အင်ဒိုနီးရှားတွင် COVID-19ရောဂါ ကူးစက်မှုများ မြင့်တက်လျက်ရှိပြီး သတိဖြင့်နေထိုင်ကြရန် အာဏာပိုင်များတိုက်တွန်း

အင်ဒိုနီးရှားတွင် COVID-19ရောဂါ ကူးစက်မှုများ မြင့်တက်လျက်ရှိပြီး သတိဖြင့်နေထိုင်ကြရန် အာဏာပိုင်များတိုက်တွန်း
၂၀၂၁ ခုနှစ် ဇွန် ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ COVID-19 ရောဂါ သတိပေးပိုစတာနံဘေးမှ အမျိုးသမီးတစ်ဦး ဖြတ်လျှောက်သွားစဉ်(Photo: CNA)
၂၀၂၁ ခုနှစ် ဇွန် ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ COVID-19 ရောဂါ သတိပေးပိုစတာနံဘေးမှ အမျိုးသမီးတစ်ဦး ဖြတ်လျှောက်သွားစဉ်(Photo: CNA)
Published 2 May 2023
Ref: CNA

အင်ဒိုနီးရှားတွင် Arcturus ဗိုင်းရပ်စ် မျိုးကွဲကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွားလာပြီးနောက် COVID-19 ရောဂါ ကူးစက်သူဦးရေသည် လာမည့်ရက်ပိုင်းအတွင်း ဆက်လက်မြင့်တက်နေဦးမည်ဖြစ်ကြောင်း ဂျာကာတာမြို့ ကျန်းမာရေးဌာနက သတိပေးချက်ထုတ်ပြန်ခဲ့သည်။

မတ်လ ၂၃ ရက်က Arcturus ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရမှုကို ပထမဆုံးအကြိမ်တွေ့ ရှိခဲ့ပြီးနောက်ပိုင်း အင်ဒိုနီးရှားတွင် အဆိုပါ ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရသည့် အတည်ပြုလူနာ ၁၀ ဦး ရှိလာပြီဟု အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ ၎င်းလူနာ ၁၀ ဦးစလုံးသည် ဂျာကာတာမြို့မှဖြစ်သည်။

Arcturus သို့မဟုတ် XBB.1.16 ဟု အမည်ရသည့် အိုမီခရွန် ထပ်ဆင့်မျိုးကွဲ ဗိုင်းရပ်စ်၏ ကူးစက်ပျံ့နှံ့နိုင်စွမ်းသည် XBB.1 နှင့် XBB.1.15 မျိုးကွဲတို့ထက် ၁ ဒသမ ၁၇ ဆမှ ၁ ဒသမ ၂၇ ဆ ပိုမိုမြင့်မားကြောင်း တိုကျိုတက္ကသိုလ်၏ လေ့လာတွေ့ရှိချက်အရ သိရသည်။

အစ္စလာမ်ဘာသာဝင်တို့၏ Idul Fitri အားလပ်ရက်ကာလတွင် သွားလာလှုပ်ရှားမှုများ မြင့်တက်လာခြင်းနှင့်အတူ မကြာသေးမီက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်လာရသည့် အကြောင်းရင်းသည် ၎င်းဗိုင်းရပ်စ်ကြောင့်ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း အင်ဒိုနီးရှားတွင်နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်ထောင်ကျော်ရှိနေကာ ၂၀၂၀ ခုနှစ် မတ်လတွင် အင်ဒိုနီးရှား၌ ၎င်းကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက်ပိုင်း ရောဂါကူးစက်ခံရသူပေါင်း ၆ ဒသမ ၇ သန်းအထိ ရှိလာပြီဖြစ်သည်။

“ဗိုင်းရပ်စ်ကူးစက်မှု အလားအလာ မြင့်တက်နေဆဲဖြစ်ပြီး လာမယ့်သီတင်းပတ်မှာ ကူးစက်မှု အထွတ်အထိပ်ကာလကို ရောက်ရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်”ဟု ဂျာကာတာ ကျန်းမာရေးဌာန၏ ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ကာကွယ်ဆေးထိုးနှံမှုများအပေါ် စောင့်ကြည့်ရေးဌာန အကြီးအကဲ ဂါဘီလာ ဆာလာမာက မေ ၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

နေ့အလိုက် ကူးစက်သူဦးရေသည် လာမည့်သီတင်းပတ်တွင် လေးထောင်ကျော်အထိ ရှိလာနိုင်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ မြင့်တက်လာခြင်းသည် ပြဿနာကြီး၏ တစ်စွန်းတစ်စမျှသာ ဖြစ်ဖွယ်ရှိကြောင်း ၎င်းကပြောကြားခဲ့ပြီး ဗိုင်းရပ်စ်စစ်ဆေးမှု အရေအတွက် ကျဆင်းလာခြင်းနှင့် ပိုးတွေ့နှုန်း မြင့်တက်လာသည့် အခြေအနေတို့ကိုလည်း ၎င်းက ထောက်ပြပြောဆိုခဲ့သည်။

အင်ဒိုနီးရှားအစိုးရက ထုတ်ပြန်သည့် အချက်အလက်များအရ ပြီးခဲ့သည့် သီတင်းပတ်အတွင်း နိုင်ငံတစ်ဝန်း၌ နေ့စဉ် လူတစ်သောင်းဝန်းကျင်ကို ဗိုင်းရပ်စ်စစ်ဆေးပေးခဲ့ပြီး ၎င်းတို့အနက်မှ ၁၀ ရာခိုင်နှုန်းတွင် ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့သည်ဟု သိရသည်။

ဗိုင်းရပ်စ်ကူးစက်ခံရသူ သိသိသာသာမြင့်တက်လာခြင်းကြောင့် ဂျာကာတာမြို့ရှိ ဆေးရုံခုတင်များတွင် လူနာတက်ရောက် ကုသမှု ၁၆ ရာခိုင်နှုန်းရှိနေကာ ဧပြီလအစော ပိုင်းကထက် နှစ်ဆမြင့်တက်လာခဲ့သည်။

ဂျာကာတာမြို့ခံများအနေဖြင့် စတုတ္ထအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူကြရန်လည်း ဒေါက်တာဆာလာမာက တိုက်တွန်းခဲ့သည်။ လွန်ခဲ့သည့် တစ်ပတ်အတွင်း ကိုဗစ်ရောဂါဖြင့် သေဆုံးခဲ့သည့် လူနာ ၁၆ ဦးစလုံးသည် စတုတ္ထအကြိမ် ကာကွယ်ဆေး ထိုးနှံထားခြင်း မရှိသူများဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

သို့ရာတွင် အင်ဒိုနီးရှားသည် COVID -19 ရောဂါကူးစက်မှုကို ထိန်းချုပ်ထားနိုင်သည့် အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်းနှင့် ပြည်သူများကို တည်တည်ငြိမ်ငြိမ်ရှိကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။ သို့သော် အမြဲမပြတ် သတိထားရန်လိုအပ်ကြောင်း ၎င်းကသတိပေးခဲ့သည်။

 

Most Read

Most Recent