မြန်မာ့ကျောက်မျက်ရတနာများ နိုင်ငံတကာပြပွဲများတွင် ဝင်ရောက်ပြသနိုင်ရေး ဆွေးနွေး

မြန်မာ့ကျောက်မျက်ရတနာများ နိုင်ငံတကာပြပွဲများတွင် ဝင်ရောက်ပြသနိုင်ရေး ဆွေးနွေး
Published 20 June 2023

မြန်မာ့ကျောက်မျက်ရတနာများ နိုင်ငံတကာစျေးကွက်တွင် ဝင်ရောက်နေရာယူနိုင်ရန်၊ နိုင်ငံတကာပြပွဲများတွင် အချိန်မီပြသနိုင်ရန်အတွက် ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ၂၀၂၃ ခုနှစ် ဇွန် ၁၉ ရက်တွင် အသင်းချုပ်ရုံး၌ တွေ့ဆုံစဉ်

မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်ဟန်နှင့် အဖွဲ့ဝင်များသည် မြန်မာ့ကျောက်မျက်ရတနာများ နိုင်ငံတကာစျေးကွက်တွင် ဝင်ရောက်နေရာယူနိုင်ရန်၊ နိုင်ငံတကာပြပွဲများတွင် အချိန်မီပြသနိုင်ရန်အတွက် ကုန်သည် စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ အသင်းချုပ်တာဝန်ရှိသူများနှင့် ၂၀၂၃ ခုနှစ် ဇွန် ၁၉ ရက်တွင် အသင်းချုပ်ရုံး၌ တွေ့ဆုံခဲ့ ကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံရာတွင် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက အသင်းချုပ်နှင့်ညီနောင်အသင်းများသည် တစ်သားတည်း ဖြစ်ပါကြောင်း၊ ပုဂ္ဂလိက စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်နေကြပါကြောင်း၊ အသင်းချုပ်သည် ညီနောင်အသင်းများအားလုံးနှင့် စုဖွဲ့ထားခြင်းဖြစ်သည့်အတွက် ညီနောင်အသင်းများ၏ အရေးကိစ္စသည် အသင်းချုပ်၏ အရေး ကိစ္စဖြစ်ပါကြောင်း၊ ညီနောင်အသင်းများ၏ သင်းဖွဲ့စည်းမျဉ်း ပြင်ဆင်မှု၊ ရွေးကောက်ပွဲကျင်းပမှု၊ နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကျင်းပမှု စသည်တို့တွင် အသင်းချုပ်နှင့် ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းတိုင်ပင်နိုင်ပါကြောင်း၊ အသင်းချုပ်သည် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်မှုအားကောင်းပြီး နိုင်ငံတကာပြပွဲများတွင် အတွေ့အကြုံများရှိသောကြောင့် မြန် မာ့ကျောက်မျက်ရတနာများ ဝင်ရောက်ပြသနိုင်ရန် အခွင့်အလမ်းများစွာရှိပါကြောင်း၊ အသင်းချုပ်က ချိတ်ဆက်ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ  ဦးမြင့်ဟန်က မကြာသေးမီက အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်သည့်  BIMSTEC ပွဲကြီးတွင် အသင်းချုပ်၏ပံ့ပိုးမှုဖြင့် ​မြန်မာ့ကျောက်မျက်ရတနာများ အချိန်မီပြသနိုင်မှုအတွက် များစွာကျေး ဇူးတင်ပါကြောင်း၊ အသင်းချုပ်နှင့်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းကဏ္ဍတိုင်းတွင်  စိန်ခေါ်မှုများ၊ အခက်အခဲများရှိသော်လည်း ရင်ဆိုင်ကျော်လွှား ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ အသင်းချုပ်က ဖိတ်ကြားသည့် အစည်းအဝေးများကိုလည်း မပျက်မကွက်တက်ရောက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့တက်ရောက်လာသူများက ကမ္ဘာကအသိအမှတ်ပြုခဲ့ သည့်ကဏ္ဍတွင် မြန်မာ့ကျောက်မျက်ရတနာ ကဏ္ဍသည် အရေးအပါဆုံးကဏ္ဍဖြစ်မှု၊ မကြာခင် ကျင်းပပြုလုပ်မည့် ပြပွဲကြီးများတွင်​မြန်မာ့ကျောက်မျက်ရတနာများ ပါဝင်ပြသနိုင်ရေး၊ ပြပွဲဆိုင်ရာ သတင်းအချက်အလက်များ ပေးပို့ဖြန့်ဝေနိုင်ရေး၊ အသင်းချုပ်နှင့် နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ရေး၊ ညီနောင်အသင်းနှင့် ​ပြည်နယ်နှင့် တိုင်းဒေသကြီး အသင်းအဖွဲ့များ၏ ကွာခြားသတ်မှတ်ချက်များ စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူ၊ အထွေထွေအတွင်းရေးမှူး ချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးမျိုးသန့်၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်ဟန်၊ ဒုတိယဥက္ကဋ္ဌ ဦး ဇော်ဘိုခန့်၊ ဘဏ္ဍာရေးမှူး ဦးမောင်မောင်ဆန်း၊ အလုပ်အမှုဆောင် ဦးမော်ဦးနှင့် ဒေါ်ငွေရီဝင်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent