မန္တလေးတိုင်းရွှေအသင်းက ဒုတိယနေ့အဖြစ် မီးလင်းရွှေ တကျပ်သားလျှင် ယခင်နေ့ထက်ကျပ် တစ်သောင်း စျေးချရောင်း

မန္တလေးတိုင်းရွှေအသင်းက ဒုတိယနေ့အဖြစ် မီးလင်းရွှေ တကျပ်သားလျှင် ယခင်နေ့ထက်ကျပ် တစ်သောင်း စျေးချရောင်း
Published 20 June 2023

မန္တလေးတိုင်းရွှေအသင်းက ဒုတိယနေ့အဖြစ် မီးလင်းရွှေ တကျပ်သားလျှင် ယခင်နေ့ထက်ကျပ် တစ်သောင်း စျေးချရောင်းလျက်ရှိကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဇွန် ၁၉ ရက် မွန်းလွဲပိုင်းမှစတင်ကာ မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းက မီးလင်းရွှေများကို တစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ်ငါးသောင်းနှုန်းဖြင့် စတင်ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

" ဒီနေ့က စျေးကျသွားလို့ မနေ့ကထက် တစ်သောင်းလျော့သွားတာပေါ့။ စျေးက ဒီ့ထက်ထပ်ကျရင် ကျတဲ့စျေးနဲ့ ထပ်ရောင်းပေးမယ်" ဟု မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဇွန် ၂၀ ရက်တွင် ရောင်းချပေးမည့်စျေးနှုန်းမှာ ရွှေတကျပ်သားလျှင် ကျပ်သိန်းသုံးဆယ် လေးသောင်းနှုန်းဖြစ်ပြီး အသင်းတွင် ရွှေဝယ်ယူမည်ဆိုပါက အသင်းသားမှလွဲ၍ မည်သူမဆို လွတ်လပ်စွာလာရောက်ဝယ်ယူနိုင်ကာ အိမ်ထောင်စုဇယား၊ မှတ်ပုံတင်မူရင်းနှင့် မိတ္တူယူလာဆောင်လာရမည်ဖြစ်ကြောင်း၊ နေ့စဉ်မွန်းလွဲ ၁၂ နာရီမှ ညနေ ၄ နာရီအထိ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ဇွန် ၁၉ ရက်က လူဦးရေ ၅၀ ကို ရောင်းချပေးနိုင်ခဲ့ပြီး ရွှေအချိန်ငါးဆယ်ကျပ်သား ရောင်းချပေးနိုင်ခဲ့ကြောင်း၊ မည်သူမဆိုလာရောက် ဝယ်ယူနိုင်ကြောင်း သိရသည်။

" မနေ့ကတော့ လူ ၅၀ ကို ရောင်းချပေးခဲ့တယ်။ လိုချင်တဲ့သူမှန်သမျှ လာဝယ်လို့ရတယ်။ ရွှေကရှိတယ်" ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက ပြီးခဲ့သည့်နှစ်အောက်တိုဘာလပိုင်းကလည်း ရွှေတစ်ကျပ်သား ကျပ်၂၅ သိန်းလေးသောင်းနှုန်းဖြင့် မီးလင်းရွှေခုနစ်ပိဿာကို လူတစ်ဦးလျှင် ရွှေ ၁၀ ကျပ်သားနှုန်းဖြင့် ရောင်းချပေးခဲ့သည်။