၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အဓိကစိုက်ပျိုးသော သီးနှံ ၁၀ မျိုးအတွက် စိုက်ဧက ၃၃ ဒသမ ၇၈ သန်းရှိရာ သွင်းအားစု စုစုပေါင်းတန်ချိန် ၄ ဒသမ ၁၃ သိန်း သုံးစွဲရန်လိုအပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အဓိကစိုက်ပျိုးသော သီးနှံ ၁၀ မျိုးအတွက် စိုက်ဧက ၃၃ ဒသမ ၇၈ သန်းရှိရာ သွင်းအားစု စုစုပေါင်းတန်ချိန် ၄ ဒသမ ၁၃ သိန်း သုံးစွဲရန်လိုအပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 20 June 2023

ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ညှိနှိုင်းအစည်းအဝေးကို တွေ့ရစဉ်

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အဓိကစိုက်ပျိုးသော သီးနှံ ၁၀ မျိုးအတွက် စိုက်ဧက ၃၃ ဒသမ ၇၈ သန်းရှိရာ လိုအပ်သည့် သွင်းအားစု စုစုပေါင်းတန်ချိန် ၄ ဒသမ ၁၃ သိန်း သုံးစွဲရန် လိုအပ်မည်ဖြစ်ကြောင်း  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။

ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ဇွန် ၁၉ ရက်က ရုံးအမှတ်(၁၆) သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Online စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခြင်းဖြစ်သည်။

ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယခုမိုးရာသီစိုက်ပျိုးရာသီအလိုက် ရာသီအမီ တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် အရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်ဝသောဓာတ်မြေသြဇာများနှင့် သွင်း အားစုများအား စျေးနှုန်းသက်သာစွာ အချိန်မီဝယ်ယူအသုံးပြုရရှိနိုင်ရေးအတွက် မိမိတို့ ဦးဆောင်ကော်မတီအမှ စိစစ်ထောက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံ၍ စီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးထူထောင်ပေးပြီးဖြစ်ကြောင်း ပြောကြားသည်။

ဆောင်းပဲတီစိမ်း စိုက်ဧက ၅ သိန်းနှင့် နွေစပါးဧက ၈ ဒသမ ၅ သိန်း စိုက်ပျိုးထုတ် လုပ်ရေးစီမံကိန်းများတွင် လိုအပ်သောဓာတ်မြေသြဇာများနှင့် သွင်းအားစုများကို ရရှိနိုင်အောင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်၍ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် အဓိက စိုက်ပျိုးသော သီးနှံ(၁၀)မျိုးအတွက် စိုက်ဧက ၃၃ ဒသမ ၇၈ သန်းရှိရာ လိုအပ်သည့် သွင်းအားစု စုစုပေါင်းတန်ချိန် ၄ ဒသမ ၁၃ သိန်း တန်ချိန် သုံးစွဲရန်လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါးစီမံကိန်းအတွက်  တိုင်းဒေသကြီး ၄ ခုရှိ လျာထား ဧက ၅ ဒသမ ၃ သိန်းရှိပြီး မြေသြဇာ လိုအပ်ချက်မှာ စုစုပေါင်းတန်ချိန် ၇၉၅၀၀ တန် လိုအပ်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဓာတ်မြေသြဇာရည်ညွှန်းစျေးနှုန်းထုတ်ပြန်ပေးမှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံမြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်းနှင့်ညှိနှိုင်းပြီး ရည်ညွှန်းစျေးနှုန်းကို နှစ်ပတ်လျှင်တစ်ကြိမ် ပုံမှန်ထုတ်ပြန်ပေးလျက်ရှိရာ ဇွန် ၁၆ ရက်မှ ၃၀ ရက်အတွင်း ယူရီးယား ၅၀ ကီလိုတစ်အိတ်လျှင် ၇၅၀၀၀ ကျပ်၊ ကွန်ပေါင်း ၅၀ ကီလိုတစ်အိတ်လျှင် ၁၁၅၀၀၀ ကျပ်နှုန်းဖြင့် ရန်ကုန်အထိုင်စျေးနှုန်းအဖြစ် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါးစီမံကိန်းအတွက် မြန်မာနိုင်ငံမျိုးစေ့၊ မြေသြဇာနှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း သက်သာသောအထူးစျေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေးဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ သွင်းအားစုများအား တောင်သူများ စျေးနှုန်းသက်သာစွာ၊ အရည်အသွေး မှန်ကန်စွာဖြင့် အချိန်မီဝယ် ယူသုံးစွဲနိုင်ရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများတွင် အထွက်နှုန်းတိုးစေရေးအတွက် လိုအပ်သော မျိုးကောင်းမျိုးသန့်များ အချိန်မီရရှိ နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ပေါင်းစပ်ကူညီဆောင်ရွက်ပေးကြရန်နှင့် လိုအပ်သည်များရှိပါက ဦးဆောင်ကော်မတီသို့ အချိန်မီတင်ပြပေးကြရန် ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ မျိုးစေ့၊ မြေသြဇာနှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ  တာဝန်ရှိသူတစ်ဦးက သွင်းကုန်လိုင်စင်ရရှိမှု၊ တင်သွင်းရောက်ရှိမှု၊ ဖြန့်ဖြူးရောင်းချ ပြီးစီးမှု၊ ယခု မိုးစပါးစီမံကိန်းအတွက်တင်သွင်းရန် လိုအပ်မှုတို့ကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသ စိုက်ပျိုးထုတ်လုပ်မှုများ ပြန်လည်ဦးမော့လာစေရန်နှင့် စားနပ်ရိက္ခာ ဖူလုံမှုကို မြှင့်တင်ပေးနိုင်စေရန်အတွက် အစိုးရ-ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းဖြင့် ကျေးလက်စိုက်ပျိုး စီးပွားဖွံ့ဖြိုး တိုးတက်ရေးကို ရှေးရှုပြီး တောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် ယူရီးယားမြေ သြဇာသွင်းအားစုများ အချိန်မီတင်သွင်းဝယ်ယူဖြန့်ဖြူး ရောင်းချရေး အစီအစဉ်မှာ အရေးကြီး၍ သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးက ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား ကြောင်း သိရသည်။

Most Read

Most Recent