နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr.Vinay Kumar တို့သည် ဧပြီ ၃ ရက် နံနက်ပိုင်းက နေပြည်တော်ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅) ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းနှင့် စပ်လျဉ်းသည့်ကိစ္စ၊ ကုလားတန်မြစ်ကြောင်း တစ်လျှောက် ရေယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရန် ရေကြောင်းတိုင်းတာရေးနှင့် သောင်တူးဖော်ရေးကိစ္စ၊ လေကြောင်းလိုင်း တိုးချဲ့ပျံသန်းရေးကိစ္စနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာဌာနအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။