BLACKPINK အဖွဲ့ဝင် ဂျီဆူး COVID-19 ကူးစက်ခံရသဖြင့် ဂျပန်တွင်ပြုလုပ်မည့် ဖျော်ဖြေပွဲများတွင် ပါဝင်နိုင်မည်မဟုတ်ဟုဆို

BLACKPINK အဖွဲ့ဝင် ဂျီဆူး COVID-19 ကူးစက်ခံရသဖြင့် ဂျပန်တွင်ပြုလုပ်မည့် ဖျော်ဖြေပွဲများတွင် ပါဝင်နိုင်မည်မဟုတ်ဟုဆို
Photo - Allkpop
Photo - Allkpop
Published 3 June 2023

တောင်ကိုရီးယားနာမည်ကျော်အမျိုးသမီး K-pop အဖွဲ့ဖြစ်သည့် BLACKPINK အဖွဲ့၏ အဖွဲ့ဝင် ဂျီဆူးက COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဂျပန်နိုင်ငံတွင်ပြုလုပ်မည့် ဖျော်ဖြေပွဲများတွင် ပါဝင်နိုင်မည်မဟုတ်ကြောင်း YG Entertainment က ဇွန် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဂျီဆူးသည် မေ ၃၀ ရက်တွင် မပြင်းထန်သော အဖျားရောဂါလက္ခဏာများ ခံစားခဲ့ရသည်။ သူသည် တစ်ကိုယ်ရည်စစ်ဆေးသည့် ကိရိယာအသုံးပြု၍ ကနဦးစစ်ဆေးခဲ့ချိန်က ဗိုင်းရပ်စ်ကူးစက်ခံရခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သော်လည်း ဇွန် ၁ ရက်က ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပရိသတ်များအပေါ် ကတိပေးခဲ့သည့်အတိုင်း ဖြည့်ဆည်းပေးချင်သည့် စိတ်အားထက်သန်လျက်ရှိသော်လည်း ဂျီဆူးသည် လူတိုင်းဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးကောင်းမွန်မှုကို ရွေးချယ်ခဲ့ပြီး လာမည့်ဖျော်ဖြေပွဲများတွင် ပါဝင်သွားမည်မဟုတ်ဟုဆိုသည်။

ထို့ကြောင့် ဇွန် ၃ ရက်နှင့် ၄ ရက်တွင် ဂျပန်နိုင်ငံ အိုဆာကာမြို့၌ ပြုလုပ်ရန် စီစဉ်ထားသည့် BORN PINK ကမ္ဘာလှည့်ဖျော် ဖြေမှုအစီအစဉ်တွင် ဂျင်းနီ၊ လီဆာနှင့် ရိုစ့်တို့သာ ဖျော်ဖြေသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“ဂျီဆူး အမြန်ပြန်လည်နေကောင်းစေဖို့နဲ့ ကျွန်တော်တို့ရဲ့ အနုပညာရှင်တွေအားလုံး ကျန်းမာဘေးကင်းဖို့ အကောင်းဆုံးကြိုးပမ်းဆောင်ရွက်နေပါတယ်”ဟု ဆိုသည်။