စာရင်းအင်းပညာဌာန (Department of Statistics) နှင့် မြန်မာနိုင်ငံ သုတေသနအသင်း (Burma Research Society)

စာရင်းအင်းပညာဌာန (Department of Statistics) နှင့် မြန်မာနိုင်ငံ သုတေသနအသင်း (Burma Research Society)
Published 2 July 2023
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

၁၉၇၉ ခုနှစ်တွင် စာရေးသူသည် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ မန္တလေးမြို့ (မန္တလေး အထက-၁) သို့ ကျောင်း တက်ရောက်ပြီး ဒသမတန်း (၁၀ တန်း) စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ပါသည်။ ထို့နောက် မန္တလေးဒေသ ကောလိပ်တွင် ပထမနှစ်နှင့် ဒုတိယ နှစ် တက်ရောက်ဖြေဆိုအောင်မြင်ခဲ့ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ် စာရင်းအင်းပညာ အထူးပြု တတိယနှစ်တွင် စတင်ပညာသင်ယူခဲ့ရပါသည်။

၁၉၈၂ ခုနှစ်ခန့်မှ စတင်ပြီး စာရင်းအင်းပညာဘာသာရပ်ကို လေ့လာသင်ယူခြင်း၊ သင်ကြားပြသ ပေးခြင်းတို့အား ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်ကာလအထိပင် ဖြစ်ပါသည်။ ထို့ကြောင့် စာရေးသူအနေဖြင့် စာရင်းအင်းပညာနှင့် ပတ်သက်ပြီး လေ့လာသင်ယူသင်ကြားခဲ့သည့် ကာလသည် နှစ်ပေါင်း ၄၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။

စာရေးသူအနေဖြင့် ဆောင်းပါး၏ခေါင်းစဉ်အမည်ကို စာရင်းအင်းပညာဌာန (Department of Statistics) နှင့် မြန်မာနိုင်ငံ သုတေသနအသင်း (Burma Research Society) အဖြစ် ဖော်ပြထားရှိပါသော်လည်း စာရင်းအင်းပညာဘာသာရပ်အကြောင်းအရာများနှင့် သုတေသနဘာသာရပ်အကြောင်းအရာများကို ရှင်းလင်းတင်ပြမည် မဟုတ်ပါ။ စာရေးသူ စာရင်းအင်းပညာဘာသာရပ်ကို လေ့လာသင်ယူသင်ကြားခဲ့ရသည့် စာရင်းအင်း ပညာဌာနနှင့် စာရေးသူ ရန်ကုန် စီးပွားရေးတက္ကသိုလ်သို့ ကျောင်းသားအဖြစ် ရောက်ရှိချိန် မတိုင်မီ ပျက်သုဉ်းပျောက်ကွယ်သွားခဲ့သည့် မြန်မာနိုင်ငံ သုတေသနအသင်း အကြောင်းအရာများကို စာရေးသူ လက်လှမ်းမီသမျှ မေးမြန်းစုံစမ်းသိရှိရသမျှ သတင်းအချက်အလက်များကို အခြေခံကာ စာရေးသူ၏အမြင်သက်သက်ဖြင့် ရှင်းလင်းတင်ပြမည် ဖြစ်ပါသည်။

စာရေးသူသည် ၂၀၂၂ ခုနှစ် ဧပြီလ ၄ ရက်တွင် ထုတ်ဝေသည့် Weekly ELEVEN News, No.15,Vol.17 တွင် “စာရင်းအင်းပညာ သုတေသနနှင့် ဉာဏ်ပညာတို့၏ အဆက်အစပ် (Statistics, Research and Wisdom)” ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ရေးသား တင်ပြခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ဆောင်းပါးအား ယခုတင်ပြမည့် ဆောင်းပါးနှင့် တွဲဖက် ဖတ်ရှုလေ့လာရန် အကြံပြုတင်ပြအပ်ပါသည်။

စာရေးသူ ငယ်ရွယ်စဉ်ကတည်းကပင် စာရေးသူ၏ မိခင်နှင့် ဖခင်တို့သည် စာရေးသူအား အမြဲဆုံးမပြောဆိုသည့်စကားမှာ လူ့လောကတွင် အတတ်ပညာ၊ အသိပညာ၊ ဉာဏ်ပညာတို့ထက် တန်ဖိုးရှိသောအရာ မရှိဆိုသည့် သဘောတရားဖြစ်ပါသည်။ ထို့ကြောင့်လည်း အတတ်ပညာ၊ အသိပညာ၊ ဉာဏ်ပညာတို့နှင့်ပတ်သက်ပြီး လေ့လာသင်ယူနိုင်စေရန်နှင့် လူအများလက်လှမ်းမီရရှိနိုင်စေရန် တန်ဖိုးထားလေးစားမြတ်နိုးသည့် အားလျော်စွာ စာရေးသူ၏ စိတ်တွင်လည်း အတတ်ပညာ၊ အသိပညာ၊ ဉာဏ်ပညာများကို ရရှိနိုင်စေရန် ဖြန့်ဖြူးပေးသည့် နေရာ၊ ဌာနများသို့ ရောက်ရှိလျှင် ၎င်းတို့၏ အသွင်သဏ္ဌာန် လက္ခဏာရပ်များနှင့် အငွေ့အသက်တို့မှာ စာရေးသူ၏စိတ်တွင် အလိုအလျောက်သိမြင် ခံစားရခြင်းဖြစ်လေ့ရှိပါသည်။

