဖြစ်ပြီး သေဆုံးသူတစ်ဦးချင်းစီရဲ့ အကြောင်းရင်းကို သတင်းရင်းမြစ်မျိုးစုံက ခွဲခြားသတ်မှတ် အတည်ပြုခဲ့တာ ဖြစ်ပါတယ်”ဟု စုံစမ်းစစ်ဆေးမှုကို ကြီးကြပ်ကူညီပေးခဲ့သော Mediazona မှ အယ်ဒီတာ ဒီမီထရီ ထရက်ရှိချာနင်က ပြောကြားခဲ့သည်။ “Meduza နဲ့ ကျွန်တော်တို့ ပြုလုပ်ခဲ့တဲ့ ခန့်မှန်းချက်ဟာ ရုရှားအစိုးရက ဖုံးကွယ်ဖို့ ကြိုးပမ်းခဲ့တဲ့ သေဆုံးသူအ​ရေအတွက်ကို သိရှိနားလည်စေခဲ့ပါတယ်”ဟုလည်း ဆိုသည်။

ပိုမိုပြည့်စုံသော ကိန်းဂဏန်းအချက် အလက်များကို ရရှိရန်အတွက် Mediazona နှင့် Meduza မှ သတင်းထောက်များသည် ရုရှားအာဏာပိုင်များထံ အမွေဆက်ခံမှုဆိုင်ရာ အမှုတွဲမှတ်တမ်းများကို ရယူခဲ့ကြသည်။

အစိုးရ၏ သေတမ်းစာ အတည်ပြုခြင်းဆိုင်ရာ မှတ်တမ်းဌာနမှ ၎င်းတို့ စုဆောင်းခဲ့သည့် မှတ်တမ်းများထဲတွင် ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ် မေလအတွင်း သေဆုံးခဲ့သော လူပေါင်း ၁၁ သန်းကျော်၏ အချက်အလက်များ ပါရှိသည်။

၎င်းတို့၏ ခွဲခြမ်းစိတ်ဖြာချက်အရ အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြား အမျိုးသားများ အတွက် ၂၀၂၂ ခုနှစ်တွင် အမွေဆက်ခံမှု ဆိုင်ရာအမှုများသည် မျှော်မှန်းထားသည် ထက်ပို၍ အမှုပေါင်း ၂၅,၀၀၀ ကျော်ရှိခဲ့သည်။ ၂၀၂၃ ခုနှစ် မေလ ၂၇ ရက်အထိ နောက်ထပ် အမှုပေါင်း ၄၇,၀၀၀ အထိ မြင့်တက်ခဲ့သည်။

အဆိုပါ မြင့်တက်မှုသည် ပြီးခဲ့သည့်ဒီဇင်ဘာလနောက်ပိုင်း ယူကရိန်းတွင် ရုရှားနိုင်ငံသား ၂၀,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည့် အိမ်ဖြူတော်၏ မေလကထုတ်ပြန်ချက်နှင့် အကြမ်းဖျင်းအားဖြင့် ကိုက်ညီ နေပြီး ရုရှား၏ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး အမေရိကန်နှင့် ဗြိတိန်ထောက်လှမ်း ရေးအသိုင်းအဝိုင်း၏ ခန့်မှန်းဖော်ပြချက်ထက် လျော့နည်းခဲ့သည်။

ဖေဖော်ဝါရီလတွင် ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနက စစ်ပွဲအတွင်း ရုရှားနိုင်ငံသား ၄၀,၀၀၀ မှ ၆၀,၀၀၀ ခန့် သေဆုံးဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။ အမေရိကန်ကာ ကွယ်ရေးထောက်လှမ်းရေးအေဂျင်စီမှ ပေါက်ကြားသော အကဲဖြတ်ချက်အရ စစ်ပွဲ၏ ပထမနှစ်တွင် ရုရှားနိုင်ငံသား ၃၅,၀၀၀ မှ ၄၃,၀၀၀ အထိ သေဆုံးခဲ့သည်ဟု ဖော်ပြခဲ့သည်။

“သူတို့ရဲ့ ကိန်းဂဏန်းတွေက မှန်ချင်လည်း မှန်လိမ့်မယ်။ မှန်ချင်မှလည်း မှန်လိမ့်မယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှာ သတင်းရင်းမြစ်တွေရှိတယ်ဆိုရင်တောင် သူ့ရဲ့ ကိုယ်ပိုင်အချက်အလက်တွေက မပြည့်စုံနိုင်ပါဘူး”ဟု Mediazona ၏ အယ်ဒီတာ ထရက်ရှ်ချာနင်က ပြောကြားခဲ့သည်။

ရုရှားစစ်တပ်နှင့် Wagner တပ်ဖွဲ့အပါအဝင် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၏ သေဆုံးသူစုစုပေါင်းကိုခွဲခြားသိရှိရန် အလွန်ခက်ခဲနိုင်ပြီး စာရင်းဇယားများသည် ပိုမိုကောင်းမွန်သည့်ရလဒ်ကို ပေးစွမ်းနိုင်လိမ့်မည်ဟု ၎င်းက ဆိုသည်။

ခြေ၊ လက်အင်္ဂါ ပြတ်တောက်မှုများအပါအဝင် ထိခိုက်သေဆုံးမှုအများအပြားကို ပိုမိုကောင်းမွန်သောရှေ့တန်းစစ်မြေပြင် ရှေးဦးသူနာပြုဆေးဘက်အဖွဲ့များနှင့် တားဆီးနိုင်ခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ထောက်လှမ်းရေးအကဲ ဖြတ်ချင့်တွက်မှုတွင် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် ၁၇ လအတွင်း တစ်ရက်လျှင် ပျမ်းမျှ ထိခိုက်၊ သေဆုံးသူ ၄၀၀ ဝန်းကျင်ခန့် ရှိခဲ့ပြီး ယင်းသည် ယူကရိန်းအနီး နယ်စပ်ဒေသများရှိ အရပ်သားများအတွက် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများကို အား နည်းစေနိုင်မည့် တိုက်ပွဲဝင်ဆေးဘက်ဆိုင်ရာ အဖွဲ့များအတွက် အကျပ်အတည်းတစ်ခုကို ဖန်တီးနေကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ရုရှားတွင် COVID-19 ကပ်ရောဂါကာလအတွင်း ပုံမှန်ထက် ပိုမိုများပြားသည့် သေဆုံးသူအရေအတွက်ကို လေ့လာခဲ့သည့် ဂျာမနီနိုင်ငံ Tübingen တက္ကသိုလ်မှ ဒေတာသိပ္ပံပညာရှင် ဒီမီထရီကိုဘက်သည် ရုရှား၏တ ရားဝင်စာရင်းအင်းအေဂျင်စီ Rosstat ထံမှ ၂၀၂၂ ခုနှစ်အတွက် သေဆုံးမှုအချက်အလက်များကို အသက်အရွယ်နှင့် လိင်ပိုင်းဆိုင်ရာ ခွဲခြားဖော်ပြခဲ့သည့် အချက်အလက်များကို ရရှိခဲ့သည်။

အမွေဆက်ခံမှုဆိုင်ရာအချက်အလက် ခွဲခြမ်းစိတ်ဖြာချက်နှင့် ကိုက်ညီသည့် ကိန်းဂဏန်းတစ်ခုဖြစ်သည့် ၂၀၂၂ ခုနှစ်တွင် အသက် ၅၀ အောက် အမျိုးသား ၂၄,၀၀၀ သည် မျှော်လင့်ထားသည်ထက် ပို၍သေဆုံးခဲ့ကြောင်း ၎င်းက တွေ့ရှိခဲ့သည်။

COVID-19 ကပ်ရောဂါသည် စစ်ပွဲမရှိခဲ့ပင်လျှင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ရုရှားတွင် အမျိုးသား မည်မျှသေဆုံးခဲ့သည်ကို ခန့်မှန်းရခက်စေသည်။ လေ့လာမှု နှစ်ခုစလုံးတွင် ကိုဗစ်ကြောင့် အမျိုးသားများ သေဆုံးမှုနှုန်းသည် အမျိုးသမီးများသေဆုံးမှုနှုန်းထက် ပိုမိုများပြားသည်ဆိုသည့်အချက်ကို အမှန်အတိုင်း ဖြစ်စေရန် ပြင်ဆင်ပေးခဲ့သည်။

“အမျိုးသားနဲ့ အမျိုးသမီးကြား သေဆုံးမှုအရေအတွက် ကွာခြားမှုဟာ ကြုံရာကျပန်း စာရင်းကောက်ယူမှုတစ်ခုတည်းကြောင့် သိသိသာသာ ကွဲပြားနိုင်ပါတယ်”ဟု သြစတြီး ယားရှိ International Institute for Applied Systems Analysis မှ ကျွမ်းကျင်သူ ဆာဂေးရှဟာဘော့ဗ်က သတိပေးခဲ့သည်။

သေဆုံးသူများအဖြစ် တရားဝင်အသိ အမှတ်မပြုသော်လည်း ပျောက်ဆုံးနေသော ရုရှားနိုင်ငံသားများနှင့် Donetsk နှင့် Luhansk သမ္မတနိုင်ငံများဟု ကိုယ်ပိုင်ကြွေးကြော်ထားသောဒေသများတွင် တိုက်ခိုက်နေသည့် ယူကရိန်းနိုင်ငံသားများသည် အဆိုပါသေဆုံး စာရင်းများတွင် မပါဝင်ပေ။

သက်ကြီးပိုင်းအရွယ် အမျိုးသားများ သေဆုံးမှုအပါအဝင် အခြားမသေချာသည့် အချက်အလက်အချို့လည်း ရှိနေသည်ဟု ကိုဘက်က ဝန်ခံခဲ့သည်။

ထို့ပြင် ပျောက်ဆုံးနေသည့် ရုရှားစစ်သားများထဲမှ မည်မျှသေဆုံးခဲ့သနည်းဆိုခြင်းကိုလည်း သိရှိရန် ခက်ခဲလှသည်။ သို့သော် ယင်းအချက်များသည် လေ့လာမှုအပေါ် သက်ရောက်မှု မရှိသလောက် နည်းပါး သည်ဟု ၎င်းက ဆိုသည်။

“လူပေါင်းထောင်ချီရဲ့ အခြေအနေက မသေချာပါဘူး။ အလုံးစုံပြောရရင် တွေ့ရှိတဲ့ ရလဒ်တွေကတော့ ဖြစ်နိုင်ခြေများပါတယ်”ဟု ကိုဘက်က ပြောကြားခဲ့သည်။

ယင်း အကြောင်းအရာနှင့်ပတ်သက်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနကမူ မှတ်ချက်မပေးခဲ့ပေ။

Meduza သည် လတ်ဗီးယားနိုင်ငံ ရီဂါမြို့တွင် ရှစ်နှစ်ကြာ ရုံးဖွင့်ခဲ့သည့် လွတ်လပ်သော ရုရှားပြည်ပြေးမီဒီယာတစ်ခုဖြစ်သည်။

၂၀၂၁ ခုနှစ် ဧပြီလတွင် ရုရှားအာဏာပိုင်များက Meduza ကို ကြော်ငြာဝင်ငွေရရှိရန် ပိုမိုခက်ခဲစေရန် ပြည်ပသူလျှိုအဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ကရင်မလင်က Meduza ကို တရားမဝင် “မလိုလား အပ်သောအဖွဲ့အစည်း”အဖြစ် တားမြစ်ပိတ်ပင်ခဲ့သည်။

ထို့ပြင် ရုရှားအစိုးရသည် လွတ်လပ်သော သတင်းအေဂျင်စီဖြစ်သည့် Mediazona ကိုလည်း ပြည်ပသူလျှိုအဖြစ် တံဆိပ်တပ်ပြီး ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီးနောက် Mediazona ဝက်ဘ်ဆိုက်ကို ပိတ်ပင်ခဲ့သည်။                       Ref: AP

Most Read

Most Recent