အနောက်နိုင်ငံလုပ်လက်နက်သစ်များက ယူကရိန်းအတွက် မည်မျှအကျိုးပြုနိုင်သနည်း

အနောက်နိုင်ငံလုပ်လက်နက်သစ်များက ယူကရိန်းအတွက် မည်မျှအကျိုးပြုနိုင်သနည်း
Photo: AP
Photo: AP
Published 4 July 2023
TRANSLATED- ဖြိုးဟိန်းကျော်

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို စတင်ကျူးကျော်ခဲ့စဉ်က ယူကရိန်းစစ်တပ်သည် တင့်ကားများနှင့် လက်နက်ကြီးများမှသည် ဂျက်တိုက်လေယာဉ်များအထိ ဆိုဗီယက်ခေတ် စစ်လက်နက်များကိုသာ အဓိကအားထားခဲ့ရသည်။

ယင်းလက်နက်များသည် မြို့တော်ကိယက်ဗ်အား သဲကြီးမဲကြီး တိုက်ခိုက်မှုများကို ကာကွယ်ရာတွင် အထောက်အကူပေးနိုင်ခဲ့ပြီး စစ်ပွဲ၏အစောပိုင်းကာလများတွင် လုံးလုံးလျားလျား အရေးနိမ့်ခြင်းမရှိစေရန် တားဆီးပေးနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင်မူအနောက် နိုင်ငံများမှထုတ်သည့် ပိုမိုခေတ်မီသောစစ် လက်နက်များ အပါအဝင် ဒေါ်လာဘီလျံပေါင်းများစွာချီသည့် စစ်ရေးအကူအညီများကို ယူကရိန်းတို့ လက်ခံရရှိခဲ့သည်။

ပိုမိုဆန်းသစ်သော အဆိုပါလက်နက်စနစ်များသည် ယူကရိန်းတို့၏ ကြံ့ကြံ့ခံခုခံတွန်းလှန်နိုင်စွမ်းကို အားဖြည့်ပေးနိုင်ခြင်း ရှိမရှိဆိုသည်နှင့် မည်မျှအတိုင်းအတာအထိ အားဖြည့်ပေးနိုင်မည်နည်းဆိုသည်ကို လတ် တလောတွင် ကနဦးအဆင့်၌သာရှိသေးသည့် ယူကရိန်း၏ တန်ပြန်ထိုးစစ်တွင် မြင်တွေ့ရမည်ဖြစ်သည်။  

“ရုရှားက ယူကရိန်းကို အင်ပြည့်အားပြည့် စတင်ကျူးကျော်ခဲ့ချိန်ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ယူကရိန်းဟာ စစ်လက်နက်မျိုးစုံ ပေါင်းစပ်အသုံးပြုတဲ့ စစ်ပွဲတစ်ရပ်ကို ဆင်နွှဲနိုင်ဖို့အခြေအနေအများကြီးပိုကောင်းနေပြီဖြစ် တယ်”ဟု  မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ(CSIS)မှ ရုရှားရေးရာ လေ့လာသုံးသပ်သူ ဂျော့ဂျ်ဘားရို့စ်က ဆိုသည်။

 

ပစ်မှတ်များကို ချေမှုန်းနိုင်စွမ်း

ခေတ်မီဆန်းသစ်သည့် အမေရိကန်လုပ် High Mobility Artillery Rocket System (HIMARS) ရော့ကက်လောင်ချာစနစ်ကို ယူကရိန်းသို့ ပေးပို့ခဲ့မှုသည် လူအများ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရပြီး ထိုသို့အာရုံစိုက်ခံရသည့် လုံလောက်သော အကြောင်းရင်းလည်း ရှိနေသည်။

ဆောင်းဦးပေါက် တန်ပြန်ထိုးစစ်တွင် ယူကရိန်းတောင်ပိုင်း ခါဆန်မြို့အနီးရှိ တံတားများကို ယူကရိန်းစစ်တပ်ကHIMARS လက်နက်စနစ်ဖြင့် ဖျက်ဆီးပစ်ခဲ့ပြီး ရုရှားတပ်အချင်းချင်း မပူးပေါင်းနိုင်အောင် ပိတ်ဆို့နိုင်ခဲ့သည့်အပြင် ထောက်ပ့ံပို့ဆောင်ရေး လမ်းကြောင်းများကိုလည်း ဖြတ်တောက်နိုင်ခဲ့သည်။ လက်ရှိတွင်HIMARS လက်နက်စနစ်ကြောင့် ယူကရိန်းတို့သည် ကီလိုမီတာ ၈၀ (မိုင် ၅၀) အကွာရှိ ပစ်မှတ်ကို ချေမှုန်းနိုင်စွမ်းရှိပြီး နောက်ပစ်မှတ်များကိုလည်း အလျင်အမြန် ဆက်လက်ချေမှုန်းနိုင်စွမ်း ရှိလာပြီဖြစ်သည်။

ထို့နောက်ပိုင်းတွင် ယူကရိန်းသည် HIMARS ရော့ကတ်လောင်ချာစနစ်ဖြင့် ပစ်ခတ်နိုင်ပြီး ကီလိုမီတာ ၃၀၀ အထိ ပစ်ခတ်နိုင်သော အကွာအဝေးပိုရောက်သည့်ဒုံးကျည်များကို တစိုက်မတ်မတ် တောင်းဆိုလာခဲ့သည်။ သို့သော် အမေရိကန်နှင့် မဟာမိတ်များက ၎င်းဒုံးကျည်များကို ထောက်ပံ့ရန် လက်တွန့်နေခဲ့သည်။

သို့သော် HIMARS ဖြင့် ပစ်ခတ်လျှင် ကီလိုမီတာ ၁၅၀ အကွာအဝေးအထိ ရောက်ရှိနိုင်သည့် Ground-Launched ဗုံးများပေးပို့မည်ဟု ဖေဖော်ဝါရီလထဲတွင် အမေရိကန်က သဘောတူညီခဲ့ပြီး ဗြိတိန်ကလည်း အကွာအဝေး ကီလိုမီတာ ၅၅၀ အထိ ရောက်ရှိနိုင်သော Storm Shadow ခရုစ်ဒုံးကျည်များ ပေးပို့မည်ဟု ကြေညာခဲ့သည်။ ယင်းလက်နက်နှစ်မျိုးစလုံးကို စစ်ပွဲတွင် မြင်တွေ့နေရပြီဖြစ်ကာ ယူကရိန်း၏ တာဝေးပစ်ခတ်နိုင်စွမ်းကို ချဲ့ထွင်နိုင်ခဲ့ပြီဖြစ်သည်။

 

လေကြောင်းရန်ကာကွယ်ရေး

စစ်ပွဲကာလတစ်လျှောက်လုံးတွင် ရုရှားက ယူကရိန်းမြို့ မြို့ကြီးများနှင့် အခြေခံအဆောက်အအုံများကို နေ့စဉ်နီးပါး ဒုံးကျည်များဖြင့် တရစပ် တိုက်ခိုက်ခဲ့သည်။

ယင်းသို့တရစပ် တိုက်ခိုက်မှုများမှ ကာကွယ်ရန် အနောက်နိုင်ငံများက ယူကရိန်းကို ပက်ထရီယော့နှင့် အဗန်ဂျာ လေကြောင်းရန် ကာကွယ်ရေးစနစ်များ ပေးပို့ခဲ့သည်။

ဒုံးကျည်တစ်စင်းလျှင် ဒေါ်လာလေးသန်း တန်ကြေးရှိသည့် ပက်ထရီယော့ ဒုံးကျည်များကို ပိုမိုအင်အားကြီးသော ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်ခြင်းမှ ကာကွယ်ရာတွင် အသုံးပြုပြီး ရုရှားတို့က မကြာခဏ အသုံးပြုလေ့ရှိသော တန်ဖိုးနည်း အီရန်လုပ် ဖောက်ခွဲရေးဒရုန်းများကိုမူ ပိုမိုရိုးရှင်းသည့် လက် နက်များဖြင့်သာ ကာကွယ်လေ့ရှိသည်။

အဆိုပါ လေကြောင်းရန်ကာကွယ်ရေး စနစ်သစ်များ ရှိနေသည့်တိုင် ယူကရိန်းသည် ရုရှား၏ နေ့စဉ်ရက်ဆက် တိုက်ခိုက်မှုများမှ ၎င်းတို့ပိုင်နက်နယ်မြေများကို ကာကွယ်ရန်ရုန်းကန်နေရသည်။

ရုရှားသည် စစ်ပွဲအစောပိုင်းကာလများတွင် စစ်လေယာဉ်အများအပြား ဆုံးရှုံးခဲ့ရပြီးနောက် ၎င်းတို့၏ စစ်လေယာဉ်များကို ထပ်မံမဆုံးရှုံးစေရန် ယူကရိန်း၏ အတွင်းပိုင်းကျသော ပစ်မှတ်များကို ချေမှုန်းရာတွင် တာဝေးပစ်ပဲ့ထိန်းဒုံးကျည်များနှင့် ခရုစ်ဒုံးကျည်များကိုသာ အဓိကအားပြုခဲ့သည်။ ရုရှားအနေဖြင့် ယူကရိန်း လေပိုင်နက်ကို စိုးမိုးထိန်းချုပ်နိုင်ခြင်း မရှိသည်မှာ စစ်ပွဲ၏ အကြီးမားဆုံးအံ့အားသင့်စရာ အခြေအနေများထဲမှ တစ်ခုဖြစ်သည်။

ယူကရိန်းသည်လည်း ဆိုဗီယက်လုပ် ဆူခွိုင်းနှင့် Mig-29 ဂျက်တိုက်လေယာဉ်များနှင့် ဖွဲ့စည်းထားပြီး အင်အားနည်းသည့် ၎င်းတို့လေတပ်ကို ရှေ့တန်းသို့စေလွှတ်ခြင်းမပြုဘဲ ထိခိုက်ဆုံးရှုံးမှုများကို အနည်းဆုံးဖြစ် အောင် လျှော့ချနိုင်ရန် ခပ်လှမ်းလှမ်းမှ ဒုံးကျည်များပစ်ခတ်ရန် အတွက်သာ အသုံးပြုသည်။ ယူကရိန်းတို့က အနောက်နိုင်ငံလုပ် ဂျက်လေယာဉ်များရရှိနိုင်ရန် ကာလကြာမြင့်စွာ အဆက်မပြတ် တောင်းဆိုလျက်ရှိသော် လည်း အချိန်တိုအတွင်း လက်ခံရရှိနိုင်ဖွယ် မရှိပေ။

 

လက်နက်ကြီးပစ်အား

တိုက်ပွဲ၏ဘုရင်ဟု အချိန်ကြာမြင့်စွာ လူသိများခဲ့သည့် လက်နက်ကြီးစနစ်များသည် မည်သည့်စစ်ပွဲတွင်မဆို အရေးပါမှုရှိပြီး ယူကရိန်းစစ်ပွဲတွင်လည်း အထူးပင် အရေးပါနေသည်။ ရုရှားတပ်များသည် ယူကရိန်း တောင်ပိုင်းနှင့် အရှေ့ပိုင်းတစ်လျှောက်တွင် အခိုင်အမာခံစစ်ပြင်ဆင်ထားသည့်အတွက် ၎င်းတို့ကို တိုက်ထုတ်ရန် လက်နက်ကြီး အင်အားကို အလုံးအရင်း အသုံးပြုရပေလိမ့်မည်။

လက်နက်ကြီးများဖြင့် အဆောက်အအုံများနှင့် ရန်သူ့လက်နက်များကို သင့်တင့်သည့် အကွာအဝေးမှ ဖျက်ဆီးပစ်နိုင်ပြီး ရန်သူ့တပ်များ ကစဥ့်ကလျား ဆုတ်ခွာသွားအောင်လည်း ဖိအားပေးနိုင်မည်ဖြစ်သည်။ တန်ပြန်ထိုးစစ် အစပြုသည့်  ဇာပိုရီရှားမြို့ အနီးတစ်ဝိုက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ယူကရိန်းစစ် တပ်ကလက်နက်ကြီးပစ်အား အကြီးအကျယ် အသုံးပြုလျက်ရှိသည်။

ယူကရိန်းအနေဖြင့် လက်နက်ကြီးပစ်အားကို အပြင်းအထန်အသုံးပြု၍ တန်ပြန်ထိုးစစ် စတင်ခဲ့သော်လည်း လက်ရှိတွင် အမေရိကန်လုပ် M777s နှင့် ဂျာမန်လုပ် Panzerhaubitze ဟောင်ဝှစ်ဇာအမြောက်များကိုပါ ပိုင်ဆိုင်ထားပြီဖြစ်ပြီး ယင်းလက်နက် စနစ်နှစ်မျိုးစလုံးသည် စစ်ပွဲစတင်ချိန်က အသုံးပြုခဲ့သည့် လက်နက်ကြီးများထက် ခွင်းအားပိုမိုကောင်းမွန်ပြီး တိကျမှုပိုရှိသည်။

 

တင့်ကားများနှင့် သံချပ်ကာယာဉ်များ

ယူကရိန်းအနေဖြင့် ရုရှားခံစစ်ကြောင်းများကို ထိုးဖောက်မည်ဆိုလျှင် တင့်ကားနှင့် အခြားတိုက်ခိုက်ရေး ယာဉ်များ၏ ထိမိပြင်းထန်သော အင်အားကို လိုအပ်မည်ဖြစ်ကြောင်း ဘားရို့စ်ကဆိုသည်။

လက်ရှိအချိန်အထိ လက်ခံရရှိထားသော ဂျာမန်လုပ် Leopard နှင့် ဗြိတိန်လုပ် Challenger ကဲ့သို့ တင့်ကားမိုဒယ်အများအပြား ပါဝင်သည့် တင့်ကားများသည် စစ်ပွဲအစပိုင်းတွင် ယူကရိန်းတို့ အားထားခဲ့ရသည့် ဆိုဗီယက်ဒီဇိုင်းထုတ် T-64 နှင့်T-72 တင့်ကားများထက် ပိုမိုခေတ်မီဆန်းသစ်သည်။

၎င်းတို့သည် သံချပ်ကာပိုင်းတွင် သိသိသာသာ ပိုမိုကောင်းမွန်သကဲ့သို့ ရုရှားတင့် ကားများထက်လည်း ပစ်ခတ်ချေမှုန်းနိုင်စွမ်း ပိုမိုတိကျသည်ဟု ဆယ်စုနှစ်သုံးခုကျော် အတွေ့အကြုံရှိပြီး အမေရိကန်၏ ဆိုဗီယက် ယူနီယံရေးရာ လေ့လာသုံးသပ်သူဟောင်း ခရိတ်ကာတီယာက ပြောကြားသည်။

ယခင်က ယူကရိန်းတို့ အသုံးပြုခဲ့သည့် ဆိုဗီယက်ခေတ် သံချပ်ကာယာဉ်များနှင့် နှိုင်းယှဉ်လျှင် လိုက်ပါလာသည့် တပ်ဖွဲ့ဝင်များကို ပိုမိုအကာအကွယ်ပေးနိုင်ပြီး ပစ်အားပိုကောင်းသည့် ဘရက်ဒလေ တိုက်ခိုက်ရေးယာဉ်များကို အမေရိကန်က ယူကရိန်းအတွက် ပေးပို့ခဲ့သည်။

၎င်းတင့်ကားများနှင့် သံချပ်ကာတိုက်ခိုက်ရေးယာဉ်များသည် ရန်သူကို ကြီးမားသော ထိခိုက်ဆုံးရှုံးမှုများ ဖြစ်စေနိုင်ပြီး ရန်သူ့လက်နက်စနစ်များကို ချေမှုန်းနိုင်ကာ တန်ပြန်ထိုးစစ်တစ်ရပ်အတွက် တန်ဖိုးမဖြတ်နိုင် သည့် အရာများပင်ဖြစ်သည်။

 

လေ့ကျင့်သင်ကြားမှု

သို့ရာတွင် ယူကရိန်း၏အောင်ပွဲအတွက် အရေးအပါဆုံးသည် ယူကရိန်းကိုယ်တိုင်ပင် ဖြစ်သည်။ အနောက်နိုင်ငံများက ပံ့ပိုးထားသည့် စစ်လက်နက်များသာမက ယူကရိန်းတပ် ဖွဲ့ဝင်များ၏ တိုက်ပွဲအတွေ့အကြုံနှင့် လေ့ကျင့်မှုတို့သည်လည်း ကြောက်မက်ဖွယ် အင်အားကို ဖြစ်စေသည်ဟု အကဲခတ်များက ဆိုသည်။

ယူကရိန်းတို့သည် စစ်လက်နက်များနှင့် စစ်နည်းဗျူဟာများကို ကျွမ်းကျင်ပိုင်နိုင်ကြောင်း လက်တွေ့ပြသခဲ့ရုံသာမက လေကြောင်းရန် ကာကွယ်ရေးနှင့်ပတ်သက်၍ တစ်ဖက်ကမ်းခပ် စွမ်းရည်များကိုလည်း ပြသခဲ့သည်ဟု ကာတီယာက သုံးသပ်ခဲ့သည်။

အိမ်နီးချင်းနိုင်ငံများနှင့် ဗြိတိန်၊ ဂျာမနီကဲ့သို့ နိုင်ငံများတွင် ယူကရိန်းတပ်ဖွဲ့ဝင်များကို ခြေလျင်တပ်ဆိုင်ရာ စစ်နည်းဗျူဟာများနှင့် Challenger-2 တင့်ကားကဲ့သို့ အထူးစစ်လက်နက်ပစ္စည်းများ အသုံးပြုပုံနှင့် ပတ်သက်၍ လေ့ကျင့်သင်ကြားပေးခဲ့သည်။        

Ref: AP

Most Read

Most Recent