ပေါ်လီယာနာစည်းမျဉ်း သို့မဟုတ် အကောင်းဘက်သို့ ဘက်လိုက်မှု

ပေါ်လီယာနာစည်းမျဉ်း သို့မဟုတ် အကောင်းဘက်သို့ ဘက်လိုက်မှု
Published 21 April 2023

ပေါ်လီယာနာစည်းမျဉ်း (Pollyanna Principle) ဟူသည် မနှစ်မြို့ဖွယ် အကြောင်းအရာများထက်စာလျှင် နှစ်သက်ဖွယ် အကြောင်းအရာများကိုသာ လူတို့၏ ပိုမိုတိကျစွာ မှတ်မိသည့် ဖြစ်နိုင်ခြေကို ဆိုလိုသည်။ မသိစိတ်ထဲတွင် စိတ်သည် အကောင်းမြင်မှုအပေါ်၌သာ စူးစိုက်နိုင်ခြေရှိပြီး သိစိတ်တွင် မကောင်းမြင်မှုအပေါ် စူးစိုက်နိုင်ခြေရှိသည်ဟု သုတေသနများကဆိုသည်။ မသိစိတ်၏ အကောင်းဘက်သို့ ဘက်လိုက်မှုကို ပေါ်လီယာနာ ဥပဒေသဖြင့် ရှင်းပြလေ့ရှိကြသည်။

ပေါ်လီယာနာဟူသည့် အမည်သည် အီလီယာနာအိပ်ချ်ပေါ်တာ၏ ၁၉၁၃ ခုနှစ်တွင် ထွက်ရှိခဲ့သည့် ဝတ္ထုရှည်အမည်ကို ယူထားခြင်းဖြစ်သည်။ ဝတ္ထုထဲမှ ဇာတ်ကောင်မိန်းကလေးသည် အနေအထားတိုင်းနှင့် ပတ်သက်၍ ပျော်ရွှင်နှစ်သက်ဖွယ်ရာ တစ်စုံတစ်ရာကို ရှာဖွေရန် ကြိုးပမ်းလျက် ပျော်ရွှင်ဖွယ်ဂိမ်းကိုသာ ကစားလိုသူဖြစ်သည်။ ယင်းဝတ္ထုကို ရုပ်ရှင်အဖြစ် အကြိမ်ကြိမ် ရိုက်ကူးခဲ့ပြီး အထင်ရှားဆုံးမှာ ၁၉၂၀ ပြည့်နှစ်နှင့် ၁၉၆၀ ပြည့်နှစ်များတွင် ထွက်ရှိခဲ့သော ရုပ်ရှင်များ ဖြစ်ကြသည်။ ပေါ်လီယာနာဟူသည့် အမည် ကို စိတ်ပညာဆိုင်ရာစာတမ်းတွင် ၁၉၆၉ ခုနှစ်၌ ပထမဆုံး သုံးစွဲခဲ့ပြီး ဘူချာနှင့် အော့စ်ဂွတ်တို့က လူသားတို့သည် တစ်ဦးနှင့် တစ်ဦး ဆက်သွယ်ရာတွင် မကောင်းသော သဘောရှိသည်ဟု အကဲဖြတ်သော စကားလုံးများထက်ကောင်းသော သဘောရှိသည့် စကားလုံးများကို ကြိမ်ဖန်များစွာနှင့် ကွဲပြားခြားနားစွာ အသုံးပြုနိုင်ခြေရှိသည်ဟူသည့် ပေါ်လီယာနာသဘောတရားကို တင်ပြခဲ့ခြင်းဖြစ်သည်။

