ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်-မန္တလေး အမြန်လမ်း အစရှိသည့် နေရာများတွင် လျှပ်စစ်သုံးမော်တော်ယာဉ်များ အားသွင်းနိုင်မည့် နေရာ ၁၉ ခုကို မတ်လအတွင်း ၁၀၀ ရာခိုင်နှုန်း အပြီးတည်ဆောက်မည်

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်-မန္တလေး အမြန်လမ်း အစရှိသည့် နေရာများတွင် လျှပ်စစ်သုံးမော်တော်ယာဉ်များ အားသွင်းနိုင်မည့် နေရာ ၁၉ ခုကို မတ်လအတွင်း ၁၀၀ ရာခိုင်နှုန်း အပြီးတည်ဆောက်မည်
Published 13 March 2023

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်-မန္တလေး အမြန်လမ်း အစရှိသည့် နေရာများတွင် လျှပ်စစ်သုံးမော်တော်ယာဉ်များ အားသွင်းနိုင်မည့် နေရာ ၁၉ ခုကို မတ်လအတွင်း ၁၀၀ ရာခိုင်နှုန်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်မော်တော်ယာဉ်များ အားသွင်းရန် တည်ဆောက်နေသည့် နေရာများမှာ နေပြည်တော်တွင် လေးနေရာ၊ ရန်ကုန်မြို့တွင် ငါးနေရာ၊ မန္တလေးမြို့တွင် ငါးနေရာနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ငါးနေရာ စုစုပေါင်း ၁၉ နေရာကို ဆောင်ရွက်နေပြီး ကုမ္ပဏီကိုးခုကို တာဝန်ခွဲဝေသတ်မှတ်ပေးထားကာ မတ်လအတွင်း ၁၀၀ ရာခိုင်နှုန်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း၊ ယင်းနေရာများမှာ Pilot Projet များအဖြစ် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် တည်ဆောက်နေသည့် Charging Station များမှာ ရန်ကုန်ဘူတာကြီး၊ ဒဂုံ-ဧရာအဝေးပြေးဝင်း၊ အလုံမြို့နယ် အောက်ကြည့်မြင်တိုင်လမ်း သခင်မြပန်းခြံအနီး၊ လှိုင်မြို့နယ် သီရိမင်္ဂလာစျေးအနီး အစရှိသည့်နေရာများတွင် တည်ဆောက်လျက်ရှိသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ သုခတော်ဝင်အိမ်ရာရှေ့၊ မြို့မစျေး၊ သပြေကုန်းစျေး၊ စည်ပင်ဧည့်ရိပ်သာ၊ ဘောဂသီရိ အဝေးပြေးယာဉ်ရပ်နားစခန်းနေရာများ၊ မန္တလေးမြို့တွင် မြို့ပတ်လမ်း၊ သိပ္ပံလမ်းမ၊ ကျုံးပတ်လမ်း၊ အဝေးပြေးကားဝင်းများ၊ ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် မိုင်တိုင် (၁/၀) တိုးလ်ဂိတ်၊ မိုင်တိုင် (၁၁၅/၀) ဖြူးယာဉ်ရပ်နားစခန်း၊ မိုင်တိုင် (၂၀၁/၀) နေပြည်တော်ယာဉ်ရပ်နားစခန်း၊ မိုင်တိုင် (၂၈၄/၀) သီးကုန်းယာဉ်ရပ်နားစခန်း၊ မိုင်တိုင်  (၃၅၂/၀) စကားအင်း ယာဉ်ရပ်နားစခန်း စသည့်နေရာတို့တွင် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

မတ် ၁၂ ရက်က လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ/အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေသည်  မတ် ၁၂ ရက်တွင် ရန်ကုန်မြို့၌ တည်ဆောက်နေသည့် Charging Station များကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

 မြေပြင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရေးနှင့် သတ်မှတ်ချိန် အချိန်မီပြီးစီးရေးအတွက် ဌာနဆိုင်ရာများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရန် လမ်းဦးစီးဌာနညွှန်ကြားရေးမှူး (မြို့ပြ)ရုံးအနေဖြင့် လိုအပ်သည်များ ကြပ်မတ်ဆောင်ရွက်ရန်၊ အလုံမြို့နယ် အောက်ကြည့်မြင်တိုင်လမ်း သခင်မြပန်းခြံ၌ Chin Dwin Shan Co,Ltd မှ Charging Station ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး Transformer တည်ဆောက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းနှင့် ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဟန်ချက်ညီဆောင်ရွက်၍ သတ်မှတ်ချိန် အချိန်မီပြီးစီးရေး၊ လှိုင်မြို့နယ် သီရိမင်္ဂလာစျေး၌ Asia Pacific Automaker Corporation Co,Ltd နှင့် လှိုင်သာယာမြို့နယ် ဒဂုံ-ဧရာအဝေးပြေးယာဉ်ရပ်နားစခန်း၌ Myanmar Brilliance Auto Co,Ltd မှ Charging Station ဆောက်လုပ်နေမှုတို့ကို ဆက်လက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ အခြားသောလမ်းမကြီးများတွင်လည်း Chargin Station များ ဆက်လက်တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေက နိုင်ငံပိုင်သတင်းစာများနှင့် တွေ့ဆုံစဉ်ပြောကြားထားသည်။

“EV ယာဉ်တွေ တစ်နိုင်ငံလုံး ပြေးဆွဲအသုံးပြုနိုင်ဖို့အတွက် အဓိကလမ်းမကြီးတွေဖြစ်တဲ့ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး၊ ရန်ကုန်-ပြည်လမ်း၊ ရန်ကုန်-ပုသိမ်လမ်း၊ ဘုရားကြီး-သထုံ-မော်လမြိုင်လမ်း၊ မိတ္ထီလာ-ကျောက်ပန်းတောင်း-ညောင်ဦးလမ်း၊ မိတ္ထီလာ-တောင်ကြီးလမ်း၊ မန္တလေး-ပြင်ဦးလွင်-လားရှိုးလမ်းစတဲ့ နိုင်ငံရဲ့အသက်သွေးကြောလမ်းမကြီးတွေပေါ်မှာ Charging Station တည်ဆောက်ဖို့ ကြိုတင်လေ့လာမှုတွေကိုလည်း ပြုလုပ်ထားပြီးဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားထားသည်။

ပထမအကြိမ်အဖြစ် ကုမ္ပဏီနှစ်ခုက လျှပ်စစ်ကားအစီး ၄၀ တင်သွင်းခဲ့ပြီး တက္ကစီအဖြစ် ရန်ကုန်လေဆိပ်တွင် အခြေပြု၍ ၁၀ စီးနှင့် နေပြည်တော်သပြေကုန်းစျေးတွင် အခြေပြု၍ ၁၀ ပြေးဆွဲမည်ဖြစ်သည်။

အလားတူ ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများတွင်လည်း လျှပ်စစ်မော်တော်ယာဉ်များကို အစားထိုးသုံးစွဲရန် ကုမ္ပဏီတစ်ခုက လာရောက်အဆိုပြုထားကြောင်း ပြီးခဲ့သည့်နှစ်လယ်ပိုင်းက စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားထားသည်။

Most Read

Most Recent