အလျဉ်းသင့်သဖြင့် စာရေးသူ၏ အတွေ့အကြုံကို ဝေမျှလိုပါသည်။ စာရေးသူနှင့် စာရေးသူ၏မိတ်ဆွေတစ်ဦးတို့သည် အမေရိကန်ပြည်ထောင်စု ဆန်ဟိုးဆေး စတိတ်တက္ကသိုလ်တွင် စာတမ်းဖတ်ကြားရန်အတွက် မြန်မာနိုင်ငံမှ သွားရောက်ခဲ့ကြရာ မြန်မာနိုင်ငံရှိ ခရီးသွားလာရေး ကိုယ်စားလှယ်များက ဆန်ဟိုးဆေးစတိတ်တက္ကသိုလ်နှင့် စာရေးသူတို့ တည်းခိုနေထိုင်ရမည့်ဟိုတယ်ကို မြေပုံပေါ်တွင်ကြည့်ကာ အလွန်နီးကပ်စွာ တည်ရှိနေသည်ဟုဆိုကာ စီစဉ်ပေးခဲ့ပါသည်။ တည်းခိုမည့်ရက်များအတွက် ဟိုတယ်ခများကိုလည်း မြန်မာနိုင်ငံမှာကတည်းက ပေးချေခဲ့ပြီး ဖြစ်ပါသည်။

ည ၁၁ နာရီခန့်တွင် ဟိုတယ်သို့ရောက်ရှိပြီး နောက်တစ်နေ့ နံနက် တစ်နည်းအားဖြင့် စာတမ်းဖတ်ပွဲမတိုင်မီ တစ်ရက်အလိုတွင် စာရေးသူတို့သည် ဆန်ဟိုဆေးစတိတ်တက္ကသိုလ်သို့ ရောက်ဖူးခြင်း မရှိသဖြင့် ကြိုတင်လေ့လာနိုင်စေရန်အလို့ငှာ ဟိုတယ်တာဝန်ရှိသူထံ အကူအညီတောင်းခံပြီး ဟိုတယ်က စီစဉ်ပေးသည့် အငှားကားဖြင့် ထွက်ခဲ့ကြပါသည်။

အငှားကားမောင်းသူသည် မြေပုံတွင် လမ်းညွှန်ထားသည့်အတိုင်း ဆန်ဟိုးဆေးစတိတ်တက္ကသိုလ်သို့ မောင်းနှင်ခဲ့ရာ ကားမောင်းသူသည် ဆန်ဟိုးဆေးစတိတ်တက္ကသိုလ်၏ တည်နေရာကို အတိအကျ အသေ အချာ မသိသူတစ်ဦး ဖြစ်နေပါသည်။ ထို့ပြင် ကားမောင်းသူသည် အင်္ဂလိပ်စာ မကျွမ်းကျင်သည့် စပိန်လူမျိုးတစ်ဦးဖြစ်နေရာ စာရေးသူက မြေပုံကိုပြပြီး တည်နေရာကို ညွှန်ပြသည့်အခါတွင် ကားဆရာက သူ့အား လက်ဖြင့်ညွှန်ပြရန် ကိုယ်ဟန် အမူအရာဖြင့် ပြောပြရာ စာရေးသူတို့မှာ အခက်တွေ့လျက်ရှိနေပါသည်။

ကားဆရာအား အနီးအနား (အနီးတစ်ဝိုက်) တွင် လှည့်လည် မောင်းစေခဲ့ရာ ဆန်ဟိုးဆေးစတိတ် တက္ကသိုလ်အနီးသို့ ရောက်သည့်အခါ စာရေးသူ၏စိတ်တွင် တက္ကသိုလ်၏ အငွေ့အသက်ကို ခံစားရရှိလာပါသဖြင့် ကားပေါ်မှဆင်းပြီး မေးမြန်းစုံစမ်းကြည့်ရာ အမှန်တကယ် ဆန်ဟိုးဆေးစတိတ်တက္ကသိုလ် အနီးသို့ရောက်ရှိနေပြီ ဖြစ်ပါသည်။ စာရေးသူတို့သည် ကားပေါ်မှဆင်း ပြီး အနီးတွင်ရှိ မာတင်လူသာကင်း ဂျူနီယာ စာကြည့်တိုက်ကို လှည့်လည် လေ့လာ ကြည့်ရှုကြပြီး စာရေးသူက စာရေးသူ ရေးသားထုတ်ဝေထားရှိသည့် စာအုပ်ငယ်လေး နှစ်အုပ်ကို မာတင်လူသာကင်းဂျူနီယာ စာကြည့်တိုက်သို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆန်ဟိုးဆေးစတိတ် တက္ကသိုလ်ကိုလည်း အလွယ်တကူ ရောက်ရှိခဲ့ကြပါသည်။

၁၉၈၂ ခုနှစ်ခန့် စာရေးသူ ရန်ကုန်စီးပွားရေးတက္ကသိုလ်သို့ စာရင်းအင်းပညာဘာသာရပ်များကို လေ့လာသင်ယူရန်အတွက် ရောက်ရှိသည့်အချိန်တွင်မူ အတတ်ပညာ၊ အသိပညာ၊ဉာဏ်ပညာ များကို ရရှိနိုင်စေရန် ဖြန့်ဖြူးပေးသည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ အသွင်သဏ္ဌာန် လက္ခဏာရပ်များနှင့် အငွေ့အသက်တို့မှာ စာရေးသူအနေနှင့် သိမြင်ခံစားရသည်မှာ အတော်ပင် ချို့ယွင်းပျက်စီးလျက်ရှိနေပါသည်။ စာဖတ်သူများ အလွယ်တကူ သိမြင်နားလည်စေရန် အနည်းငယ်ရှင်းလင်းတင်ပြပါမည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်သည် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် (ရန်ကုန်တက္ကသိုလ်) နှင့် အဝန်းအဝိုင်းတစ်ခုအတွင်း တည်ရှိလျက် ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ အချို့သောစာသင်ခန်းများသည် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ဝင်းအတွင်း စစ်တန်းလျားများ သို့မဟုတ် ဘားရက်များ (Barracks) ကဲ့သို့ ဆောက်လုပ်ထားရှိသည့် မြေညီတစ်ထပ်သာရှိသည့် (AE) ဟုခေါ်ဆိုသော အဆောင်ကလေး များတွင် တစ်ခါတစ်ရံ တက်ရောက် သင်ယူလေ့လာခဲ့ရပါသည်။

စာရေးသူ၏စိတ်တွင် အတတ်ပညာ၊ အသိပညာ၊ ဉာဏ်ပညာများ ကို ရရှိနိုင်စေရန် ဖြန့်ဖြူးပေးသည့် နေရာဖြစ်ပြီး ခန့်ညားထည်ဝါလှသည့် မူရင်း ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် အဆောက်အအုံကြီးများအကြားတွင် စစ်တန်းလျားများ သို့မဟုတ် ဘားရက်များ (Barracks) ကဲ့သို့သော ဖြစ်သလို ဆောက်လုပ်ပြီး စာသင်ခန်းအဖြစ် ပြုလုပ်အသုံး ပြုနေခြင်းအား မည်သို့မျှ နားလည် လက်ခံနိုင်စွမ်း မရှိပါသဖြင့် မေးမြန်းလေ့လာရန် အချိန်နှင့် အခွင့်အရေး ရရှိသည်နှင့် တစ်ပြိုင်နက် နောင်တွင် စာရေးသူနှင့် အဆောင်နည်းပြအဖြစ် အတူတာဝန်ထမ်း ဆောင်သည့် ရင်းနှီးသော ဆရာကြီး အား မေးမြန်းကြည့်မိပါသည်။

ဆရာကြီးက အောက်ပါအတိုင်း ရှင်းလင်းပြောပြခဲ့ပါသည်။ ဆရာကြီးက အသိပညာ၊ ဉာဏ်ပညာနှင့် ပြည့်စုံသည့် ပညာရေးအကြီးအကဲဆိုပါလျှင် ယခုကဲ့သို့သော လုပ်ရပ်မျိုးကို စိတ်ကူးထဲ၌ပင် ထည့်သွင်းစဉ်းစားမည် မဟုတ်ပါကြောင်း၊ ယခုအခြေအနေမှာ ဆောက်လုပ်ပြီး အသုံးပြုသည့် အဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်း၊ “ယာယီအိမ်ကိုလည်း မခိုင်စေနှင့်။ သိမ်းမယားကိုလည်း မပိုင်စေနှင့်”ဆိုသည့် သဘောတရားရှိကြောင်း အသေးစိတ် ရှင်းလင်းပြောပြခဲ့ပါသည်။

စာရေးသူက ဆရာကြီးအား အနည်းငယ် ထပ်မံရှင်းလင်းစေလိုသဖြင့် မေးခွန်းအဖြစ် အောက်ပါအတိုင်း မေးမြန်းခဲ့ပါသည်။ “ဆရာကြီးရယ် ‘ယာယီအိမ်ကိုလည်း မခိုင်စေနှင့်’ ဆိုတာကတော့ နားလည်ပါတယ်။ ‘သိမ်းမယားကိုလည်း မပိုင်စေနှင့်’ ဆိုသည့် အဓိပ္ပာယ် ကလေးကိုတော့ရှင်းပြပေးပါ ဆရာကြီးရယ်” ဟု မေးမိရာ ဆရာကြီးက အနည်းငယ်စိတ်တိုပြီးလျှင် “သိမ်းမယားဆိုတာက ပိုက်ဆံပေးပြီး ခဏတာ မယားအဖြစ် သိမ်းပိုက်ခြင်းပြုလုပ်တာကို ပြောတာကွ။ မသိသေးရင် ထပ်ရှင်းပြမယ်” ဆိုပြီး ပြောသဖြင့် နားလည်ပါပြီ ဆရာကြီးရယ်ဟုပြောပြီး မေးခွန်းကို ရပ်နားခဲ့ရပါသည်။

ဖော်ပြပါ မိုဒယ်ဒီဇိုင်းပုံစံသည် ထိုမျှနှင့် မရပ်ခဲ့ပါ။ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရွာသာကြီးနယ်မြေကို စတင်ဆောက်လုပ်သည့်အခါတွင်လည်း တွေ့မြင်ရသည်မှာ စစ်တန်းလျားများပုံစံကဲ့သို့ ဖြစ်နေပြီး မိတ္ထီလာ စီးပွားရေးတက္ကသိုလ် စတင်ဖွင့်လှစ်နိုင်စေရေးအတွက် ပြင်ဆင်ရာတွင် စာရေးသူမှာ တာဝန်ပေးအပ်ခြင်းကို ခံခဲ့ရသဖြင့် မိတ္ထီလာမြို့သို့ သွားရောက်ခဲ့ရပြီး မိတ္ထီလာစီးပွားရေးတက္ကသိုလ်အဖြစ်  စတင်ဆောက်လုပ်ခဲ့သည့် အဆောက်အအုံများကို တွေ့ရှိသိမြင်ရသည်မှာလည်း စစ်တန်းလျား ဒီဇိုင်းမိုဒယ်ပုံစံများ ဖြစ်နေပါသည်။

ထို့ပြင် ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း တွေ့မြင်ရသည့် အချက်နှစ်ခုကို တင်ပြပါမည်။ ပထမအချက်မှာ ဆရာဆရာမအားလုံးတို့အား လုံချည်နှင့် အကျႌ ယူနီဖောင်းဝတ်ဆင်ရန် ညွှန်ကြားဆောင်ရွက်ခဲ့ခြင်းနှင့် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ အဝန်းအဝိုင်းအတွင်းရှိ အဝန်းအဝိုင်းသတ်မှတ်နေရာများ၊ လူသွားလမ်းများ၊ ဌာနများစသည် တို့ကို ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများ အလွယ်တကူ ဝင်ထွက်သွားလာခြင်း မပြုနိုင်စေရန် သံတိုင်ကြီးများ၊ သံပန်းများနှင့် ကာရံခြင်း၊ ဝင်းခြံခတ်ခြင်းတို့ကို ပြုလုပ်ထားရှိခဲ့ခြင်းတို့ ဖြစ်ပါသည်။

အထက်ဖော်ပြပါ တင်ပြချက်များ၊ အခြေအနေများကို လေ့လာခြင်းအားဖြင့် စာရေးသူအနေဖြင့် ကောက်ချက်ချနိုင်သည်မှာ စာရေးသူ လေ့လာ သင်ယူ သင်ကြားခဲ့ရသည့် အချိန်ကာလတွင် တာဝန်ယူခဲ့ကြသည့် ပညာရေးအကြီးအကဲများသည် အတတ်ပညာ၊ အသိပညာ၊ ဉာဏ်ပညာများကို ရရှိနိုင်စေရန် ဖြန့်ဖြူးပေးမည့် တက္ကသိုလ်ကြီးများ၏ အဆောက်အအုံ ဒီဇိုင်း မိုဒယ်ပုံစံကို စတင်စဉ်းစားတွေးခေါ် ရာတွင် စစ်တန်းလျားများ သို့မဟုတ် ဘားရက်များ (Barracks) ကဲ့သို့ စတင်ဆောက်လုပ်စေပြီး ဆရာ ဆရာမများအား ယူနီဖောင်းဝတ်ဆင်စေသည့် တက္ကသိုလ်ဝန်းကျင်ကို ဖန်တီးတည်ဆောက်ခဲ့ကြသည်ဟု ကောက်ချက်ချပြောဆိုနိုင်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ စာရေးသူကိုယ်တိုင် လေ့လာ သင်ယူ သင်ကြားခဲ့ရသည့် တက္ကသိုလ်ဝန်းကျင်သည် အကဲဒမစ်ဆန်သည့် ပညာရှင်များ၊ ကျွမ်းကျင်သူများအတွက် လေ့လာသင်ယူသင်ကြားသည့် သဘောတရားများ၊ အယူအဆများမှ ကင်းကွာလျက်ရှိပြီးလျှင် ယူနီဖောင်းကို အခြေခံပြီး စေခိုင်းမှုမှန်သမျှကို လိုက်ပါဆောင်ရွက်စေမည့် လူပုဂ္ဂိုလ်ကြီးများကိုသာ မွေးထုတ်ပေးသည့်ဝန်းကျင်အဖြစ်သို့ ပြောင်းလဲရောက်ရှိ ဖြစ်ပေါ်စေလျက်ရှိနေသည်ကို သိမြင်နိုင်ကြစေရန်နှင့် နိုင်ငံရေးခေါင်းဆောင်ကြီးများ၊ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်ကြီးများ၊ တိုင်းပြည်အကျိုး နိုင်ငံတော်အကျိုးနှင့် ပြည်သူပြည်သား နိုင်ငံသားများ၏အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်စေမည့် လူပုဂ္ဂိုလ်ကြီးများ ပေါ်ထွက်လာစေရန်မှာ အဆင့်မြင့် ပညာရပ်များကို လေ့လာသင်ယူ၊ သင်ကြားပေးမည့် တက္ကသိုလ်ကြီးများအနေနှင့် အကဲဒမစ်ဆန်သည့် ဝန်းကျင်ကို မဖြစ်မနေ ဖန်တီးတည်ဆောက်ရမည်ဆိုသည့် သဘောတရားကို သတိပြုနိုင်ကြစေရန် ရည်ရွယ်ပါသည်။

ပထမဦးစွာ စာရင်းအင်းပညာဌာန၏ သမိုင်းကြောင်းအကျဉ်းကို ရှင်းလင်းတင်ပြပါမည်။ စာရင်းအင်းပညာဌာနနှင့် ပတ်သက်သည့် အကြောင်းအရာများကို (Reference: 1) ကို အခြေခံကာ ရှင်းလင်းတင်ပြခြင်းဖြစ်ပါသည်။

၁၉၂၃-၁၉၂၄ ပညာသင်နှစ် (စာသင်နှစ်) မှစတင်ကာ ဘောဂဗေဒဌာနကို ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် (ရန်ကုန်တက္ကသိုလ်) တွင် ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၄၆ ခုနှစ် ကြားဖြတ်တက္ကသိုလ် (Interim University) ကို ယာယီ ဖွင့်လှစ်သည့်အခါတွင် (၁) ၀ါဏိဇ္ဇဗေဒဘာသာရပ်၊ (၂) ဘောဂဗေဒဘာသာရပ်နှင့် (၃) စာရင်းအင်းပညာဘာသာရပ်များကို ဘောဂဗေဒဌာနကြီးက တာဝန်ယူပြီး သင်ကြားပေးခဲ့ပါသည်။

၁၉၅၃ ခုနှစ်တွင် စာရင်းအင်းပညာဘာသာရပ်ကို စိတ်ကြိုက်ဘာသာရပ်အဖြစ် စတင်သင်ကြားခွင့် ရရှိခဲ့ပါသည်။ ၁၉၅၆ ခုနှစ်တွင်မူ စာရင်းအင်းပညာဌာနကို ရန်ကုန် ၀ိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် (ရန်ကုန် တက္ကသိုလ်) တွင် သီးခြားဌာနတစ်ခုအဖြစ် တည်ထောင်ခွင့် ရရှိခဲ့ပါသည်။ ၁၉၆၄ ခုနှစ်တွင် စီးပွား ရေးတက္ကသိုလ်၊ ရန်ကုန် (Institute of Economics, Yangon) အဖြစ် တည်ထောင်ခဲ့ပြီး ၀ါဏိဇ္ဇဗေဒဌာန၊ ဘောဂဗေဒဌာနနှင့် စာရင်းအင်းပညာဌာနအဖြစ် ပင်မဌာနကြီး သုံးခုနှင့် အထောက်အကူဌာနများ ဖြစ်ကြသော မြန်မာစာဌာန၊ အင်္ဂလိပ်စာဌာန၊ သချင်္ာဌာန၊ ပထဝီဝင်ဌာနတို့ဖြင့် ဖွဲ့စည်းစေခဲ့ပါသည်။

စီးပွားရေးတက္ကသိုလ်၊ ရန်ကုန် ၏ ဖွဲ့စည်းပုံဌာနများအတိုင်း ဖွဲ့စည်းလျက် မုံရွာ စီးပွားရေးတက္ကသိုလ် (Monywa Institute of Economics) နှင့် မိတ္ထီလာစီးပွားရေး တက္ကသိုလ် (Meiktila Institute of Economics) တို့ကို တိုးချဲ့ဖွင့်လှစ်ခဲ့ရာ စီးပွားရေးတက္ကသိုလ်၊ ရန်ကုန် (Institute of Economics, Yangon) သည်လည်း ရန်ကုန်စီးပွားရေး တက္ကသိုလ် (Yangon Institute of Economics) ဖြစ်သွားစေခဲ့ပါသည်။

၂၀၁၅ ခုနှစ်တွင်မူ ရန်ကုန် စီးပွားရေးတက္ကသိုလ် (Yangon Institute of Economics) ကို (Yangon University of Economics) အဖြစ်လည်းကောင်း၊ မုံရွာစီးပွားရေးတက္ကသိုလ် (Monywa Institute of Economics) ကို (Monywa University of Economics) အဖြစ် လည်းကောင်း၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ် (Meiktila Institute of Economics) ကို (Meiktila University of Economics) အဖြစ် လည်းကောင်း ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။

ဒုတိယအနေဖြင့် မြန်မာနိုင်ငံ သုတေသနအသင်း၏ သမိုင်းကြောင်းအကျဉ်းကို ရှင်းလင်းတင်ပြပါမည်။ မြန်မာနိုင်ငံ သုတေသနအသင်းနှင့် ပတ်သက်သည့် အကြောင်းအရာများမှာ အချိန်ကာလအားဖြင့် နှစ်ပေါင်း ၇၀ ခန့် တည်ရှိခဲ့ပြီး ကြီးမားကျယ်ပြန့်လှသည့်အတွက် အကျဉ်းချုပ်ပြီး ဖော်ပြနိုင်ရန်မှာလည်း ယခုဆောင်းပါးအဆင့်နှင့် ပြည့်စုံအောင် ရှင်းလင်းတင်ပြရန် လုံးဝမဖြစ်နိုင်ပါ။ ထို့ကြောင့် စာရေးသူအနေဖြင့် အရေးကြီးမည်ဟု ထင်မြင်သည့် အကြောင်းအရာ အကျဉ်းချုပ်ကိုသာလျှင် ရှင်းလင်းတင်ပြပါမည်။

စာရေးသူသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်တွင် ထုတ်ဝေသည့် Weekly ELEVEN News, No. 51, Vol. 17 တွင် “စာရေးသူနှင့် စာရေးဆရာ” ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ရေးသားတင်ပြခဲ့ပါသည်။ အဆိုပါဆောင်းပါးတွင် ပါရှိခဲ့သည့် မြန်မာနိုင်ငံသုတေသနအသင်းနှင့် ပတ်သက်ပြီး တင်ပြခဲ့သည်ကို ထပ်မံဖော်ပြရပါလျှင် “…တက္ကသိုလ်များတွင် တည်ထောင်ဖွင့်လှစ်မည့် ၀ိဇ္ဇာ၊ သိပ္ပံ၊ သမိုင်း၊ စာပေရေးရာ စသည့်ဘာသာရပ်ဆိုင်ရာများနှင့် ဘာသာရပ်ဆိုင်ရာ ဆရာဆရာမကြီးများအား ပေါင်းကူးပေးနိုင်စေမည့် ပလက်ဖောင်းတစ်ခုအဖြစ် ၁၉၁၀ ပြည့်နှစ် မတ် ၂၉ ရက်တွင် တည်ထောင် ဖွင့်လှစ်ခဲ့သည့် မြန်မာနိုင်ငံသုတေသနအသင်း (Burma Research Society) ကြီး၏ ရည်ရွယ်ချက်ကို တင်ပြလိုပါသည်။ …”

“မြန်မာနိုင်ငံ သုတေသနအသင်းကြီး၏ အဓိကရည်ရွယ်ချက်များမှာ မတူကွဲပြားသော လူမှုအဖွဲ့အစည်းအသီးသီးရှိ အဖွဲ့ဝင်များ၏ ရည်ရွယ်ချက်အမျိုးမျိုးအပေါ်တွင် တည်ရှိနေသည့် အများနှင့်ဆိုင်သော ဘုံအကျိုးစီးပွားကို မြှင့်တင်ပြီးလျှင် အဖွဲ့ဝင်များအကြားရှိ ဆက်ဆံမှုကို တိုးမြှင့်ဆောင်ရွက်ရန်နှင့် မြန်မာတို့နှင့် ရင်းနှီးကျွမ်းဝင်စေမည့် ဆက်ဆံရေးကို ရရှိနိုင်စေရန်အလို့ငှာ ၀ိဇ္ဇာပညာရပ်များ၊ သိပ္ပံပညာရပ်များ၊ သမိုင်းပညာရပ်များနှင့် စာပေရေးရာပညာရပ်များကို လေ့လာစေခြင်းနှင့် လေ့လာရန် အားပေးတိုက်တွန်းခြင်းတို့အား ဆောင်ရွက်ရန် ဖြစ်ပါသည်။”

မြန်မာနိုင်ငံ သုတေသနအသင်းကြီးက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည့် ရလဒ်အချို့ကို တင်ပြပါမည်။ တက္ကသိုလ်များရှိ ဘာသာရပ်ဆိုင်ရာဌာန အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော ဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသူ၊ ကျောင်းသားများက ၎င်းတို့၏ဘာသာရပ်နယ်ပယ်တွင် သုတေသနပြုလုပ်၊ လေ့လာတွေ့ရှိချက်များကို တင်ပြခြင်း၊ ဆွေးနွေးခြင်း၊ ဂျာနယ်၊ မဂ္ဂဇင်း၊ သုတေသန စာအုပ်စာစောင်များကို ရိုက်နှိပ်ထုတ်ဝေခြင်းများကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ကြသဖြင့် အတတ်ပညာ၊ အသိပညာ၊ ဉာဏ်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်သော်လည်းကောင်း၊ သုတေသနနှင့် ပတ် သက်ပြီး ရှာဖွေ လေ့လာတွေ့ရှိချက်များကို စာအုပ် စာစောင်များအဖြစ် ရိုက်နှိပ်ထုတ်ဝေနိုင်ခဲ့သည့် အတွက်သော်လည်းကောင်း မြန်မာနိုင်ငံ သုတေသနအသင်းကြီး တည်ရှိနေသည့်အတွက်ကြောင့် လူ့လောကကောင်းကျိုး၊ တိုင်းပြည်ကောင်းကျိုး၊ နိုင်ငံတော်ကောင်းကျိုးနှင့် ပြည်သူပြည်သား နိုင်ငံသားများအတွက် ကောင်းကျိုးဖြစ်ထွန်းမှုများမှာ ယခုဆောင်းပါးအဆင့်ဖြင့် တင်ပြရန် မဖြစ်နိုင်သည်ကို စာဖတ်သူများ သိမြင်နားလည်နိုင်မည်ဟု ထင်မြင်ပါသည်။

တတိယအနေဖြင့် စာရင်းအင်းပညာဌာနနှင့် မြန်မာနိုင်ငံ သုတေသနအသင်းကြီး၏ နောက်ဆုံးအဆက်အစပ်ကို တင်ပြပါမည်။ ယခု တင်ပြမည့် အကြောင်းအရာများသည် စာရေးသူနှင့်အတူ အဆောင်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာကြီးက ပြောပြသည့် သတင်းအချက်အလက်များနှင့် (Reference: 2) တွင် တင်ပြထားရှိသည့် အချက်များကို အခြေခံကာ တင်ပြခြင်းဖြစ်ပါသည်။

ပထမအချက်အနေနှင့် စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ရှိ စာရင်းအင်းပညာဌာတွင် စာရင်းအင်းပညာဘာသာရပ်များအား လက်တွေ့ လေ့ကျင့် သင်ကြားနိုင်စေရေး အလို့ငှာ (Statistics Lab) အခန်းကို ဖွဲ့စည်းထားရှိပြီး အခန်းတာဝန်ခံ ဝန်ထမ်းကိုလည်း ခန့်အပ်ထားရှိပါသည်။ စာရင်းအင်းပညာဘာသာ ရပ်သည် အခြေခံကိန်းဂဏန်းအ ချက်အလက်များ (Data) နှင့် သတင်းအချက်အလက်များ (Information) ကို အခြေခံရသည့် အားလျော်စွာ အခြေခံကိန်းဂဏန်း အချက်အလက်များ (Data) မှ သတင်းအချက်အလက်များ ထုတ်ယူရရှိနိုင်စေရန်အတွက် အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား ပြုလုပ်နိုင်သည့် ဂဏန်းတွက်စက်များကို အသုံးပြုရပါသည်။ စာရေးသူတို့ ကျောင်းသားဘဝ အချိန်အခါက လျှပ်စစ်ကိုအခြေခံသည့် ဂဏန်းတွက်စက်များမှာ တွင်တွင်ကျယ်ကျယ် တရားဝင် အသုံးမပြုနိုင်သေးသည့်အတွက် (Statistics Lab) အခန်းတွင် စက်မှုပညာကိုအခြေခံသည့် ဂဏန်းတွက်စက်များကို အသုံးပြုကြရပါသည်။ စာရေးသူတို့ သင်ယူ လေ့ကျင့်ခဲ့ရသည့် ဂဏန်း တွက်စက်များကို သိမြင်မှန်းဆနိုင်စေရန်အတွက် ပုံစံတူ ဂဏန်းတွက်စက် အမျိုးအစားကလေးများအား ပုံတွင် ဖော်ပြထားပါသည်။

ဒုတိယအချက်အနေဖြင့် စာရင်းအင်းပညာဌာနတွင် စာရင်းအင်းပညာဘာသာရပ်များအား လက်တွေ့လေ့ကျင့်သင်ကြားနိုင်စေရေးအတွက် အသုံးပြုသည့် (Statistics Lab) အခန်းသည် ဌာနတွင်း အစည်းအဝေးများ၊ ဌာနတွင်း ဘာသာရပ်တွေ့ဆုံဆွေးနွေးပွဲများ၊ ဌာနတွင်း ဘာသာရပ်ဆိုင်ရာ အတတ်ပညာ၊ အသိပညာများ ဖြန့်ဝေရာအခန်းလည်း ဖြစ်ပါသည်။

တတိယအချက်အနေဖြင့် မြန်မာနိုင်ငံ သုတေသနအသင်းကြီး၏ အနှစ် ၇၀ ပြည့် စာတမ်းဖတ်ပွဲကြီးကို စာရင်းအင်းပညာဌာနရှိ (Statistics Lab) အခန်းတွင် ပြုလုပ်ခဲ့ပါသည်။ စာတမ်းဖတ်ပွဲ ဒုတိယနေ့ မွန်းလွဲ ၃ နာရီခန့်သို့ ရောက်ရှိသည့်အချိန်တွင်မူ ထိုစဉ်အချိန်က မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာအားလုံးကို သိမ်းကျုံးရယူထားရှိသည့် အကြီးဆုံးလူပုဂ္ဂိုလ်ကြီးက မြန်မာနိုင်ငံ သုတေသနအသင်းကြီးအား အမိန့်အာဏာနှင့် တစ်ချက်လွှတ် အမိန့်ပေး ဖျက်ဆီးခဲ့သည်ဟု ကြားသိခဲ့ရပါသည်။

ထို့ကြောင့် စာရင်းအင်းပညာဌာနနှင့် မြန်မာနိုင်ငံ သုတေသနအသင်းကြီး၏ ဆက်စပ်ပတ်သက်မှုများအနက် နောက်ဆုံး ဆက်စပ်ပတ်သက်မှုသည် မင်္ဂလာရှိသော အခြေအနေ မဟုတ်ခဲ့ပါ။ ထိုနေ့က မိနစ်ပိုင်းအတွင်း ဖြစ်ထွန်းပေါ်ပေါက်စေမှုသည် မြန်မာနိုင်ငံ၏ အနာဂတ်ကို မည်မျှအထိ အကျိုး သက်ရောက်စေခဲ့သည်ကို အနာ ဂတ်မြန်မာနိုင်ငံတော်အတွက် သင် ခန်းစာများ ဖော်ထုတ်ပြီးလျှင် ရှောင်ရန်၊ ဆောင်ရန်များကို ရှာဖွေလေ့လာသင့်ပါကြောင်း အကြံပြု တိုက်တွန်းအပ်ပါသည်။ စာရင်းအင်းပညာဌာနနှင့် မြန်မာနိုင်ငံသုတေသနအသင်းကြီး၏ အမှတ်တံဆိပ် သင်္ကေတများကို ပုံတွင် ဖော်ပြထားပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ စာရေးသူကိုယ်တိုင် လေ့လာ သင်ယူ သင်ကြားခဲ့ရသည့် တက္ကသိုလ်ဝန်းကျင်သည် အကဲဒမစ်ဆန်သည့် ပညာရှင်များ၊ ကျွမ်းကျင်သူများအတွက် လေ့လာသင်ယူ သင်ကြားသည့် သဘောတရားများ၊ အယူအဆများမှ ကင်းကွာလျက်ရှိပြီးလျှင် ယူနီဖောင်းကို အခြေခံပြီး စေခိုင်းမှုမှန်သမျှကို လိုက်ပါဆောင်ရွက်စေမည့် လူပုဂ္ဂိုလ်ကြီးများကိုသာ မွေးထုတ်ပေးသည့်ဝန်းကျင်အဖြစ်သို့ ပြောင်းလဲရောက်ရှိ ဖြစ်ပေါ်စေလျက်ရှိနေသည်ကို သိမြင်နိုင်ကြပါစေကြောင်းနှင့် နိုင်ငံရေးခေါင်းဆောင်ကြီးများ၊ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်ကြီးများ၊ တိုင်းပြည်အကျိုး နိုင်ငံတော်အကျိုးနှင့် ပြည်သူပြည်သား နိုင်ငံသားများ၏ အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်စေမည့် လူပုဂ္ဂိုလ်ကြီးများ ပေါ်ထွက်လာစေရန်မှာ အဆင့်မြင့်ပညာရပ်များကို လေ့လာသင်ယူ၊ သင်ကြားပေးမည့် တက္ကသိုလ်ကြီးများအနေဖြင့်  အကဲဒမစ်ဆန်သည့် ဝန်းကျင်ကို မဖြစ်မနေ ဖန်တီးတည် ဆောက်ရမည်ဆိုသည့် သဘော တရားကို သတိပြုနိုင်ကြစေကာယခု အချိန်မှစတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

References:

၁။ ခင်စန်းမြင့် (စာရင်းအင်းပညာ) (၂၀၁၉)၊ “စာရင်းအင်းပညာ ဘာ သာရပ် သမိုင်းစဉ်”၊ News Letter of MSA, Myanmar Statistical Association (In Commemoration of 4th Anniversary)၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ။

၂။ ဒေါက်တာဦးဝင်း (USA) (၂၀၁၈)၊ “အဖျက်သမား ဦးနေဝင်းနဲ့ မြန်မာနိုင်ငံ သုတေသနအသင်းကြီး”၊ May 31, 2018, အင်တာနက်။

Most Read

Most Recent