လွန်ခဲ့သောဆယ်စုနှစ်များတွင် ရောင်းအား အလွန်မြင့်တက်လာသော ရေသန့်ဘူးအတွက် တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် အသုံးပြုသောငွေများ၏တစ်ဝက်သည် ဘုံပိုင်မှရသည့် သန့်ရှင်းသော သောက်ရေကို ကမ္ဘာအနှံ့ရရှိရန် လုံလောက်လိမ့်မည်ဟု မတ်လ ၁၆ ရက်တွင် ထုတ်ပြန်သော ကုလသမဂ္ဂ လေ့လာချက်တစ်ခုအရ သိရသည်။
ခန့်မှန်းခြေ ရေသန့်ဘူး ၈၅ ရာခိုင်နှုန်းမှာ ဖို့မြေများဖြစ်သွားသောကြောင့် ရေသန့်ဘူးမှ ရေသောက်သောအလေ့အကျင့်များ ပြောင်းလဲမှုသည် ပလတ်စတစ်အမှိုက် များများစားစားကျဆင်းမှုကို ဦးတည်စေမည်ဟု အစီရင်ခံစာကဆိုသည်။
ဘုံပိုင်ရေနှင့် ရေသန့်ဘူးထဲက ရေတို့၏ ဘေးကင်းမှုနှင့်စပ်လျဉ်း၍ နားလည်မှုလွဲခြင်းက လူတစ်ဦးချင်းစီ၏ အကြိုက်ဆုံးအရာများတွင် အဓိကကဏ္ဍမှ ပါဝင်နေသည်ဟု လေ့လာချက်၏ကနေဒါအခြေစိုက် စာရေးသူများက ဖော်ပြထားသည်။
“နားလည်ထားကြတာကတော့ ဘူးထဲထည့်ထားတဲ့ရေဟာ ကျန်းမာရေးနဲ့အပြည့်စုံဆုံး ရွေးချယ်မှုဖြစ်တယ်လို့ နားလည်ထားကြတာ ဖြစ်ပါတယ်”ဟု လေ့လာချက်ကို ဦးဆောင်ရေးသားသူ ဇေနက်ဘူလယ်က အေအက်ဖ်ပီကို ပြောကြားသည်။
“ဒါပေမဲ့ ဒါဟာ သေချာပေါက် လိုအပ်တဲ့ကိစ္စမဟုတ်ဘူးဆိုတာကို ကျွန်မတို့သက်သေပြထားပါတယ်။ လူတွေဟာ ရေသန့်ဘူးထဲကရေကို ဘုံပိုင်ရေတစ်လီတာထက် အဆ ၁၅၀ ကနေ အဆ ၁,၀၀၀ လောက် ပိုပေးနေကြပါတယ်”ဟု ၎င်းကပြောသည်။
လေ့လာချက်အရ နိုင်ငံ ၄၀ ကျော်လောက်က ရေသန့်ဘူးတံဆိပ် တစ်ရာကျော်လောက်တွင် ညစ်ညမ်းစေသောအရာများကိုတွေ့ရှိထားပြီး ညစ်ညမ်းစေသောအရာများသည် ဒေသန္တရစံနှုန်းများသို့မဟုတ် ကမ္ဘာ့စံနှုန်းများကို ကျော်လွန်နေတတ်သည်ဟု ဆိုသည်။
လွန်ခဲ့သော ဆယ်နှစ်အတွင်းတွင် ကမ္ဘာလုံးဆိုင်ရာ ရေသန့်ဘူးရောင်းအားသည် ၇၃ ရာခိုင်နှုန်း မြင့်တက်သွားရာ အမေရိကန်ဒေါ် လာသန်း ၂,၇၀၀ နီးပါးနှင့် လီတာ သန်း ၃,၅၀၀ အထိရှိသည်။
တစ်နှစ်ကို ပလတ်စတစ်ဘူး ဘီလျံ ၆၀၀ လောက် ထုတ်လုပ်လျက်ရှိရာ ခန့်မှန်းခြေအားဖြင့် ပလတ်စတစ်အမှိုက်တန်ချိန် ၂၅ သန်းလောက်ရှိနေသည်။