ပေါ်လီယာနာစည်းမျဉ်းကို ပိုမိုတိကျသည့် ပကတိပုံစံတစ်ရပ်အဖြစ် ၁၉၇၈ ခုနှစ်တွင် မက်တလင်းနှင့် စတန်းတို့က တင်ပြခဲ့ကြသည်။ ၎င်းတို့တင်ပြသည့် စိတ်ပညာဆိုင်ရာဥပဒေသတွင် လူတို့သည် အတိတ်ကို စဉ်းစားသည့်အခါ အကောင်း (နှစ်သက်ဖွယ်အရာများ) ဘက်သို့ လိုက်တတ်ကြသည့် သဘောကို သရုပ်ဖော်ထားသည်။ ပေါ်လီယာနာစည်းမျဉ်းအရ မနှစ်မြို့ဖွယ် အချက်အလက်များနှင့် နှိုင်းယှဉ်ပါက နှစ်သက်ကျေနပ်ဖွယ်ကောင်းသော၊ သဘောတူနိုင်ဖွယ်ရှိသော အချက်အလက်များကို လူ၏ဦးနှောက်က ပိုမိုတိကျခိုင်မာစွာဖြင့် လုပ်ငန်းစဉ်များ လုပ်ဆောင်လေ့ရှိသည်ဟု ဆိုသည်။ လူသားတို့သည် အတိတ်အတွေ့ အကြုံများကို ပြန်လည်စဉ်းစား အမှတ်ရသည့်အခါ အမှန်တကယ် ဖြစ်ပျက်ခဲ့သည်ထက် ပိုမိုအားရရွှင်လန်းစွာ အမှတ်ရတတ်ကြသည်ဟုဆိုသည်။

သုတေသနပညာရှင်များဖြစ်သော မာဂရက်မက်တလင်းနှင့် ဒေးဗစ်စတန်းတို့သည် ပေါ်လီယာနာစည်းမျဉ်းနှင့် ပတ်သက်သော သက်သေအထောက်အထားများကို အဆက်မပြတ် ရှာဖွေတင်ပြခဲ့ကြသည်။ ၎င်းတို့က လူတို့သည် ကောင်းသော လှုံ့ဆော်မှုများကို ၎င်းတို့ကိုယ်တိုင်က ထိတွေ့ကြပြီး မကောင်းသော လှုံ့ဆော်မှုများကို ရှောင်ရှားကြကြောင်းနှင့် နှစ်သက်ဖွယ်ဖြစ်သော သို့မဟုတ် ဘေးကင်းလုံခြုံသော အရာများထက် မည်သည့်အရာသည် မနှစ်မြို့ဖွယ်ဖြစ်သည် သို့မဟုတ် ခြိမ်းခြောက်နေသည်ကို သိမြင်ရန် အချိန်ပို၍ယူကြကြောင်း ဖော်ပြခဲ့ကြသည်။

ပေါ်လီယာနာစည်းမျဉ်းကို Facebook ကဲ့သို့သော လူမှုကွန်ရက်များ၌လည်း လေ့လာကြည့်နိုင်သည်။ ဥပမာအားဖြင့် Facebook တွင် နှစ်မြို့ဖွယ်ရာကောင်းသော ပို့စ်များကို ပိုမို Like ကြသည်ကိုလည်းကောင်း၊ ပိုမို Share ကြသည်ကိုလည်းကောင်း တွေ့ရှိရမည် ဖြစ်သည်။ သို့သော် ပေါ်လီယာနာစည်းမျဉ်းကို စိတ်ကျရောဂါ သို့မဟုတ် စိုးရိမ်လွန်ရောဂါ ခံစားနေရသူများ၌ အသုံးမပြုနိုင်ပါ။ ထိုသူတို့သည် ပိုမိုစိတ်ဓာတ်ကျဖွယ်ကောင်းသော အကြောင်းအရာများ သို့မဟုတ် စိတ်ပျက်ဖွယ်ရာများဆီသို့ ပိုမိုတိမ်းညွှတ်တတ်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ဒိဋ္ဌဓမ္မလောကတွင် နှစ်မြို့သည်ဖြစ်စေ၊ မနှစ်မြို့သည်ဖြစ်စေ၊ ကောင်းသော သို့မဟုတ် မကောင်းသော အရာများနှင့် အလျဉ်းသင့်သလို ကြုံတွေ့ရခြင်းကိုပင် ကံကြမ္မာဟု ခေါ်ဆိုတတ်ကြသည်။ ထို့ကြောင့် တွေ့ကြုံလာသမျှကို တွေ့ကြုံလာသည့်အတိုင်း မှန်မှန်ကန်ကန် ရှုမြင်လျက် ရဲရဲဝံံ့ဝံံ့ ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိရန်သာ လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဧပြီ ၂၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent