“မျက်နှာကြီးရာ ဟင်းဖတ်ပါ” ကမ္ဘာလေလား

 “မျက်နှာကြီးရာ ဟင်းဖတ်ပါ” ကမ္ဘာလေလား
Published 9 July 2023

(၁)

မကြားသေးသည့်ရက်များအတွင်းက ကမ္ဘာကြီး၏ ရေပြင်ကြယ်သမုဒ္ဒရာထဲတွင် ကြောက်မက်ဖွယ်ရာအဖြစ်ဆိုး အခြေအနေနှစ်ရပ်ဖြစ်ပွားခဲ့၏။ ဖြစ်ရပ်တစ်ခုမှာ တိုက်တန်းနစ်သင်္ဘောကြီး နစ်မြုပ်ရာသို့ သွားရောက်စူးစမ်းသည့် တိုင်တန်ရေငုပ်သင်္ဘောငယ် (Titan submersible) တစ်စင်း မြောက်အတ္တလန္တိတ်ပင်လယ်သမုဒ္ဒရာအောက်၌ ပေါက်ကွဲသွားခြင်းဖြစ်သည်။ လိုက်ပါသွားသူအားလုံး ပျက်စီးသေဆုံးခဲ့ကြသည်။ အစအနကိုပင်ကြိုးကြိုးစားစားရှာဖွေခဲ့ကြရ၏။။  နောက်ထပ်ဖြစ်ရပ်တစ်ခုမှာ အမျိုးသမီးများနှင့် ကလေးငယ်အများစု ပါဝင်သည့် ရွှေ့ပြောင်းဒုက္ခသည် ၆၀၀ ကျော် တင်ဆောင်လာသည့် ငါးဖမ်းစက်လှေတစ်စင်း မြေထဲပင်လယ်ထဲ၌နစ်မြုပ်သွားရသည့် အခြေအနေ။ 

တကယ့် ထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်ရပ်နှစ်ခု။ ပထမဖြစ်ရပ်တွင် ငွေကြေးအမြောက်အမြား အကုန်အကျခံ စူးစမ်းလေ့လာမှုတစ်ခုကို  ပြုလုပ်ခဲ့ကြသည့် သူဌေးကြီးများ၊ ကျွမ်းကျင်သူများ မထင်မှတ်ဘဲ ရုတ်တရက် အသေဆိုးဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ဒုတိယဖြစ်ရပ်မှာ ဆိုးရွားလှသော ဘဝရပ်တည်မှုများကို လွတ်မြောက်လိုသော ရည်ရွယ်ချက်များဖြင့် တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုစကားကိုဆင်ခြင်လျက် ကြိုးစားခဲ့သော်လည်း ”သေချင်တဲ့ကျား တောပြောင်း” အခြေအနေဆိုး ရင်ဆိုင်ရပြီး လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

(၂)

 ဖြစ်ရပ်နှစ်ခုလုံးသည် ကြေကွဲဝမ်းနည်းဖွယ်ရာ အခြေအနေများဖြစ်သည်။ သို့သော် မီဒီယာမျက်နှာများပေါ်တွင် ထိုဖြစ်ရပ်သတင်းနှစ်ပုဒ်အပေါ် အာရုံစူးစိုက်ဖော်ပြမှု၊ သက်ဆိုင်ရာအစိုးရများ၏ တုံ့ပြန်မှုများမတူညီကြပေ။ ဖြစ်ရပ်နှစ်ခုစလုံးသည် ရှုထောင့်တစ်မျိုးမဟုတ်တစ်မျိုးဖြင့် ကြည့်ရှု သုံးသပ်ပါက ကြေကွဲဖွယ်အခြေအနေများဖြစ်နေသော်လည်း ကမ္ဘာကြီး၏ အာရုံစိုက်မှု၊ အလေးထားတုံ့ ပြန် မှုများ က သိသိသာသာကွဲပြားခြားနားနေသည်ကို တွေ့ရသည်။ 

ဤသို့ဆိုလျှင် ကမ္ဘာကြီးပေါ်တွင် အတူတကွ ရှင်သန်နေထိုင်ကြသော လူသားများထဲတွင် အများစုသည် မညီမညာ၊ မမျှမတမှုများဖြင့် သိသိသာသာဆက်ဆံခံနေကြသည်မှာ အမှန်တကယ်လေလော။ ကမ္ဘာကြီးကိုယ်တိုင်က လူသားများအားလုံးအပေါ် မျက်နှာကြီးရာ ဟင်းဖတ်ပါ စိတ်ထား၊ အပြုအမူများဖြင့်ဆက်ဆံနေကြပြီလော။    

(၃)

တိုက်တန်ရေငုပ်သင်္ဘောငယ် (Titan submersible ) ပေါ်တွင် လူချမ်းသာ ဘီလျံနာနှစ်ဦး၊ ၎င်း၏သားတစ်ဦးနှင့်အတူ သင်္ဘောကုမ္ပဏီ၏ အမှု ဆောင်ချုပ် စီအီးအိုနှင့် ကုမ္ပဏီ၏ သုတေသနဒါရိုက်တာတစ်ဦးတို့ ပါဝင်သည်။ ၎င်းတို့ ဦးတည်သွားခဲ့သည့်ခရီးစဉ်မှာ လွန်ခဲ့သည့်နှစ်ပေါင်း ၁၁၁ နှစ်လောက်က ရေအောက်သို့နစ်မြုပ်သွားခဲ့သည့် တိုက်တန်းနစ် (Titanic) သင်္ဘောပျက်ဆီသို့ဖြစ်သည်။ ပင်မသင်္ဘောမှ ဆင်းသက်ပြီး နှစ်နာရီခန့်အကြာတွင် တိုင်တန်ရေငုပ်သင်္ဘောငယ်သည် ၎င်း၏ ပင်ရင်းမိခင်သင်္ဘောနှင့် အဆက်အသွယ်ပြတ်သွားခဲ့သည်ဟုဆိုသည်။ သတင်းသိရခြင်း အမေရိကန်ကမ်းခြေ စောင့်တပ်ကိုအသိပေးကာ  အမေရိကန်နှင့် ကနေဒါကမ်းခြေစောင့်တပ်များနှင့် ရေတပ်များ၊ ဗြိတိန်နှင့်  ပြင်သစ်နိုင်ငံအပါအဝင် အခြားသောနိုင်ငံများ၏ ကမ်းလှမ်းချက်များနှင့်အတူ ကယ်ဆယ်ရေးအကူအညီများကို လျင်မြန်စွာလုပ်ဆောင်ခဲ့ကြသည်။    

ရေအောက်လေ့လာရေးသုံး ဆိုနာနည်းလမ်းတပ်ဆင်ထားသော လေယာဉ်များ (Sonar-equipped planes) ပင်လယ်ရေအောက် ရေငုပ်ကိရိယာများ၊ လေ့ကျင့်သင်ကြားထားသော ရေငုပ်သမားများနှင့် ရှာဖွေရေးသင်္ဘောအမျိုးမျိုးက ထိုရေအောက်ဝန်းကျင်ဧရိယာများဆီ သွားရောက်ခဲ့သည်။ ထိုအချိန်တွင် မီဒီယာများက ရှာဖွေရေးကိစ္စများကို တစ်ပြိုင်နက်ထုတ်လွှင့်၊ ရေးသားဖော်ပြနေကြသည်။ တီဗွီသတင်းများတွင် ရေငုပ်သင်္ဘောငယ်၏ အောက်ဆီဂျင်ဓာတ်ငွေ့ အသုံးခံသည့်ကြာမြင့်ချိန်နာရီကို တွက်ချက်ဖော်ပြနေမှုနှင့်အတူ ကမ္ဘာတစ်ဝန်းရှိ သတင်းစာမျက်နှာဖုံးများတွင်လည်း နောက်ဆုံးအခြေအနေကို ဖော်ပြရင်း အားလုံးက ရလဒ်ကိုရင်တထိတ်ထိတ်ဖြင့် စိုးရိမ်စွာစောင့်ကြည့်နေကြသည့်အခြေအနေဖြစ်သည်။ ကယ်ဆယ်ရေးအတွက် ကုန်ကျစရိတ်ကို တိတိကျကျ မသိရသေးသည့်တိုင် ကနဦးခန့်မှန်းချက်မှာအရ ဒေါ်လာသန်း ၁၀၀ ဝန်းကျင်ရှိသည်ဟု ခန့်မှန်းနေကြသည်။ မည်သည့်ဘတ်ဂျတ်က ခွဲဝေချထားပေးသနည်း။ အခွန်ထမ်းပြည်သူများ ထည့်ဝင်ထားသော အခွန်ငွေများအပေါ်တွင် အခြေပြုမည့် ကုန်ကျစရိတ်ဖြစ်မည်ဟု သုံးသပ်ကြသည်။ 

(၄)

တိုင်တန်းကိစ္စ ရေငုပ်သင်္ဘောငယ်တိုက်တန် (Titan) ပေါက်ကွဲပျက်စီးမှုဖြစ်ပွားပြီး နှစ်ရက်အကြာ ဇွန် ၂၀ ရက်တွင် ဂရိကမ်းခြေကမ်းရိုးတန်း၌  အက်ဒရီယာနာငါးဖမ်းလှေ (Adriana fishing vessel ) နစ်မြုပ်ခဲ့သည့် သတင်းတက်လာသည်။ အက်ဒရီယန်နာပေါ်တွင် လူ ၇၀၀ ကျော်လိုက်ပါသည် ခန့်မှန်း ယူဆနေကြပြီး နစ်မြုပ်သွားချိန်တွင် လူ ၁၀၄ ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့သည်ဟုသိရသည်။ အသက်ရှင်ကျန်ရစ်သူများထဲတွင် အမျိုးသမီးများ၊ ကလေးများမပါရှိဘဲ အမျိုးသားများသာဖြစ်နေသည်။ ဖြစ်ရပ်ကို အခြေအနေကို အကန့်အသတ်ဖြင့်သာဖော်ပြနေသော အက်ဒရီယာနာ ငါးဖမ်း လှေနစ်မြှုပ်မှု သတင်း တွင် အခြေအနေ၊ အချက်အလက်များသည်အကြမ်းဖျင်းလောက်သာဖြစ်သည်။ ကမ္ဘာကြီးသည် တိုက်တန်းနစ်သင်္ဘောပျက်ကို စူးစမ်းလေ့လာရေးခရီးထွက်ခဲ့သည့်  ရေငုပ်သင်္ဘောငယ်ထဲရှိ လူငါးဦး၏ဘဝနှင့် အိပ်မက်များလောက် အက်ဒရီယာနာငါးဖမ်းသင်္ဘောပေါ်ရှိ လူတို့၏ပျောက်ဆုံးသွားသော ဘဝများ၊ မျှော်လင့်ချက်များကို မသိနိုင်ခဲ့ကြ။

အက်ဒရီယာနာငါးဖမ်းလှေပေါ်တွင်လိုက်ပါလာခဲ့သည့် လူများအားလုံးသည် အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ ပါလက်စတိုင်း၊ ပါကစ္စတန်နှင့် အီဂျစ်နိုင်ငံအပါအဝင် စစ်ပွဲများဖြစ်ပွားနေသော ဒေသများ၊ ဆင်းရဲနွမ်းပါးမှုကို ဆိုးရွားစွာ ရင်ဆိုင်နေရသော ရာသီဥတုအပြောင်းအလဲ ဘေးအန္တရာယ်များနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆိုးဆိုးရွားရွားရင်ဆိုင်နေကြသော ဒေသများမှ စိတ်သောကဖိစီးမှုကြီးမားစွာဖြင့် ရွှေ့ပြောင်းလာကြသော ဒုက္ခသည်အများစုဖြစ်နေသည်။  ၎င်းတို့သည် လစ်ဗျားမှနေ၍  ဥရောပတွင်ရှင်သန်ခွင့်ရနိုင်ရေး မျှော်လင့်ချက်ဖြင့် အိုဟောင်းနေပြီဖြစ်သည့် ငါးဖမ်းလှေဖြင့် ရွက်လွှင့်လာခဲ့ကြခြင်းဖြစ်ပေသည်။ 

(၅)

ဂရိကမ်းခြေစောင့်တပ်က အက်ဒရီယာနာ ငါးဖမ်းလှေ၏ ဒုက္ခရောက်နေသည်ကို အလျင်အမြန်သိခဲ့ကြသည်ဟုဆိုသည်။ သို့သော် ကယ်ဆယ်ရန်ကြိုးစားမှုမပြုခဲ့။ ထိုကိစ္စနှင့်ပတ်သက်၍အကူအညီပေးမှု ပြင်းပြင်းထန်ထန်ငြင်းဆိုလျက် ကမ်းလှမ်းချက်များကို ပယ်ချခဲ့ကြောင်း ဂရိအစိုးရအာဏာပိုင်များကမူ ပြင်းပြင်းထန်ထန် ငြင်းဆိုထားသည်။

 သင်္ဘောမနစ်မြုပ်ခင် နှစ်ရက်နီးပါးအချိန်လောက်မျှ ဒုက္ခရောက်နေခဲ့ကြ၏။ သို့သော် ကယ်ဆယ်ရန် နောက်ကျလွန်းသည့် အချိန်အထိပင် အကူအညီ မရခဲ့ကြပေ။ တိုင်တန်ရေငုပ်သင်္ဘောငယ်ထဲရှိ သန်းကြွယ်သူဌေးငါးဦးကို ကယ်တင်ရန် အလျင်စလို လုပ်ဆောင်ခဲ့သည့် အခြေအနေ၏ ၁၀ ပုံ တစ်ပုံမျှဖြင့် ကယ် တင်နိုင်ခဲ့လျှင် လူအရေအတွက်မည်မျှကို ကယ်တင်နိုင်ခဲမည်နည်း စသည်ဖြင့် မချိတင်ကဲ သုံးသပ်မှုများရှိနေသည်။   

(၆)

ရွှေ့ပြောင်းအခြေချခြင်းနှင့် ပတ်သက်ရာတွင် ဥရောပ၏ လူမျိုးရေးခွဲခြားမှုရှုထောင့်ဖြင့် ချဉ်းကပ်မှုသည် အာဖရိက၊ အာရှနှင့် အာရပ်ရွှေ့ပြောင်းနေထိုင်သူများကို ဥရောပနယ်မြေအတွင်းသို့ ဝင်ရောက်ခြင်းမှ တားဆီးခြင်းဖြင့် အစပြုသည်ဟုဆိုသည်။ ယခုအခြေအနေသည် ထိုချဉ်းကပ်မှု၏ အဆုံးသတ်ရလဒ်တစ်ခုဖြစ်သည်။ ထိုပြဿနာသည် ဥရောပဒေသတစ်ခုတည်းနှင့်သက်ဆိုင်သည့် ကိစ္စမဟုတ်ပေ။     အမှန်စင်စစ် ရွှေ့ပြောင်းသွားလာနေထိုင်သူများနှင့်သက်ဆိုင်သည့် ဒေသအသီးသီးက ချမှတ်ထားသော မူဝါဒများသည် အမေရိကန်ပြည်ထောင်စုတွင် ချမှတ်ထားသောမူဝါဒများနှင့် ဆင်တူပေသည်။ အမှန်တကယ်ပင် ကြေကွဲဝမ်းနည်းဖွယ်ကောင်း၏။ အမှန်တကယ် ရာဇဝတ်မှုမြောက်သည့် ကိစ္စများလည်း ဖြစ်၏။ စိတ်ပျက်အားလျော့နေကြသည့် ဒုက္ခသည်များ၊ ရွှေ့ပြောင်းသွားလာနေထိုင်ရန်ကြိုးစားနေသူများသည် မြေထဲပင်လယ်ဒေသကိုဖြတ်ကျော်လာရင်း သေဆုံးသွားခဲ့ သည့် သာဓကများ ရှိခဲ့၏။ ဗဟိုအမေရိက၊ ကာရေဘီယံနှင့် အခြားသောနိုင်ငံများက ထောင်ပေါင်းများစွာသော လူများသည်လည်း အမေရိကန်-မက္ကဆီကို နယ်စပ်တစ်လျှောက်ရှိ သဲကန္တာရကိုကြိုးစားဖြတ်ကျော်ခဲ့ကြရင်း အသက်အန္တရာယ် ထိခိုက်ခဲ့သည်များလည်း  ရှိခဲ့ဖူးသည်။  

(၇)

လူဝင်မှုကြီးကြပ်ရေး မူဝါဒများ ရေးဆွဲရာတွင် ထိုကဲ့သို့လူများကို သက်ဆိုင်ရာနယ်နိမိတ် ပြင်ပသို့ မောင်းထုတ်ခြင်းထက် ဘေးအန္တရာယ်ကင်းရှင်းစေရန် မည်သို့လုပ်ဆောင်မည်ကို အခြေခံသည်ဆိုခဲ့ပါလျှင် လူဦးရေမည်မျှကို ကင်တင်နိုင်စွမ်းရှိမည်နည်း။     တိုင်တန် ရေငုပ်သင်္ဘောငယ်ထဲရှိ ပျောက်ဆုံးသွားသူများကို ကယ်ဆယ်ရေး ကြိုးပမ်းအားထုတ်မှုသည် ဘေးအန္တရာယ်ရင်ဆိုင်နေရသူများကို အရေး တကြီး၊ လျင်လျင်မြန်မြန် ပြုလုပ်ဆောင်ရွက်ရမည်ကိုပြသနေသည်။ အမေရိကန်တာဝန်ရှိသူများအနေဖြင့ ်တိုက်တန် ရေငုပ်သင်္ဘောထဲရှိ ဘီလျံနာ သူဌေးကြီးများကို ကယ်တင်လုပ်ဆောင်သကဲ့သို့ပင် ဘေးအန္တရာယ်ရှိနေသော ဆင်းရဲနွမ်းပါးသူများကိုလည်း ကြိုးစားပမ်းစား လုပ်ဆောင်ပေးသင့်သည်ဟု ဝေဖန်ပြောဆိုလျက်ရှိ နေကြ၏။ ဆင်းရဲ နွမ်းပါးသူများသည်လည်း လူသားများဖြစ်သည်။ သူတို့၏အသက်များသည်လည်း ဘီလျံနာသူဌေးကြီးများ၏ အသက်ကဲ့သို့ပင် အလေးထားစဉ်းစားရမည့်ကိစ္စဟုဆိုရပါလျှင် .... ။ 

Ref:  A Tale Of Two Tragedies At Sea

ကြယ်စင်ဖေသင် 



 

Most Read

Most Recent