စီးပွားရေး ဖွံဖြိုးမှုစောသော Global North နိုင်ငံများတွင် စားသုံးသူများက ဘုံပိုင်ရေထက် ရေသန့်ဘူးရေက ကျန်းမာရေးနှင့်ပိုညီညွတ်ပြီး အရသာပိုရှိသည်ဟူသော အမြင်ကြောင့်လည်းကောင်း၊ သယ်ဆောင်ရလွယ်ကူသောကြောင့်လည်းကောင်း ရေသန့်ဘူးကို ဝယ်လေ့ရှိသည်။ စီးပွားရေးဖွံ့ဖြိုးမှု နောက်ကျသော Global South နိုင်ငံများတွင် ယုံကြည်စိတ်ချရသော ပြည်သူပိုင်ရေသန့်ရောင်းချရေး လုပ်ငန်းသို့မဟုတ် ပုဂ္ဂလိကပိုင် သောက်သုံးရေရောင်းချရေးလုပ်ငန်းတို့မရှိခြင်းက ရေသန့်ရောင်းအားကို စေ့ဆော်ပေးနေသည်။
ရေသန့်ဘူးလုပ်ငန်းသည် အများအားဖြင့် စည်းမျဉ်းစည်းကမ်း ထိန်းချုပ်မှု မရှိသဖြင့် မူဝါဒချမှတ် သူများမှာ ရေသန့်ဘူးလုပ်ငန်း လျင်လျင်မြန်မြန်ကျယ်ပြန့်လာခြင်းကို အမီမလိုက်နိုင်ကြဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်းသည် ရေသန့်ဘူးထုတ်လုပ်ရေးအတွက် ထိန်းမနိုင်သိမ်းမရ မြေအောက်ရေ ထုတ်ယူမှုကဲ့သို့သော အန္တရာယ်များကို ပေါ်ပေါက်စေရာ နောက်ဆုံးတွင် မြေအောက်ရေကုန်ခန်းသွားခြင်း သို့မဟုတ် မြေအောက်ရေရှားပါးခြင်းကို ဖြစ်စေနိုင်သည်ဟု လေ့လာချက်ရေးသားသူများက ဖော်ပြထားသည်။
ပြည်သူသန်းနှစ်ထောင်သည် ဘေးကင်းစွာ စီမံထားသော သောက်ရေကိုရရှိခြင်းမရှိဟု ကနေဒါနိုင်ငံ ဟာလ်မီတန်ရှိ ရေ၊ပတ်ဝန်းကျင်၊ ကျန်းမာရေးအတွက် UNU အင်စတီကျု၏ ဗလာဒီမာဆမတ်တင်က ပြောကြားသည်။
အခြေအနေသည် အာဖရိက ဆာဟာရဒေသတွင်အဆိုးရွားဆုံး ဖြစ်နေပြီး ကမ္ဘာအနှံ့ ရေသန့်ဘူးစျေးကွက်များ ဆက်လက်ကျယ်ပြန့်လာခြင်းက အခြေအနေကို ပိုမိုဆိုးရွားစေသည်ဟု ဆိုသည်။
ယင်းသို့ရေသန့်ဘူးစျေး ကွက် ကျယ်ပြန့်လာခြင်းက ပြည်သူ့ ရေစနစ်များ ဖွံ့ဖြိုးမှုမှ အာရုံကိုလည်းကောင်း၊ အရင်းအမြစ်များကိုလည်းကောင်း ပြောင်းလဲသွားစေသည်ဟု ၎င်းက ပြောကြားသည်။ ၂၀၂၀ ပြည့် နှစ်တွင် ကမ္ဘာ့လူဦးရေ ၇၄ ရာခိုင်နှုန်းသည် ဘေးကင်းစွာ စီမံထားသော သောက်ရေကို အသုံးပြုခဲ့ကြသည်။ ၂၀၀၀ ပြည့်နှစ်တွင် ၆၂ ရာ ခိုင်နှုန်းမှ မြင့်တက်လာခြင်းဖြစ်သည်။ သို့ရာတွင် “ကျွန်တော်တို့ဟာ ကုလသမဂ္ဂရဲ့ရည်မှန်းချက်ဖြစ်တဲ့ ၂၀၃၀ လောက်မှာ နေရာအနှံ့ သောက်ရေရရှိရေးဆိုတာကို ပြည့်မီဖို့ သိသိသာသာ ပြေးလမ်းချော်နေပါတယ်”ဟု လေ့လာချက်ကိုပူးတွဲရေးသူ ဗလာဒီမာဆမတ်တင်က ပြောကြားပြီးမျက်မှောက်လမ်းကြောင်းမှာ အကျိုးပြုခြင်းမရှိဟု ဆိုသည်။ ပြည်သူများကို ရေသန့်ဘူးဆိုသည်ထက် တည်ငြိမ်အားထားရသောရေကိုပံ့ပိုးပေးရန် ပြည်သူ့ရေပံ့ပိုးမှုတွင် မြှုပ်နှံရမည်ဟုဆိုသည်။















