မည်သည့်ရလဒ်မျှ မထွက်ခဲ့သည့် ဒုတိယမြောက် မြန်မာ့အရေးဆွေးနွေးပွဲ

မည်သည့်ရလဒ်မျှ မထွက်ခဲ့သည့် ဒုတိယမြောက် မြန်မာ့အရေးဆွေးနွေးပွဲ
ထိုင်းနိုင်ငံ၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က ပြုလုပ်သည့် အလွတ်သဘောဆွေးနွေးပွဲတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအား တွေ့ရစဉ်
ထိုင်းနိုင်ငံ၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က ပြုလုပ်သည့် အလွတ်သဘောဆွေးနွေးပွဲတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအား တွေ့ရစဉ်
Published 2 July 2023

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့၌ ဇွန် ၁၈ ရက်နှင့် ၁၉ ရက်တွင် မြန်မာ့အရေးဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

မြန်မာ့အရေးဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲသို့ တက်ရောက်ရန် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာ မွန်ဝီနိုင်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကိုလည်း ဖိတ်ကြားခဲ့ သည်။

မြန်မာ့အရေးဆိုင်ရာ အလွတ်သဘောဆွေးနွေးမှုတွင် မြန်မာနိုင်ငံ၏ ကြန့်ကြာနေသော ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့်ပတ်သက်၍ ဆွေးနွေးရန် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွန်ဝီနိုင်းက ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

ဇွန် ၁၄ ရက်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမက်ဝီနိုင်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ပေးပို့ခဲ့သည့်စာတွင် ယင်းသို့ဖော်ပြထားသည်။

ထို့ပြင် အဆိုပါအလွတ်သဘောဆွေးနွေးပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကိုလည်း ဖိတ်ကြားခဲ့သည်။

ဘယ်နိုင်ငံတွေ တက်ရောက်ခဲ့သလဲ

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့၌ ဇွန် ၁၈ ရက်နှင့် ၁၉ ရက်က ပြုလုပ်ခဲ့သည့်  မြန်မာ့အရေးဆိုင်ရာ အ လွတ်သဘောဆွေးနွေးပွဲသို့  အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ အထူးကိုယ်စားလှယ်၊ သံအမတ်ကြီးများ နှင့် ကိုယ်စားလှယ်များ တက်ရောက် ခဲ့သည်။

သို့သော် ယင်းဆွေးနွေးပွဲသို့ ၂၀၂၃ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံအပြင် စင်ကာပူ၊ မလေးရှားနိုင်ငံတို့က တက်ရောက်ခဲ့ခြင်းမရှိပေ။

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သော အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံက ယင်းအစည်းအဝေးကို တက်ရောက်ရန် ငြင်းဆန်ခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကမူ ထိုဖိတ်ကြားချက်နှင့်ပတ်သက်၍ ကြားသိရခြင်း မရှိကြောင်း ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်က မြန်မာနိုင်ငံ၏အခြေအနေသည် တစ်စုံတစ်ရာ တိုးတက်မှုမရှိသည့်အတွက် နစကအစိုးရနှင့် ထိပ်သီးအစည်းအဝေး သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးများ ပြန်လည်ပြုလုပ်ရန် အချိန်စောသေးကြောင်း ၀ါရှင်တန်ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ၏ ဖိတ်ကြားချက်နှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

အင်ဒိုနီးရှားက ဖိတ်ကြားချက်ကို ငြင်းပယ်ရခြင်းမှာ ထိုင်းနိုင်ငံ၏အဆိုပြုချက်သည် ပြီးခဲ့သည့် မေလက အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ရရှိခဲ့သော သဘောတူညီချက်နှင့် ကွဲလွဲနေခြင်းကြောင့်ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်ဟု ရိုက်တာသတင်းဌာနကဆိုသည်။

ပြီးခဲ့သည့် မေ ၁၀ ရက်မှ ၁၁ ရက်အထိ (၄၂) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည်။

