ချင်းမိုင်မြို့၌ NCA ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်ခုနစ်ဖွဲ့၏ ထိပ်သီးမျက်နှာစုံညီအစည်းအဝေး ကျင်းပ

ချင်းမိုင်မြို့၌ NCA ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်ခုနစ်ဖွဲ့၏ ထိပ်သီးမျက်နှာစုံညီအစည်းအဝေး ကျင်းပ
■ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်  မေ ၁၇ ရက်က စတင်ကျင်းပလျက်ရှိသည့် NCA စာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S-EAO) ခုနစ်ဖွဲ့၏ ထိပ်သီးမျက်နှာစုံညီအစည်းအဝေးကို တွေ့ရစဉ် (Photo: ncaseao.org)
■ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မေ ၁၇ ရက်က စတင်ကျင်းပလျက်ရှိသည့် NCA စာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S-EAO) ခုနစ်ဖွဲ့၏ ထိပ်သီးမျက်နှာစုံညီအစည်းအဝေးကို တွေ့ရစဉ် (Photo: ncaseao.org)
Published 18 May 2023

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S-EAO) ခုနစ်ဖွဲ့၏ ထိပ်သီးမျက်နှာစုံညီအစည်းအဝေးကို မေ ၁၇ ရက်က စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်သည့် စဝ်ခွန်းဆိုင်က “၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းမှာ ကျွန်တော်တို့က အစည်းအဝေးတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ အကြိမ်ကြိမ်လုပ်ပြီးတော့ ဘာလုပ်ရမလဲဆိုတာကို ဆွေးနွေးတိုင်ပင် ခဲ့ကြပါတယ်။ NCA ရဲ့ လုပ်ငန်းစဉ်တွေကို NCA မူဘောင်အတိုင်း ဆက်လက်အကောင် အထည်ဖော်လို့ မရနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ပေါ်လစီတွေ ချမှတ်ဖို့နဲ့ လုပ်ငန်းစဉ်တွေ ဖော်ဆောင်နိုင်ဖို့ အစည်းအဝေးတွေ ကျင်းပနိုင်ဖို့အတွက် ဒိုင်ယာလော့ခ်ပါတနာတွေက ပြည့်ပြည့်စုံစုံ မရှိတော့ပါဘူး။ အဲဒီတော့ ကျွန်တော်တို့ လုပ်နိုင်တာ ဘာရှိမလဲ။ ကျွန်တော်တို့ လုပ်နိုင်တာက NCA ထဲမှာ ပါတဲ့ အခြေခံမူပဲဖြစ်ပါတယ်”ဟု ပြောကြားသည်။

အဆိုပါအခြေခံမူထဲတွင် အခြေခံအကျဆုံးဖြစ်သည့် နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းသည့်နည်းဖြင့် ဖြေရှင်းရန်၊ သက်ဆိုင်ရာ stakeholder များ ပါဝင်သည့် အမျိုးသားအဆင့် ဆွေးနွေးပွဲပြုလုပ်ရန်နှင့် အရပ်သား ကာကွယ်ရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးနိုင်ရန်စသည့် အချက်သုံးချက်ကို စွဲကိုင်၍ လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရန်အတွက် NCA-S-EAO အဖွဲ့များအနေဖြင့် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ထို့ပြင် ၎င်းက “ကျွန်တော်တို့လုပ်တဲ့ အလုပ်က လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ရေးနဲ့ ငြိမ်းချမ်းရေးရရှိဖို့ကိစ္စ ဖြစ်ပါတယ်။ ဒီလိုငြိမ်းချမ်းရေးရရှိဖို့လုပ်တဲ့အချိန်မှာ ငြိမ်းချမ်းရေးလုပ်နေတဲ့သူတွေအတွက် အလိုအပ်ဆုံးက ဘာလဲဆိုတော့ ကိုယ် ကိုယ်တိုင်က ငြိမ်းချမ်းဖို့၊ ကိုယ်ကိုယ်တိုင်က မငြိမ်းချမ်းပါဘဲနဲ့ ငြိမ်းချမ်းရေးကို လုပ်တယ်ဆိုရင် ဒါဟာမဖြစ်နိုင်တဲ့ အလုပ်ပဲဆိုတာကို သိထားကြရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ 

NCA ထိုးထားသော တိုင်းရင်းလက်နက်ကိုင်ခုနစ်ဖွဲ့၏ ထိပ်သီးမျက်နှာစုံညီအစည်းအဝေး ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မေ ၁၇ ရက်မှ ၁၈ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent