(၈)နှစ်အရွယ် Mascot မိန်းကလေးငယ်ကို နွေးထွေးစွာ ဆက်ဆံခြင်းမရှိသည့် အာဆင်နယ်ကစားသမားများ ပြင်းထန်စွာ ဝေဖန်ခံနေရ

(၈)နှစ်အရွယ် Mascot မိန်းကလေးငယ်ကို နွေးထွေးစွာ ဆက်ဆံခြင်းမရှိသည့် အာဆင်နယ်ကစားသမားများ ပြင်းထန်စွာ ဝေဖန်ခံနေရ
Photo: Daily Mail
Photo: Daily Mail
Published 20 April 2023

အာဆင်နယ်အသင်းကစားသမားများသည် ဝက်စ်ဟမ်းနှင့်ပွဲတွင် Mascot (လာဘ်ကောင်)အဖြစ် ၎င်းတို့နှင့်အတူ လိုက်ပါခဲ့သည့် အသက် (၈)နှစ်အရွယ် မိန်းကလေးငယ်ကို နွေးထွေးစွာဆက်ဆံခြင်းမရှိသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

အာဆင်နယ်အသင်းသည် ဧပြီလ (၁၆) ရက်(တနင်္ဂနွေနေ့)က ကစားခဲ့သည့် ဝက်စ်ဟမ်းနှင့် (၂-၂) ဂိုးဖြင့် သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ Mascot မိန်းကလေးငယ်၏ အာဆင်နယ်အသင်းဂျာစီတွင် အသင်းကစားသမားများ အမှတ်တရလက်မှတ်ထိုးပေးနေသည့် ဗီဒီယိုဖိုင်ကို ၎င်းတို့၏ Twitter တွင် တင်ပေးခဲ့သည်။

ယင်းဗီီဒီယိုတွင် အိုလီဗီယာမာရေးအမည်ရ အသက် (၈)နှစ်အရွယ် မိန်းကလေးသည် အာဆင်နယ်ကစားသမားများကို လေးစားအားကျစွာဖြင့် ငေးကြည့်ခဲ့သော်လည်း အာဆင်နယ်ကစားသမားများသည် အဆိုပါမိန်းကလေးကို နှုတ်ဆက်ခြင်းမရှိသလို၊ ကြည့်ခြင်းမရှိဘဲ ဝတ်ကျေတန်းကျေသဘောဖြင့် လက်မှတ်ထိုးပေးခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။

ထို့ကြောင့် ဘောလုံးပရိသတ်များက အာဆင်နယ်ကစားသမားများ၏ လုပ်ရပ်ကို ဝေဖန်ခဲ့ကြပြီး နာမည်ကျော် အာဆင်နယ်ပရိသတ်ဖြစ်သည့် အားကစားဂျာနယ်လစ် ပီယာ့စ်မော်ဂန်ကပင် လူမှုကွန်ရက်တွင် ဝေဖန်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဘောလုံးပရိသတ်များကလည်း Twitter တွင် မန်ယူနှင့် နယူးကာဆယ်အသင်းကစားသမားများအနေဖြင့် Mascot ကလေးငယ်များကို နွေးထွေးစွာဆက်ဆံပုံကို ပြန်လည်ဝေမျှကာ အာဆင်နယ်ကစားသမားများ၏ဆက်ဆံပုံကို ဝေဖန်ခဲ့ကြသည်။

ပီယာ့စ်မော်ဂန်က ''လုပ်စမ်းပါ ငါကောင်တို့ရာ။ အနည်းဆုံးတော့ မင်းတို့ သူ့ကို နှုတ်ဆက်သင့်တာပေါ့''ဟု ရေးသားခဲ့သည်။

ထို့ပြင် အခြားဘောလုံးပရိသတ်များစွာကလည်း အာဆင်နယ်ကစားသမားများ၏လုပ်ရပ်ကို ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။

Mascot အခွင့်အရေးမှာ ကလေးငယ်များအတွက် ဘဝတွင် ရနိုင်ခဲသည့်အခွင့်အရေးဖြစ်သဖြင့် ကစားသမားများအနေဖြင့် နွေးထွေးစွာဆက်ဆံသင့်ကြောင်း ပရိသတ်များက မှတ်ချက်ပြုခဲ့ကြသည်။

Most Read

Most Recent