(၄၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက မြန်မာ့အရေးကို အဓိကထား ဆွေးနွေးသုံးသပ်ခဲ့ကြပြီး မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းအဆုံးသတ်ရန် အာဆီယံခေါင်းဆောင်များက တိုက်တွန်းခဲ့သည်။

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို မည်သို့မည်ပုံ ကိုင်တွယ် ဖြေရှင်းမည်ဆိုသည်နှင့်ပတ်သက်၍ အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သော အာဆီယံအဖွဲ့ကြီး၏ အဖွဲ့ဝင်နိုင်ငံအချို့အကြား အားမလို အားမရ ဖြစ်မှုများ မြင့်တက်လာသကဲ့သို့ ထိုင်းနိုင်ငံ၏ လတ်တလောလုပ်ဆောင်ချက်ကြောင့်လည်း အာဆီယံ၏ ညီညွတ်မှုအပေါ် နောက်ထပ် မေးခွန်းထုတ်စရာအခြေအနေများ ဖြစ်ပေါ်စေခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး တက်ရောက်

ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် ဇွန် ၁၉ ရက်က ပြုလုပ်ခဲ့သည့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာ မွန်းဝီနိုင်း၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦး ဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၁၉ ရက်တွင် ထိုင်းနိုင်ငံ ပတ္တရားမြို့၌ ပြုလုပ်ခဲ့သည့် မြန်မာအရေးကိစ္စနှင့်ပတ်သက်သည့် အလွတ်သဘောဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအလွတ်သဘော ဆွေး နွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ များဖြစ်ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတို့နှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ အထူးကိုယ်စားလှယ်၊ သံအ မတ်ကြီးများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

ယင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံက အာဆီယံ၏ တူညီဆန္ဒငါးချက် အကောင်အထည်ဖော်မှု၊ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးကိစ္စများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်ငါးရပ်နှင့်အညီ ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက  မြန်မာနိုင်ငံ၏ မိတ်ဆွေနိုင်ငံများက မြန်မာ့အရေးအပေါ် ဆွေးနွေးအကြံပြုနိုင်ရန် အလွတ်သဘော အစည်းအဝေးကျင်းပခြင်းကို ကြိုဆိုကျေးဇူးတင်ကြောင်း၊ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု သတင်းမှန်များကို ပိတ်ဆို့ခံထားရပြီး တစ်ဖက်သတ် သတင်းမှားများ ကမ္ဘာအနှံ့ ပျံ့နှံ့နေကြောင်း၊ အထူးသဖြင့် အာဆီယံတူညီဆန္ဒငါးချက်နှင့် ဆက်စပ်သုံးသပ်ကြသည်ကို တွေ့ရပြီး မြန်မာအစိုးရ၏ ရှေ့လုပ်ငန်းစဉ် ငါးရပ်နှင့် ရည်မှန်းချက် တူညီသောကြောင့် မိမိတို့ဆောင်ရွက်ချက်များကို ထပ်မံအသိပေးလို ကြောင်း၊ အာဆီယံတူညီဆန္ဒ ငါးချက်တွင် အဓိက သုံးချက်ဖြစ်သည့် ပြည်တွင်းလက်နက်ကိုင် တိုက်ခိုက်မှုများရပ်စဲရေး၊ သက်ဆိုင်သူအားလုံးပါဝင်သည့် ဆွေးနွေးပွဲများ စတင်နိုင်ရေးနှင့် လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးနိုင်ရေးတို့နှင့်ပတ်သက်၍ အဓိက ပြောကြားခဲ့ကြောင်း၊ ပြည်တွင်းလက်နက်ကိုင် တိုက်ခိုက်မှုများ ရပ်စဲရေးအတွက် ဆောင်ရွက်သင့်သည်များကို မိမိတို့ ဆောင်ရွက်ထားကြောင်း ပြောကြားသည်။

ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်နိုင်ရေးအတွက် နယ်စပ်ဖြတ်ကျော်တရားမဝင် စီးပွားရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုလုပ်ငန်းများ နှိမ်နင်းရေးကို အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် လူသားချင်းစာနာမှုအကူအညီများ ကိစ္စနှင့်ပတ်သက်၍လည်း ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအစိုးရသည် AHA Center ၏ မြန်မာပြည်တွင် ဆောင်ရွက်သည့် လုပ်ငန်းများကို အပြည့်အဝ ပံ့ပိုးပေးလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စများကိုလည်း ‌ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံအနေဖြင့် တစ်စိုက် မတ်မတ် ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဖက်မှ အဖွဲ့အစည်းအချို့၏ ခြိမ်းခြောက်မှုများကြောင့် နှောင့်နှေးမှုအချို့ရှိသော်လည်း မိမိတို့အနေဖြင့် အားလုံး၏ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အာဆီယံတွင်လည်း မြန်မာနိုင်ငံအနေနှင့် အဆင့်တိုင်းတွင် ပုံမှန် ဆက်သွယ်ဆောင်ရွက်နိုင်မှသာ မြန်မာနိုင်ငံအရေးကိစ္စကို ကူညီပံ့ပိုးလိုသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မြေပြင်အခြေအနေမှန်များကို မှန်ကန်စွာ သိရှိသုံးသပ်နိုင်ပြီး ပိုမိုထိရောက်စွာ ကူညီနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

အဆိုပါ အလွတ်သဘော ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက မြန်မာ့အရေးကိစ္စနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသည့် နိုင်ငံများမှ ကိုယ်စားလှယ်များက မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးကို မစွက်ဖက်လိုကြောင်း၊ မြန်မာပြည် ငြိမ်းချမ်းတည်ငြိမ်ရေး၊ အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် ငြိမ်းချမ်းစွာအဖြေရှာနိုင်ရေးကို ကူညီပံ့ပိုးရန် အသင့်ရှိကြကြောင်း၊ အာဆီယံအနုတ်ပုံစံ မဖြစ်စေလိုကြောင်း၊ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း မြှင့်တင်လာနိုင်ရန် မျှော် လင့်ကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မည်သည့်ရလဒ်မျှ မထွက်ခဲ့သည့် ဒုတိယမြောက် မြန်မာ့အရေး ဆွေးနွေးပွဲ

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့၌ ဇွန် ၁၈ ရက်နှင့် ၁၉ ရက်တွင် မြန်မာအရေးဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲသည် ဒုတိယမြောက်ပြုလုပ်သည့် ဆွေးနွေးပွဲဖြစ်ပြီး ပထမအ ကြိမ်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့သည်။

ထိုအချိန်ကလည်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကျပ်အတည်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံက ဦးဆောင်ကာ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဒီဇင်ဘာ ၂၂ ရက်တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ခြင်းလည်းဖြစ်သည်။

မြန်မာ့အရေးကြောင့် သက်ရောက်မှု ခံစားနေရသည့် အာဆီယံနိုင်ငံများအကြား အမြင်ချင်းဖလှယ်မျှဝေကြရန် ထိုင်းနိုင်ငံက ဦးဆောင်သည့် အလွတ်သဘော တွေ့ဆုံမှုဖြစ်ကြောင်း တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ ထိုင်းသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွန်းဝီနိုင်း၏ ဖိတ်ကြားစီစဉ်မှုဖြင့် ဖြစ်တည်လာသော ယခုဆွေး နွေးပွဲမှာ အာဆီယံအစည်းအဝေး မဟုတ်သော်လည်း မြန်မာ့အကျပ် အတည်းနှင့်ပတ်သက်၍ အာဆီယံ ကြိုးပမ်းဆောင်ရွက်မှုကို အားပေးခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံကဆိုသည်။

ထိုင်းနိုင်ငံတွင် ဒီဇင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့သော မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွန်းဝီးနိုင်း၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး လပရက်ဆော့ခွန်း၊ လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆလုံး ဆေးကိုမာဆစ်နှင့် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒိုဟုန်ဗီယက်တို့ ခေါင်းဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် တို့ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

သို့သော် အလွတ်သဘော ဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည့် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်းနိုင်ငံတို့က တက်ရောက်ခဲ့ခြင်း မရှိခဲ့ပေ။

အလွတ်သဘောဆွေးနွေးပွဲတွင် အာဆီယံ၏ တူညီဆန္ဒ ငါးချက်နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စအပါအဝင် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေမှန်များကို မြန်မာကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မကြာမီက ထုတ်ပြန်ခဲ့သည့် တူညီဆန္ဒငါးချက် အကောင်အထည်ဖော်ခြင်းနှင့် ပတ်သက်သည့် အာဆီယံခေါင်းဆောင်များ၏ သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံ၏ ရပ်တည်ချက်တို့ကို တက်ရောက်လာသည့် ကိုယ်စားလှယ်များကို ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဆီယံ၏ တူညီဆန္ဒငါး ချက် အကောင်အထည်ဖော်လျက်ရှိရာတွင် မြန်မာအစိုးရက တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာကာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေသည့်ကိစ္စ၊ ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် စီးပွားရေးပြန်လည်ဦးမော့လာစေရေး ဆောင်ရွက်နေသည့်ကိစ္စ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိသည့်ကိစ္စနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွတ်လပ်၍ တရားမျှတသည့် အထွေထွေရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းနေသည့်ကိစ္စတို့ကို ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် တူညီဆန္ဒငါးချက်မူ ဘောင်အောက်မှ AHA Center နှင့် ပူးပေါင်းဆောင်ရွက်နေသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လိုအပ်သူအားလုံးထံ ရောက်ရှိရေးနှင့် ခွဲခြားမှုမရှိဘဲ တန်းတူညီမျှ ပေးအပ်သည့် ကိစ္စများတွင်လည်း မြန်မာနိုင်ငံလုပ်ငန်းအဖွဲ့မှ သက်ဆိုင်ရာတာဝန်ရှိဌာနများနှင့်ပူးပေါင်းကာ ပံ့ပိုးပေးလျက်ရှိကြောင်း မြန်မာကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၂၂ ရက်က ကျင်းပခဲ့သည့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတွင် အာဆီယံ-မြန်မာ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ရေးအတွက် မည်သို့နည်းလမ်းရှာမည်နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီကိစ္စများကို အလေးပေးဆွေးနွေးခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။

သို့သော် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲက တိကျခိုင်မာသော ရလဒ်မရှိဘဲ ပြီးဆုံးသွားခဲ့ကြောင်း မြန်မာ့အရေးလေ့လာသူများက သုံးသပ်ကြသည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာနက ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ယင်းဆွေးနွေးပွဲသည် မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် အကောင်အထည်ဖော်ရေးအတွက် နည်းလမ်းရှာချဉ်းကပ်ဆောင်ရွက်မှု တစ်ခုဖြစ်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးအဖြေထုတ်နိုင်မည့် အခွင့်အလမ်းတစ်ရပ် ဖန်တီးခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံက ဦးဆောင်ကျင်းပသည့် ယင်းဆွေးနွေးပွဲသို့ အာဆီယံ၏ အဓိကကျသော နိုင်ငံအချို့ တက်ရောက်မှုမရှိခြင်းကလည်း တိကျခိုင်မာသည့်ရလဒ် ထွက်မလာခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများရှိသည်။

ထို့အတူ ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် ဇွန် ၁၉ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယမြောက် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲမှာလည်း ပထမအကြိမ်ကဲ့သို့ပင် တိကျခိုင်မာသည့်ရလဒ် တစ်စုံတစ်ရာ ထွက်ရှိလာခြင်း မရှိခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ ထိုင်းနိုင်ငံ ဦးဆောင်ပြုလုပ်သည့် ဒုတိယမြောက် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတွင် တိကျခိုင်မာသည့် ရလဒ် တစ်စုံတစ်ရာ မထွက်လာခဲ့သည့်အတွက် အားရဖွယ်မရှိကြောင်း မြန်မာ့အရေးလေ့လာသူများက သုံးသပ်ပြောကြားသည်။

Most Read

Most Recent