စားဝတ်နေရေး အခြေခံလိုအပ်ချက်

စားဝတ်နေရေး အခြေခံလိုအပ်ချက်
Published 8 March 2023

“လူတိုင်းက လက်ရှိလုပ်ဆောင်နေတဲ့ပုံစံမှာ ပိတ်လှောင်ခံထားရတာမို့ သူတို့ဟာ ပိုပြီး ကြီးမားတဲ့ ရုပ်ပုံကားချပ် ဒါမှမဟုတ် ပိုပြီးတာဝန်ယူရတဲ့၊ ပိုပြီးထိရောက်တဲ့ တခြားဖြစ်နိုင်ခြေတွေကို ဘယ်တော့မှ မမြင်ကြဘူး။ စစ်မှန်တဲ့စီးပွားရေးဟာ လူသားတွေရဲ့ လိုအပ်ချက်နဲ့ ပြည်သူ့ ကျန်းမာရေးတွေကို ဟန်ချက်ညီညီထိန်းထားပြီး မဟာဗျူဟာကျကျ ‘အကောင်းဆုံး’နဲ့ ‘လိုက်လျောညီထွေရှိတဲ့’ထုတ်လုပ်မှုတွေကို အချိန်တိုင်း အာမခံဖို့နဲ့ စားသုံးမှု။ ကုန်ထုတ်လုပ်မှုကို တတ်နိုင်သမျှ ကန့်သတ်ဖို့ အမြဲလိုလားပါတယ်။ ဒါဟာ ကျွန်တော်တို့ ဒီနေ့လုပ်နေတဲ့အရာထက် ရည်ရွယ်ချက်အရ လုံးလုံးလျားလျားပြောင်းလဲမှုပါပဲ”

ပီတာဂျိုးဆက် (၁၉၇၉ ဖွား၊ ၄၄ နှစ်)

အမေရိကန် ရုပ်ရှင်ထုတ်လုပ်သူနှင့် လူမှုရေးတက်ကြွလှုပ်ရှားသူ

လူ့ဘဝ အသက်ရှင်ရပ်တည်ရေးအတွက် အခြေခံလိုအပ်ချက်များဖြင့် ချဉ်းကပ်ပုံသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပကတိဆင်းရဲမွဲတေမှုကို တိုင်းတာရန် အဓိကနည်းလမ်းများအနက် တစ်ရပ်ဖြစ်သည်။ ယင်းချဉ်းကပ်ပုံသည် ရေရှည်ရုပ်ပိုင်းဆိုင်ရာ ဖူလုံမှုအတွက် အနိမ့်ဆုံး လိုအပ်သည့်ရင်းမြစ်များကို သတ်မှတ်ရန် ကြိုးပမ်းခြင်းဖြစ်ပြီး ကုန်ပစ္စည်းများ သုံးစွဲမှုဖြင့် တိုင်းတာလေ့ရှိသည်။ ထို့ကြောင့် ဆင်းရဲမွဲတေမှု သတ်မှတ်ချက်မျဉ်းကို ယင်းလိုအပ်ချက်များ ပြည့်ဝနိုင်ရန်လိုအပ်သည့်ဝင်ငွေပမာဏဖြင့် သတ်မှတ်သည်။

အခြေခံလိုအပ်ချက်များဖြင့် ချဉ်းကပ်ပုံကို ၁၉၇၆ ခုနှစ်တွင် ကျင်းပသော နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) ၏ ကမ္ဘာ့အလုပ်ခန့်ထားမှုဆိုင်ရာ ညီလာခံ၌ တင်သွင်းခဲ့ခြင်းဖြစ် သည်။ ယင်းကို နိုင်ငံအလိုက်နှင့် နိုင်ငံတကာဆိုင်ရာ ဖွံ့ဖြိုးရေးမူဝါဒနှင့်ပတ်သက်သော လွှမ်းခြုံရည်ရွယ်ချက်အဖြစ် အခြေခံလူသားလိုအပ်ချက်များ ပြည့်မီရေးအတွက် အဆိုပြုခြင်းဖြစ်သည်။ ဖွံ့ဖြိုးမှုအား အခြေခံလိုအပ်ချက်များဖြင့် ချဉ်းကပ်ပုံကို ကမ္ဘာတစ်လွှားမှ အစိုးရအဖွဲ့များ၊ အလုပ်သမားများနှင့် အလုပ်ရှင်များတို့နှင့်ဆိုင်သော အဖွဲ့အစည်းများက အတည်ပြုခဲ့သည်။ ထို့ကြောင့် ယင်းသည် အဓိကကျသော ဖွံ့ဖြိုးရေး အေဂျင်စီများအကြား ချမှတ်သည့်စီမံကိန်းများနှင့် မူဝါဒများအပေါ် လွှမ်းမိုးခဲ့ပြီး လူသားဖွံ့ဖြိုးမှု ချဉ်းကပ်ပုံအတွက် အကြိုပုံစံတစ်ရပ်လည်း ဖြစ်ခဲ့သည်။

အစဉ်အလာအရ ချက်ချင်းလက်ငင်းကျသော အခြေခံလိုအပ်ချက်များမှာ အစားအစာ (ရေအပါအဝင်)၊ နေစရာနှင့် ဝတ်စရာတို့ ဖြစ်သည်။ ယင်းကို “စားဝတ်နေရေး”ဟု ခေါ်ဆိုသည်။ ခေတ်သစ်၏ အခြေခံလိုအပ်ချက်စာရင်းတွင် စားဝတ်နေရေးသာမကတော့ဘဲ သန့်ရှင်းရေး၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကိုပါ ထည့်သွင်းလာသည်။ အခြေခံလိုအပ်ချက်များဖြင့် ချဉ်းကပ်ပုံကို သုံးစွဲမှုကို ရှေးရှုသည့်ပုံစံအဖြစ် ဖော်ပြခဲ့ကြပြီး ယင်းပုံစံအရ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးမှာ အလွန်လွယ်ကူပုံရသည်။ သို့သော် နောက်ပိုင်းတွင် သုံးစွဲမှုကို အခြေမပြုတော့ဘဲ အရည်အသွေးကို ရှေးရှု၍လာသည်။

ဖွံ့ဖြိုးမှုလမ်းကြောင်းတွင် အခြေခံလိုအပ်ချက်ပုံစံသည် လျှော့ချနိုင်သည့် ဆင်းရဲမွဲတေမှု အဆင့်တစ်ရပ်ဟု ယုံကြည်ရသောအရာကို တိုင်းတာခြင်းအပေါ်၌ အဓိကထားသည်။ အခြေခံလိုအပ်ချက်များဖြင့် ချဉ်းကပ်ပုံကို လိုက်နာသော ဖွံ့ဖြိုးမှုစီမံချက်များသည် အနာဂတ်တွင် မိမိဝန်မိမိထမ်းရမည့်လူ့အဖွဲ့အစည်းတစ်ရပ်ကို ကူညီသော စီးပွားရေးအရ ထုတ်လုပ်မှုလုပ်ဆောင်ချက်များအပေါ်၌ ရင်းနှီးမြှုပ်နှံမှု မပြုတော့ပေ။ ယင်းအစား လူ့အဖွဲ့အစည်းကို ဆင်းရဲမွဲတေမှုမျဉ်းအထက်၌ လုံလောက်သော သုံးစွဲမှုရှိရန်နှင့် အခြေခံလိုအပ်ချက်များ ပြည့်မီရန် ခွင့်ပြုစေမှုအပေါ်သာ အဓိကထားလာသည်။

စီမံချက်များသည် မျှတမှုထက် ရေရှည်တည်တံ့မှုအပေါ် အဓိကထားလာသည်။ မည်သို့ပင်ဆိုစေကာမူ အခြေခံလိုအပ်ချက်များဖြင့် ချဉ်းကပ်ပုံသည် အရေးကြီးသည်။ ၁၉၉၅ ခုနှစ်က ကိုပင်ဟေဂင်မြို့တွင်ပြုလုပ်သော လူမှုဖွံ့ဖြိုးမှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးဆွေး နွေးပွဲ၏ အဓိကကြေညာချက်တစ်ရပ်မှာ ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံး ဆင်းရဲမွဲတေမှုကို တိုင်းတာရန် နည်းလမ်းများ ဖွံ့ဖြိုးလာရေးနှင့် နိုင်ငံအလိုက် မိမိတို့ သတ်မှတ်ထားသော ရည်မှန်းသည့်အချိန်၌ ဆင်းရဲမွဲတေမှုကို အမြစ်ဖြတ်ရန် နိုင်ငံတော်မူဝါဒများ ချမှတ်ရေး ဖြစ်သည်။

ယခုနောက်ဆုံး ဆယ်စုနှစ်အတွင်း နိုင်ငံရေးနှင့် အစိုးရအင်စတီကျူးရှင်းများက ဆင်းရဲမွဲတေမှုအပေါ် ပုံသွင်းပုံနှင့် ပတ်သက်၍ လေ့လာချက်များစွာ ထွက်ပေါ်လာခဲ့သည်။ အဆင်းရဲဆုံးနှင့် အားအနည်းဆုံးလူများအတွက် ၎င်းတို့အစိုးရအဖွဲ့များ၏ ဆောင်ရွက်ပုံ နည်းလမ်းများက ၎င်းတို့၏ဘဝ၌ များစွာသော ကွဲပြားခြားနားမှုများကို ဖြစ်စေနိုင်သည်။ ပဋိပက္ခများကို ကာကွယ်ရန်၊ အခြေခံလုံခြုံရေး သို့မဟုတ် အခြေခံဝန်ဆောင်မှုများကို ထောက်ပံ့ရန် အစိုးရအင်စတီကျူးရှင်းများ၏ မစွမ်းဆောင်နိုင်မှုက နိုင်ငံသားများ (အထူးသဖြင့် ဆင်းရဲသားများ) အတွက် ပျက်စီးရာပျက်စီးကြောင်း အကျိုးဆက်များကို ဖြစ် စေနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ ပြည်သူများ၏ အခြေခံလိုအပ်ချက်များ ရေရှည်ပြည့်မီရေး အပေါ် အခြေခံလျက် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးမူဝါဒများ ချမှတ်အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မတ် ၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent