(၁) ၂၁ ရာစု ကမ္ဘာ့စီးပွားရေးသည် ပညာရှင်များ မျှော်လင့်ထားသည်ထက် ပို၍နှေးကွေးလာလိမ့်မည်။ လာမည့်ဆယ်စုနှစ်များအတွင်း နိုင်ငံများ၏ စီးပွားရေးအခြေအနေသည် ရာသီဥတုပြောင်းလဲမှုများနှင့် လိုက်လျောညီထွေစွာ လုပ်ဆောင်နိုင်မှုများအပေါ် မူတည်လိမ့်မည် စသည်ဖြင့် သုတေသနအသစ်တစ်ခုက တွေ့ရှိချက်များကို ဖော်ထုတ်ထားသည်။ ဝင်ငွေအဆင့်အုပ်စု လေးခု ခွဲခြားထားသည့် နိုင်ငံများ၏ အချက်အလက်များကို အသုံးပြု၍ ကမ္ဘာ့စီးပွားရေးအနာဂတ်ကို ခန့်မှန်းထားသည့် အဆိုပါလေ့လာမှုအရ ယခုရာစုနှစ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးသည် ခန့်မှန်းထားသည်ထက် ပို၍နှေးကွေးလိမ့်မည်။ ဆင်းရဲသောနိုင်ငံများကြားနှင့် ချမ်းသာသောနိုင်ငံများကြား ဓနဥစ္စာကြွယ်ဝမှုကွာဟချက် လျော့နည်းစေရေးအားထုတ်မှုများနှင့် ချမ်းသာသောနိုင်ငံများ၏ ဝင်ငွေအဆင့်သို့ ချဉ်းကပ်လိုက်မီနိုင်ရေးအတွက် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လုပ်ဆောင်မှုများသည် ယခင်က ထက် အချိန်ပို၍ယူကြရလိမ့်မည်။
(၂) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနဂျာနယ် Communications Earth & Environment တွင် ဖော်ပြထားသော လေ့လာမှုအရ စီးပွားရေးပညာရှင်များ ထင်မြင်ထားသည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအဆိုးဆုံးအခြေအနေသည် အမှန်တကယ်ပင် အနီးစပ်ဆုံးအခြေအနေတစ်ခု ဖြစ်နိုင်သည်ဟုဆိုသည်။ နိုင်ငံအစိုးရများအနေဖြင့် အနာဂတ်ကာလများတွင် ပိုမိုနှေးကွေးလာနိုင်သည့် စီးပွားရေးအခြေအနေများအတွက် ယခုအချိန်မှပင် ကြိုတင်ပြင်ဆင်မှုများစတင်လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ လာမည့် ဆယ်စုနှစ်များအတွင်း ပြောင်းလဲလာသော ရာသီဥတုများနှင့် လိုက်လျောညီထွေစွာ ရပ်တည်နိုင်ရေးအတွက် ချမ်းသာကြွယ်ဝသည့် နိုင်ငံများက ဝင်ငွေနိမ့်ဖွံ့ဖြိုးဆဲ နိုင်ငံများကို ဘဏ္ဍာငွေကြေး အ ထောက်အပံ့ ပိုမိုပေးရန်လိုအပ်လာနိုင်ကြောင်းကိုလည်း လေ့လာသူမျာက သုံးသပ်ပြောကြားထားသည်။
“ပြောင်းလဲလာတဲ့ ရာသီဥတုအခြေအနေတွေနဲ့ လိုက်လျောညီထွေစွာဖြစ်ဖို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဘဏ္ဍာရေးအကူအညီတွေ သိသိသာသာတိုးမြင့်ပေးဖို့လိုအပ်လာနိုင်တယ်။ ဒါ့အပြင် ဖွံ့ဖြိုးပြီး ချမ်းသာတဲ့နိုင်ငံတွေအနေနဲ့ လက်ရှိ ဘဏ္ဍာရေးအခြေအနေအရ အနာဂတ်ကာလမှာ ဘဏ္ဍာရေးအကူအညီတွေ ပေးနိုင်စွမ်းကို ပိုပိုသာသာ ခန့်မှန်းလုပ်ဆောင်နေတာတွေကို သတိပြုသင့်တယ်။ ဒါ့အပြင် လုပ်ဆောင်နိုင်တဲ့ နယ်ပယ်တွေနဲ့ပတ်သက်လို့လည်း အနီးစပ်ဆုံး တိတိကျကျဖြစ်ဖို့ ပိုပြီးလက်တွေ့ကျတဲ့ နည်းလမ်းတွေကိုသုံးဖို့ လိုပါလိမ့်မယ်” ဟု လေ့လာမှုတွင် ပါဝင်သည့် ကော်လိုရာဒိုတက္ကသိုလ်၊ သဘာဝပတ်ဝန်းကျင်လေ့လာရေးဌာန၏ လက်ထောက်ပါမောက္ခနှင့် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အနာဂတ်များဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ မက်ဘာဂတ်စ် (Matt Burgess) ကဆိုသည်။
(၃) မက်ဘာဂတ်စ် (Matt Burgess) နှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်များက လေ့လာမှုအတွက် စီးပွားရေးခန့်မှန်းချက်ပုံစံ (Economic Model) နှစ်မျိုးကို အသုံးပြုခဲ့ကြသည်။ လာမည့်ရာစုနှစ်အတွင်း ကမ္ဘာ့စီးပွားရေး မည်ရွေ့မည်မျှ ကြီးထွားလာနိုင်မည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ချမ်းသာကြွယ်ဝသော နိုင်ငံများ၏ဥစ္စာဓနပိုင်ဆိုင်မှုအဆင့်သို့ ရောက်ရှိနိုင်ရေး မည်သို့မည်ပုံ အလျင်အမြန်ချဉ်းကပ်လုပ်ဆောင် နိုင်မည်တို့ကို ခန့်မှန်းနိုင်ရေးအတွက် ထိုခန့်မှန်းချက်ပုံစံနှစ်မျိုးကို အသုံးပြုခဲ့ကြခြင်းဖြစ်သည်။
လေ့လာမှုတွင် ကမ္ဘာ့စီးပွားရေး ဆက်လက်တိုးတက်နေမည်ဟု ရလဒ်အဖြေထွက်ခဲ့သော်လည်း တိုးတက်မှုအခြေအနေများသည် စီးပွားရေးပညာရှင်အများစု မျှော်လင့်ထားသည်ထက် ပို၍နှေးကွေးမည်။ ဆင်းရဲသောနိုင်ငံများနှင့် ချမ်းသာသောနိုင်ငံများအကြား ဝင်ငွေကွာဟမှုမှာလည်း ပို၍ကြီးမားလာလိမ့်မည်ဟူသော ခန့်မှန်းချက်ကိုတွေ့ရသည်။ ဆင်းရဲနွမ်းပါးသော နိုင်ငံများသည် ပြောင်းလဲဖြစ်ပေါ်လာနေသော ရာသီဥတုများနှင့် လိုက်လျောညီထွေစွာရှိလျက် ကမ္ဘာ့စီးပွားရေးနယ်ပယ်အတွင်း ရှင်သန် ရပ်တည်နိုင်ရေးမှာ ချမ်းသာကြွယ်ဝသော နိုင်ငံများထံမှ ဘဏ္ဍာရေး အထောက်အပံ့များ ပိုမိုလိုအပ်လာမည်။ စီးပွားရေးအင်အားကြီး နိုင်ငံများတွင် ကိုယ်ပိုင်ဘဏ္ဍာရေး ပြဿနာများကိုလည်း ဆက်လက်ပေါ်ပေါက်လာနိုင်သည ်။ ယခုနှစ် နွေဦးရာသီ၌ အမေရိကန်နိုင်ငံကြုံတွေ့ခဲ့ရသည့် ကြွေးမြီပမာဏ သတ်မှတ်ရေးနှင့်ပတ်သက်သည့် အကျပ်အတည်း (Debt ceiling crises) အခြေအနေမျိုးကို နိုင်ငံများ၌ ယခင်ကထက် ပိုမိုအဖြစ်များလာနိုင်သည်ဟု သုံးသပ်ထားသည်။
(၄) ကျွန်ုပ်တို့ထင်ထားသည်ထက် တိုးတက်မှုပိုမိုနှေးကွေးခြင်းဆိုသည်မှာ ကျွန်ုပ်တို့ မျှော်လင့်ထားသည်ထက် လိုငွေပမာဏ ပိုမိုမြင့်မားလာခြင်းဖြစ်သည်ဟု လက်ထောက်ပါမောက္ခ မက်ဘာဂတ်စ် (Matt Burgess) က ရှင်းပြသည်။
“ဆိုလိုတာက ကြွေးမြီတွေဟာ အချိန်ကြာလာတာနဲ့အမျှ ပိုပြီး လက်မခံနိုင်စရာ၊ ပိုပြီးအငြင်းပွားဖွယ်ရာဖြစ်လာလိမ့်မယ်။ နိုင်ငံ့စီးပွားရေးမှာ ယခင်ကထက် ပိုသတိထားရမယ့်ကိစ္စဖြစ်လာမယ်။ အစိုးရ ကြွေးမြီပမာဏ သတ်မှတ်ချက်များနဲ့ပတ်သက်ရင်လည်း အဖွဲ့အစည်းများကြားမှာ အချေအတင် ငြင်းခုံဆွေးနွေးမှုတွေ၊ ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်မှုတွေလည်း မကြာခဏဖြစ်လာနိုင်တယ်” ဟုလည်း ၎င်းက ဆက်လက်မှန်းဆသုံးသပ်၏။
(၅) ကမ္ဘာ့စီးပွားရေး ယခုကဲ့သို့ ခက်ခဲကျပ်တည်းနေချိန်တွင် သုတေသနလေ့လာမှုများမှ ပေါ်ထွက်လာသည့် အနာဂတ် ကမ္ဘာ့စီးပွားရေး နှေးကွေးနိုင်သည်ဟူသော ကောက်ချက်ချ သုံးသပ်မှုများသည် မျှော်လင့်ချက်ဖြင့် လှုပ်ရှားရုန်းကန်နေကြသော နိုင်ငံများအတွက် အားလျော့စိတ်ပျက်မှုများဖြစ်လာနိုင်သကဲ့သို့ အခက်အခဲများမှ ရုန်း ထွက်နိုင်ရေး နည်းလမ်းသစ်များရှာဖွေမှုအတွက် စေ့ဆော်တွန်းအားပေးမှုများလည်း ဖြစ်လာနိုင်သည်။ မိမိတို့နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သာမက ဖွံ့ဖြိုးဆဲနိုင်ငံများကို ကူညီထောက်ပံ့မှုပြုနေကြရသည့် နိုင်ငံများအနေဖြင့် ဘဏ္ဍာရေးလုံခြုံမှုကို ပိုမိုအလေးထား အာရုံစိုက်ရန် လိုအပ်သည်ဟု သုတေသီတို့က ရှုမြင်ကြသည်။
(၆) “လူသားသည် မျှော်လင့်ချက်ဖြင့် အသက်ရှင်သည်” ဆိုသော စကားအတိုင်း ကမ္ဘာ့စီးပွားရေး မည်မျှပင် ဆိုးရွားနေစေကာမူ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအကြောင်း စိတ်ဝင်တစားရှိနေကြဆဲ၊ ဆွေးနွေးပြောဆိုနေကြဆဲ။ နယ်ပယ်အသီးသီးမှ ပညာရှင်များ၊ သုတေသီများကလည်း သုတေသန နည်းလမ်း အမျိုးမျိုးဖြင့် အဖြေရှာနေကြဆဲဖြစ်သည်။ လက်ထောက်ပါမောက္ခ မက်ဘာဂတ်စ် (Matt Burgess) က “ကျွန်ုပ်တို့သည် ဖွံ့ဖြိုးတိုးတက်မှု လျော့ကျသွားခြင်း၊ မညီမမျှပိုမိုဖြစ်လာခြင်းအကြောင်းတို့ကို ပြောဆိုနေကြစဉ်မှာပင် ယနေ့ကမ္ဘာကြီးထက် ပိုမိုကြွယ်ချမ်းသာသော အနာဂတ်ကမ္ဘာကြီးအကြောင်း၊ နိုင်ငံများအကြား ပို၍ ညီမျှမှုရှိလာမည့် ကမ္ဘာကြီးအကြောင်းတို့ကို စိတ်ဝင်တစား ဆက်လက်ပြောဆို ဆွေးနွေးနေကြဆဲဖြစ်သည်ဟု ဆိုသည်။
(၇) ၂၁ ရာစုကမ္ဘာသည် အတိတ်ကာလအခြေအနေနှင့် လုံးဝမတူ ကွာခြားသွားခဲ့ပြီ။ ထူးထူးဆန်းဆန်း အဖျက်အဆီးများ၊ ဆန်းဆန်းပြားပြားတီထွင်မှုများသည် ကမ္ဘာကြီးနှင့် လူသားတို့အတွက် အကောင်းနှင့်အဆိုး ရောပြွှမ်းလျက်ရှိနေစေတော့သည်။ ကမ္ဘာ့နိုင်ငံအများစုသည် အမျိုးမျိုးသောပြဿနာများ၊ ပဋိပက္ခများ၊ အခက်အခဲများဖြင့် ရုန်းကန်နေကြရဆဲမှာပင် အနာဂတ် ကမ္ဘာ့စီးပွားရေး လေးလံနှေးကွေးနိုင်ကြောင်း မှန်းဆချက်ပေါ် ထွက်လာခဲ့ခြင်းဖြစ်၏။ ထိုမှန်းဆချက်သည် အားလုံးအတွက် ကြိုကြိုတင်တင် ထပ်မံ ပြင်ဆင်နိုင်ရေး တပ်လှန့်နှိုးဆော်သံပင်ဖြစ်ပေလိမ့်မည်။
https://www.eurasiareview.com/