ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့

ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့
Published 3 May 2023

မေ ၃ ရက်တွင် အကြိမ် ၃၀ မြောက် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ကို ယူနက်စကိုကဦးဆောင်ကာ ကမ္ဘာတစ်ဝန်းတွင် ကျင်းပခဲ့သည်။ ၂၀၂၃ ခုနှစ်အတွက် ပင်မအကြောင်းအရာမှာ “အနာဂတ်အခွင့်အရေးများကို ပုံဖော်ခြင်း-အခြားလူ့အခွင့်အရေးအားလုံးအတွက် မောင်းနှင်မှုအဖြစ် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်”ဖြစ်သည်။

နိုင်ငံအများအပြားတွင် လွတ်လပ်သောမီဒီယာများ တိုးပွားလာခြင်းနှင့် ဒစ်ဂျစ်တယ်နည်းပညာများ ထွန်းကားလာခြင်းကြောင့် သတင်းအချက်အလက်များကို လွတ်လပ်စွာ စီးဆင်းနိုင်စေခဲ့သည်။ သို့သော်လည်း မီဒီယာလွတ်လပ်ခွင့်၊ သတင်းသမားများ၏ ဘေးကင်းမှုနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့သည် အခြားလူ့အခွင့်အရေးများ ပြည့်ဝစေမှုအပေါ် သက်ရောက်မှုကြီးမားလာနေသည်။ နိုင်ငံတကာအသိုက်အဝန်းသည် ပဋိပက္ခများနှင့် အကြမ်းဖက်မှုများ၊ ရွှေ့ပြောင်းနေထိုင်မှုများကို ဖြစ်ပေါ်စေသည့် ဆက်တိုက်ဖြစ်ပေါ်နေသော လူမှုစီးပွားမညီမျှမှုများနှင့် ကမ္ဘာတစ်ဝန်းရှိလူများ၏ ကျန်းမာရေးနှင့် လူမှုဖူလုံရေးအတွက် စိန်ခေါ်မှုများ အစရှိသော အကျပ်အတည်းများစွာကို ရင်ဆိုင်နေ ရသည်။ တစ်ချိန်တည်းမှာပင် အွန်လိုင်းနှင့် အော့ဖ်လိုင်းသတင်းမှားများသည် ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးကို နောက်ခံပြုထားသည့် အင်စတီကျူးရှင်းများအပေါ် ပြင်းထန်သော အကျိုးသက်ရောက်မှုများနှင့်အတူ ပျံ့နှံ့နေသည်။

စာနယ်ဇင်းလွတ်လပ်ခွင့်၊ သတင်းသမားများ၏ ဘေးကင်းလုံခြုံရေးနှင့် သတင်းရယူခွင့်တို့သည် အချက်အချာကျပြီး အဆိုပါအရေးကြီးသောအခြေအနေများနှင့် ခြိမ်းခြောက် မှုများကို အတိအကျတန်ပြန်ရန်လိုအပ်သည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ တွင် ပြဋ္ဌာန်းထားသော လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် မဖြစ်မနေလိုအပ်ပြီး အခြားလူ့အခွင့်အရေးအားလုံးကို ခံစားခွင့်အတွက် မောင်းနှင်အား ဖြစ်သည်။ ထို့ကြောင့် ယခု နှစ် ၃၀ ပြည့်၊ အထူးနှစ်သည် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အဖြစ် စာနယ်ဇင်းလွတ်လပ်ခွင့်အပြင် အခြားသော လူ့အခွင့်အရေးအားလုံးကို ခံစားခွင့်ရရေးသော့ချက်အနေဖြင့် လွတ်လပ်သော၊ ဗဟုဝါဒကျသောနှင့် မတူကွဲပြားသော မီဒီယာများရပ်တည်နိုင်ရေးကို တောင်းဆိုရမည် ဖြစ်သည်။

စာနယ်ဇင်းလွတ်လပ်ခွင့် သို့မဟုတ် မီဒီယာလွတ်လပ်ခွင့်ဟူသည် ပုံနှိပ် သို့မဟုတ် အီလက်ထရွန်နစ်မီဒီယာများ အထူးသဖြင့် ထုတ်ဝေဖြန့်ချိသည့်အရာများအပါအဝင် မီဒီယာအမျိုးမျိုးမှတစ်ဆင့် ဆက်သွယ်ဖော်ပြမှုများကို လွတ်လပ်စွာ ကျင့်သုံးပိုင်ခွင့်ရှိကြောင်း သတ်မှတ်သင့်သည်ဟူသည့် သဘောတရားစည်းမျဉ်းဖြစ်သည်။ ယင်းကဲ့သို့သော လွတ်လပ်ခွင့်အပေါ် နိုင်ငံတော်က ဝင်ရောက်စွက်ဖက်နှောင့်ယှက်မှု ကင်းမဲ့ရေးကို ရည်ညွှန်းပြီး အဆိုပါလွတ်လပ်ခွင့်အား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနှင့် အခြားဥပဒေဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများမှတစ်ဆင့် ထိန်းသိမ်းပေးရမည်ဟူ၍ ဖြစ်သည်။ ကုလသမဂ္ဂ၏ ၁၉၄၈ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၌လည်း “လူတိုင်း၌ လွတ်လပ်စွာ ထင်မြင်ချက်ပေးပိုင်ခွင့်နှင့် ဖော်ထုတ်ပြသပိုင်ခွင့်ရှိသည်။ ယင်းအခွင့်အရေးတွင် စွက်ဖက်နှောင့်ယှက်မှုမရှိဘဲ ထင်မြင်ချက်ကို ဆုပ်ကိုင်ထားပိုင်ခွင့်နှင့် မည်သည့်မျက်နှာစာများ၌ဖြစ်စေ မည်သည့်မီဒီယာမှတစ်ဆင့်မဆို အချက်အလက်များနှင့် စိတ်ကူး စိတ်သန်းများကို ရှာဖွေခွင့်၊ လက်ခံခွင့်နှင့် ဖန်တီးပေးအပ်ပိုင်ခွင့် ပါဝင်သည်”ဟူ၍ ဖော်ပြထားသည်။

စာနယ်ဇင်းလွတ်လပ်ခွင့် အခြေခံသဘောတရားများကို မြှင့်တင်ရန်၊ ကမ္ဘာတစ်လွှားမှ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အကဲဖြတ်ရန်၊ ၎င်းတို့၏ လွတ်လပ်ခွင့်အပေါ် တိုက်ခိုက်ခံရမှုများမှ မီဒီယာများကို ကာကွယ်ပေးရန်နှင့် မီဒီယာအလုပ်ကို လုပ်ကိုင်ရင်း အသက်ဆုံးရှုံးခဲ့ရသည့် ဂျာနယ်လစ်များကို ဂုဏ်ပြုရန်တို့အတွက် နှစ်စဉ် မေ ၃ ရက်တွင် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ကို ကျင်းပလာခဲ့သည်မှာ အကြိမ် ၃၀ မြောက်ခဲ့ပြီဖြစ်သည်။ ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ကို ၁၉၉၁ ခုနှစ် ယူနက်စကို၏ ညီလာခံတွင် အဆိုပြုခဲ့ပြီး ၁၉၉၃ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။ မီဒီယာဗဟုဝါဒနှင့် မီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်သော Windhoek ကြေညာစာတမ်းကို ၁၉၉၁ ခုနှစ်တွင် အာဖရိကဂျာနယ်လစ်များက ထုတ်ပြန်ခဲ့ပြီး ယင်းသမိုင်းဝင်စာတမ်းကို တုံ့ပြန်သောအားဖြင့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ ကျင်းပရန် အဆိုပြုခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂအထွေထွေညီလာခံက ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အဖြစ် ကြေညာခဲ့သည့် နှစ် ၃၀ ပြည့်အထိမ်းအမှတ်အဖြစ် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် အထူးနှစ်ပတ်လည်နေ့ကို ကျင်းပခဲ့သည်။ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ယခုနှစ်ပတ်လည်တွင် မေလ ၂ ရက် ကုလသမဂ္ဂဌာနချုပ်၌ လှုပ်ရှားမှုများ အပြည့်အဝပါဝင်ခဲ့သည်။ မီဒီယာများ၊ ပညာရှင်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ မိတ်ဖက်များအား ယခု နှစ်၏ ပင်မအကြောင်းအရာ ဆောင်ပုဒ်ကို အဓိကထား၍ နယူးယောက်နှင့် ကမ္ဘာတစ်ဝန်းရှိ အခမ်းအနားများကို စီစဉ်ကျင်းပရန် ဖိတ်ကြားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် လူ့အခွင့်အရေးများအနက် အခြေခံအကျဆုံးဖြစ်ပြီး အခြားလူ့အခွင့်အရေးများအားလုံးအတွက် မောင်းနှင်မှုအဖြစ် အဓိကအကျဆုံးလည်းဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မေ ၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent