မြန်မာ့ပင်လယ်ပြင်မှာ ငါးဖမ်းရာသီကို ဇူလိုင် ၁ ရက်မှ စတင်သတ်မှတ်လိုက်ပြီ ဖြစ်တဲ့အတွက် ပင်လယ်ပြင်အတွင်းကို ကမ်းဝေးငါးဖမ်းလှေများထွက်ခွာနေကြပြီဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်အတွက်ငါးသားပေါက်ရာသီ (Closed Season) ကို ဧပြီ၊ မေ၊ ဇွန်လများအတွင်း သတ်မှတ်ခဲ့သော်လည်း လုပ်ငန်းရှင်များမှ အခက်အခဲဖြစ်နိုင်သည်ဟု တင်ပြခဲ့သည့်အတွက် ကင်းမွန်မီးထွန်းလှေများကို မေလတစ်လ ဖမ်းဆီးခွင့်ပြုခဲ့သလို ကမ်းဝေး (၀ါလတ်) လှေများလည်း ဇွန်လတွင် ၃၀ ရာခိုင်နှုန်းဖမ်းဆီးခွင့်ရကြောင်းသိရပါတယ်။
’’ငါးဖမ်းရာသီစတင်ပြီဆိုတော့ ကမ်းဝေးငါးဖမ်းလှေကြီးတွေ ပင်လယ်ပြင်ကို ရာနှုန်းပြည့်ထွက်ခွာနေပါပြီ။ ဒီနှစ်ငါးရရှိမှု အနေအထားက ခန့်မှန်းလို့မရသေးဘူး။ ဒီရက်ပိုင်းအတွင်းမှာ ငါးတွေအထိအမိနည်းနေတယ်လို့သိရတယ်။ ထိုင်းနိုင်ငံကလည်းမြန်မာနိုင်ငံမှာ ငါးဖမ်းရာသီစတင်ပြီဆိုတော့ ငါးစျေးကွက်ကိုကစားပါပြီ။ ယခင်ပေးထားတဲ့စျေးနှုန်းတွေအောက်ကို တဖြည်းဖြည်း လျှော့ချထားတယ်လို့ကြားရတယ်။ ဒါကလည်းကျွန်တော်တို့လုပ်ငန်းတွေအတွက်အ ခက်အခဲ တစ်ခုပါပဲ။ ရွေးချယ်စရာလည်းမရှိတော့ သွားရောင်းနေရဦးမှာပဲ။ ငါးစျေးမကောင်းဘူးဆိုရင်လုပ်ငန်းပြန်လည်ပတ်ဖို့က အခက်အခဲဖြစ်ပါတယ်’’ လို့ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်အတွင်းရေးမှူး ဦးသက်စိုးကေ ပြာကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ငါးစျေးကွက်မရှိသေးခြင်း၊ မြိတ်မြို့တွင်ရှိပြီးသားငါးလေလံစျေးကြီးပေါ်တွင်လည်း ငါးစျေးကွက်ကိုမြန်မာနိုင်ငံသို့ပြန်ရောက်ရှိအောင်ဆောင်ရွက်နိုင်မှုမရှိသေး ခြင်း၊ လျှပ်စစ်စျေးနှုန်းကြီးမြင့်မှုများကြောင့် ရင်းနှီးမြုပ်နှံမှုများမလာရောက်ခြင်း၊ ငွေလွှဲမူဝါဒများကြောင့် လည်းရေလုပ်ငန်းဖွံ့ဖြိုးမှုအခြေအနေမပေးဖြစ်နေကြောင်း လုပ်ငန်းရှင်များကေ ပြာကြားခဲ့ပါတယ်။
’’ထိုင်းကတော့ ကိုဗစ်ကပ်ရောဂါကာလမှာလည်း အခွင့်ကောင်းယူပြီး စျေးကစားတယ်။ ငါးပုစွန်တွေက သူတို့ ပေးတဲ့စျေးနဲ့ရောင်းရတာလေ။စျေးအရနည်းလို့ဆိုပြီး မြန်မာနိုင်ငံကိုပြန်ယူလာရင်ကျွန်တော်တို့က ဘယ်မှာသွားရောင်းရမလဲ။ စျေးကွက်ကမရှိဘူး။ မြန်မာနိုင်ငံမှာ ငါးစျေးကွက်ရှိနေရင်စျေးကလည်း ကိုယ့် စိတ်ကြိုက်ရောင်းနိုင်မှာဖြစ်သလို ထိုင်းကိုလည်းရွှေ့ပြောင်းလုပ်သားတွေအလုံးအရင်းသွားနေစရာမ လိုတော့ဘူး။ မြိတ်မြို့မှာရှိတဲ့မြန်မာအပြည်ပြည်ဆိုင်ရာ အဆင့်မီငါးလေလံစျေးကြီးကလည်း အစိုးရအ ဆက်ဆက်မှာလျစ်လျူရှုထားခဲ့ကြတယ်။ အခုဆိုရင်ဆယ်စုနှစ် နှစ်စုကျော်လာပါပြီ။ အစိုးရကိုယ်တိုင်ဝင် ရောက်ပြီး ငါးစျေးကွက်ကိုမြန်မာနိုင်ငံကိုရောက်အောင်လုပ်ဆောင်ပေးရင်ငါးစျေးကွက်ကပြန်ရောက် လာမှာပဲ။ အဲဒီငါးလေလံစျေးကြီးကလည်း အစိုးရ၊လုပ်ငန်းရှင်၊နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပူးပေါင်းထားတဲ့ ငါးစျေးကြီးပါ။ ဒီနေ့အထိငါးစျေးကွက်က ထိုင်းမှာရှိနေတုန်းပါပဲ။ ရွှေ့ပြောင်းလုပ်သားတွေကလည်း ထိုင်း မှာအလုပ်သွားရှာနေရတုန်းပါပဲ’’ လို့ ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှာ ငါးသွားရောက်ရောင်းချနေတဲ့ လုပ်ငန်းရှင်တစ်ဦးကပြောကြားခဲ့ပါတယ်။
တနင်္သာရီတိုင်းဒေသကြီးမှာ လျှပ်စစ်မီးစျေးကြီးနေခြင်းကလည်း ရင်းနှီးမြုပ်နှံမှုများဝင်ရောက်လာဖို့ အဟန့်အတားတစ်ခုဖြစ်နေပါတယ်။ ’’ လျှပ်စစ်မီးကတစ်ယူနစ်ကို တစ်ထောင်ကျော်နေတယ်။ အခုစျေးနည်းနည်းကျပေမဲ့ တစ်ထောင်နားမှာပဲရှိနေသေးတယ်။ အအေး ခန်းတွေအနေနဲ့ဒီလိုလျှပ်စစ်မီးစျေးကိုတောင့်ခံပြီး လုပ်ဆောင်နေကြတယ်။ ပြင်ပကရင်းနှီးမြုှပ်နှံတဲ့ သူတွေအနေနဲ့ လျှပ်စစ်မီးစျေးနှုန်းအရဆိုရင်လာရောက်ရင်းနှီးမြုပ်နှံဖို့မကိုက်ဘူး။
လက်ရှိငွေလွဲနှုန်းက ၆၅ ရာခိုင်နှုန်းနဲ့ ၃၅ရာခိုင်နှုန်းသတ်မှတ်ထားတယ်။ ငါးပုစွန်ရောင်းရငွေထဲက ၆၅ ရာခိုင်နှုန်းကိုအစိုးရ သတ်မှတ်ပေးတဲ့စျေးနှုန်းနဲ့လဲရပါတယ်။ကျန်တဲ့ ၃၅ ရာခိုင်နှုန်းကိုတစ်လအတွင်းအသုံးပြုလဲလှယ်ရတဲ့သဘောပါ။ ကျွန်တော်တို့ဆီမှာ လျှပ်စစ်မီးစျေးကြီးမှုကြောင့်အအေးခန်းတွေအကုန်အကျစရိတ်များ ပြားတဲ့အတွက်တစ်နိုင်ငံလုံးတစ်ပြေးညီသတ်မှတ်ထားတဲ့ငွေလဲနှုန်းကိုဖြေလျှော့ပေးဖို့ဝန်ကြီးဌာနကိုတော့တင်ပြထားပါတယ်’’ လို့ ဦးသက်စိုးက ဆက်လက်ပြောကြားခဲ့ပါတယ်။
အဆိုပါအခက်အခဲများကြားမှ ငါးဖမ်းရာသီကို ယခုနှစ်တွင်လည်းလုပ်ငန်းရှင်များရုန်းကန်ရဦးမည်ဖြစ်သလို ရေလုပ်သားများနှင့်အလုပ်အကိုင်အခွင့်အလမ်းတို့အတွက် တောင့်ခံကြရဦးမှာပါ။
’’ အထွက်စရိတ်အရမ်းကြီးနေပြီ။ ဒီဇင်တစ်ပီပါက ငါးသိန်းဝန်းကျင်၊ ရေခဲက ပေါင် ၄၀၀ တစ်တုံးကို တစ်သောင်းကျော်တယ်။ ရေလုပ်သား စရိတ်၊အထွေထွေစားရိတ်တွေက သိန်းရာချီကုန်ပါတယ်။ ပင်လယ်ပြင်ထွက်ရင်ထွက်ခြေကိုက်ဖို့ထက် အလုပ်သမားတွေအခက်အခဲ၊ အလုပ်အကိုင်ရရှိနေဖို့။ ဒါတွေထည့်တွက်နေရတယ်။ လှေ ၁၀ စင်းရှိရင် နှစ်စင်းကအမြတ်ထွက်မယ်။ ကျန်တဲ့ ရှစ်စင်းက အရင်းရမယ်။ ရှုံးရင်ရှုံးမယ်။ ဒါမှမဟုတ်ရာသီပိတ်ရင်လှေထောင့်တင်ပြင်ဆင်စရိတ်လေးကျန်နေဖို့မျှော်လင့်ချက်နဲ့ လုပ်နေရတယ်။ ငါးရလာရင်လည်း ငါးစျေးကွက်မှာ စျေးကောင်းရဖို့လည်း မျှော်လင့်ချက်နည်းတယ်’’ လို့ငါးဖမ်းလှေပိုင်ရှင်တစ်ဦးကပြောကြားပါတယ်။
မြန်မာ့ပင်လယ်ပြင်အတွင်း ငါးသားပေါက်ရာသီကိုတစ်နှစ်လျှင်တစ်လစီ အရှေ့တိုးကာ သတ်မှတ်မည့်မူအတိုင်း ၂၀၂၃ ခုနှစ် ဧပြီမှစတင်ပိတ်သိမ်းခဲ့ပြီးလာမည့် ၂၀၂၄ ခုနှစ် မတ်လမှ စတင်ပိတ်သိမ်းမည့်အနေအထားဖြစ်နေကြောင်းသိရပါတယ်။ ’’ မြန်မာ့ပင်လယ်ပြင်အတွင်းမှာ ရေသတ္တဝါတွေကဒေသအလိုက် ကျက်စားပေါက်ဖွားမှုကွဲပြားသလို ရာသီအချိန်အခါအလိုက်သဘာဝနဲ့ ပင်လယ်ပြင်အတွင်း ကျက်စားပုံတွေမတူပါဘူး။ ကျွန်တော်တို့ကင်းမွန်လုပ်ငန်းအပါအဝင်ကမ်းဝေးလှေကရေလုပ်သားတွေက မိုးရာသီမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်ကြပြီး ပွင့်လင်းရာသီမှာ ငါးဖမ်းလှေလိုက်ပါလေ့ရှိပါတယ်။ မတ်၊ ဧပြီ၊ မေဆိုရင်ပွင့်လင်းရာသီဖြစ်ပြီး ဇွန်၊ ဇူလိုင်၊ သြဂုတ်က ငါးသားပေါက်ရာသီ (မိုးရာသီဖြစ်ပါတယ်) ဖြစ်ပါတယ်။ အခုအနေအထားက ပွင့်လင်းရာသီမှာ ငါးဖမ်းဆီးမှုရပ်နားပြီး မိုးရာသီမှာငါးဖမ်းခွင့်ရသလိုဖြစ်နေပါတယ်။ ကျွန်တော်တို့ကင်းမွန်လုပ်ငန်းတွေက မိုးရာသီဆိုရင်အလိုအလျောက်ရာသီပိတ်သိမ်းပါတယ်။ လာမယ့်နှစ် တွေဆိုရင်မတ်လကစတင်ပြီး ရာသီပိတ်မယ်ဆိုတော့ လုပ်ငန်းလုပ်ကိုင်ချိန်မကျန်တော့သလောက်အ နေအထားဖြစ်သွားမယ်။ ဒါကိုလည်းဝန်ကြီးဌာနကိုတင်ပြထားပါတယ်’’ လို့ မြိတ်ခရိုင်ကင်းမွန်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမင်းမင်းထွန်းက ပြောကြားပါတယ်။
မြန်မာနိုင်ငံရဲ့ပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်တဲ့ ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ မွန်နဲ့ တနင်္သာရီဒေသတွေက ငါးဖမ်းလှေတွေဟာ ယခုနှစ်ငါးဖမ်းရာသီအတွက် ပင်လယ်ပြင်ကိုထွက်ခွာနေကြပါပြီ။ အထက်မှာဆိုခဲ့သလိုအခက်အခဲတွေဖြစ်နေပေမဲ့ တံငါသည်တွေကတော့အချိန်ကျရင်ပင်လယ်ပြင်ကြီးဆီကိုသွားရပါတယ်။ မူဝါဒအပိုင်း၊ ဒေသခံအခက်အခဲ၊ လုပ်ငန်းအခက်အခဲ၊ စျေးကွက်ဖော်ဆောင်ရေး၊ ရင်းနှီးမြုပ်နှံမှုဖိတ်ခေါ်ခြင်းတွေက အစိုးရဌာနတွေကလုပ်ဆောင်ကြပါ လိမ့်မယ်။ ငါးစျေးကွက်ကြီးကတော့တစ်ဘက်နိုင်ငံမှာရှိနေဆဲဖြစ်ပြီး ပေးတဲ့စျေးအတိုင်းရောင်းနေရဦးမှာ ဖြစ်သလိုအလုပ်အကိုင်အခွင့်အလမ်းတစ်ခုအတွက်ရွှေ့ပြောင်းလုပ်သားတွေလည်း အလုံးအရင်းနဲ့ သွားနေရဦးမှာဖြစ်ပါတယ်။ ငါးဖမ်းလှေတွေလည်း အခက်အခဲများနှင့်အတူ ရာသီသစ်မှာလည်း ရုန်းကန် နေရဦးမှာဖြစ်ပါတယ်။