အဆိုတော်အက်ရှီရန်သည် သီချင်းမူ ပိုင်ခွင့်အမှုတွင် အနိုင်ရပြီးသည့်နောက် နယူးယော့ခ်စီးတီးတွင် ပရိသတ်များအား ထင်မှတ်မထားသည့် တင်ဆက်မှုတစ်ခု ပြုလုပ်ခဲ့သည်။
အက်ရှီယန်ကို ပရိသတ်အုပ်က အော်ဟစ်နှုတ်ဆက်ကြပြီး ရှီရန်က ကားတစ်စီးပေါ်မှ ဖျော်ဖြေပေးသွားခြင်းဖြစ်သည်။ ၎င်းဆိုသွားသည့် သီချင်းများထဲ လက်ရှိအမှုတွင် အဓိကသက်ဆိုင်ခဲ့သည့် “Thinking Out Loud” သီချင်းလည်း ပါခဲ့သည်။
အက်ရှီရန်၏ ယင်းအသေးစားဖျော်ဖြေ မှုကို ပရိသတ်အများစုက ဗီဒီယိုရိုက်ယူကာ ဆိုရှယ်မီဒီယာတွင် တင်ထားကြသည်။ အက်ရှီယန်၏ ]]Thinking Out Loud}} သီချင်း က အဆိုတော်မာဗင်ဂေး၏ “Let’s Get It On” သီချင်းကို ကူးချထားခြင်းမရှိဟု ရုံးတော် စီရင်ချက်ကျလာပြီး နောက်တစ်နေ့တွင် အမှုနိုင်သည့်အထိမ်းအမှတ် ရှီရန်က လမ်းသွားလမ်းလာများကို ဖျော်ဖြေခဲ့ခြင်းဖြစ်သည်။
မာဗင်ဂေး၏ သီချင်းရေးဆရာများထဲမှ တစ်ဦးဖြစ်သည့် တေးရေးတေးဆို အက်ဒ်တောင်းဆန်းတို့ဘက်မှ အက်ရှီရန်သည် ၎င်းတို့၏ ၁၉၇၃ နာမည်ကျော် R&B သီချင်းကို ခွင့်မတောင်းဘဲ ခိုးချထားပါသည်ဟုဆိုကာ တရားစွဲထားပြီး လေးနှစ်နီးပါးအကြာတွင် တရားရုံးက အက်ရှီရန်ကို အနိုင်ပေးလိုက်သည်။
တရားစွဲသူများဘက်က နစ်နာကြေး အမေရိကန်ဒေါ်လာသန်း ၁၀၀ လည်း တောင်းခဲ့သည်။
အက်ရှီယန်သည် အမှုကိစ္စကြောင့် အဘွားဖြစ်သူ၏ စျာပနသို့ပင် မသွားလိုက်ရပေ။
“ကျွန်တော်ဟာ ပရိသတ်တွေအတွက် သီချင်းတွေရေးနေရတာကိုကြိုက်တဲ့ ဂစ်တာတစ်လက်နဲ့ကောင်ပါ။ ဒီအမှုအတွက် နယူးယော့ခ်ကို ရောက်နေရလို့ အိုင်ယာလန်မှာ အဘွားရဲ့စျာပနရှိတာတောင် မသွားနိုင်ခဲ့ပါဘူး။ အဲဒီအချိန်ကို ကျွန်တော် ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး” ဟု ရှီရန်က စိတ်မကောင်းဖွယ်ပြောသည်။
ထို့ပြင် သီချင်းရေးဆရာများ၏ ဖန်တီးမှုလွတ်လပ်ခွင့်ကို ကာကွယ်ပေးခဲ့သည့်အတွက် မိသားစုအပြင်၊ ပူးတွဲသီချင်းရေးဆရာ အေမီ ဝက်ဂျ်နှင့် ခုံသမာဓိအဖွဲဲ့ကိုလည်း အက်ရှီရန်က ကျေးဇူးတင်စကားဆိုခဲ့သည်။ ယခုအမှု မတိုင်မီ ရှီရန်သည် သီချင်းကူးချမှုဖြင့်ပင် နှစ်ကြိမ်တရားစွဲခံထားရသေးသည်။ သို့သော် နှစ်မှုစလုံး ကျေအေးသွားခဲ့သည်။