နွေရာသီ၌ အဖြစ်များသော ကျန်းမာရေးပြဿနာများ

နွေရာသီ၌ အဖြစ်များသော ကျန်းမာရေးပြဿနာများ
Published 3 March 2023

အပူရှပ်ခြင်းနှင့် ချွေးထွက်လွန်ခြင်းကဲ့သို့သော နွေရာသီအပူဒဏ်၏ အန္တရာယ်များကို လူအများ သိရှိကြပြီးဖြစ်သည်။ သို့သော် ၎င်းတို့အပြင် လူအများ သတိမမူမိသည့် နွေရာသီအပူဒဏ်၏ နှိပ်စက်မှုများလည်း ရှိသေးသည်။ နွေရာသီသည် ပုံမှန်အားဖြင့် ခြောက်သွေ့ပူနွေးပြီး အိုက်စပ်လှသည်။ နွေရာသီသည်လည်း အခြားရာသီများကဲ့သို့ပင် ရောဂါများနှင့်အတူ ရောက်ရှိလာတတ်သည်။  ကြိုတင်သတိပြုကာကွယ်နိုင်စေရန် နွေရာသီ၌ အဖြစ်များသော ကျန်းမာရေးပြဿနာအချို့ကို ဖော်ပြပေးလိုက်ပါသည်။

နှာချေ၊ နှာရည်ယိုခြင်း - ပန်းများသည် နွေရာသီတွင် ဖူးပွင့်ကြသကဲ့သို့ အပင်များ၊ မြက်များ သည်ပင်လျှင် နွေရာသီ၌ အပွင့်ပွင့်ကြသည်။ ထို့ကြောင့် ပူသောရာသီဥတုကို တုံ့ပြန်သည့်အနေဖြင့် ဝတ်မှုန်ထုတ်လုပ်မှုများ မြင့်တက်လာသည်။ လေထဲ၌ ဝတ်မှုန်ပါဝင်မှုနှုန်း မြင့်မားမှုကြောင့် လူအများ ဓာတ်မတည့်ခြင်းဖြစ်ကာ နှာချေ၊ နှာရည်ယိုခြင်း ဖြစ်ကြရသည်။ ၎င်းအပြင် မျက်လုံးများ ယားယံမှုလည်း ဖြစ်တတ်သည်။ ဓာတ်မတည့်ခြင်း ပြင်းထန်သူများအနေဖြင့် ဖြစ်နိုင်သမျှ အပြင်ထွက်ခြင်းကို ရှောင်ရှားခြင်း သို့မဟုတ် နှာခေါင်းစည်းများ တပ်ထားခြင်းတို့ဖြင့် ကာကွယ်ရာသည်။

တလူးတလိမ့်ဖြင့် တစ်ညလုံးအိပ်မရခြင်း - ပူလွန်းပါက အိပ်မရနိုင်။ တတ်နိုင်သောကြောင့် အဲကွန်းဖွင့်၍ အိပ်ပြန်လျှင်လည်း ချမ်းတုန်၍ လာနိုင်သည်။ နွေရာသီဟူသည် သင့်တင့် လျောက်ပတ်သည့် ဝန်းကျင်တစ်ရပ်ကို ရှာဖွေရန် ခက်ခဲလှသည်။ လူအများစုအတွက် အိပ်၍ကောင်းသော အခန်းအပူချိန်မှာ ၆၇ ဒီဂရီ ဖာရင်ဟိုက် (၁၉ ဒသမ ၄ ဒီဂရီ စင်တီ ဂရိတ်) ဖြစ်သည်။ အပူချိန်မြင့်တက်လာသည်နှင့်အမျှ အိပ်စက်မှု အရည်အသွေးသည်လည်း ကျဆင်း၍ သွားသည်။ မှန်ကန်သည့် အပူချိန်သည် တစ်ညလုံး ကောင်းမွန်စွာ အိပ်စက်နိုင်စေသကဲ့သို့ အိပ်စက်မှုအရည်အသွေးကိုလည်း ကောင်းမွန်စေသည်။ ထို့ကြောင့် နိုးလာသည့်အချိန်တွင် ပင်ပန်းနွမ်းနယ်နေပြီး မူးဝေနေပါက အပူချိန်ကို ထိန်းညှိရန်လိုသည်။

နှလုံးက ပုံမှန်မဟုတ်သော နည်းလမ်းဖြင့် ခုန်ရခြင်း - အပူချိန်မြင့်မားခြင်းသည် နှလုံးအပေါ်သို့ သွယ်ဝိုက်၍သာမက တိုက်ရိုက်ပါ သက်ရောက်မှုများ ရှိသည်။ မြို့ပြ၌ နေထိုင်ပါက နွေရာသီကောင်းကင်၌ မီးခိုးမြူများ ဆိုင်းနေသည်ကို မြင်တွေ့ရနိုင်သည်။ ပိုမိုမြင့်မားသော အပူချိန်၌ လေထုအရည်အသွေးသည် ပိုမိုဆိုးရွား၍လာတတ်ပြီး လေထုညစ်ညမ်း ခြင်းသက်သက်သည်ပင်လျှင် နှလုံးနှင့်သွေးကြောစနစ်များကို ကောင်းစွာဒုက္ခပေးနိုင်သည်။ ၎င်းအပြင် အရေပြားမျက်နှာပြင်များဆီသို့ ပင်မခန္ဓာကိုယ်မှနေ၍ အလွန်ပူနွေးနေသော သွေးများကို ပန်းထုတ်ရန်အတွက် နှလုံးသည် ပို၍လျင်မြန်စွာ ခုန်ရသည်။ ခန္ဓာကိုယ်ကို အေးစေရန်အတွက် နှလုံးခုန်မြန်လိုက်ရခြင်းဖြစ်သောကြောင့် ကာကွယ်နိုင်သည့် နည်းလမ်း များများစားစားမရှိပါ။ ရေများများသောက်၍ လှုပ်ရှားမှု များများစားစား မလုပ်ခြင်းဖြင့်သာ ကာကွယ်နိုင်သည်။

ခြင်ပို၍ကိုက်ခြင်း - ပူအိုက်သောကြောင့် နေအိမ် ပြင်ပ သို့မဟုတ် ခြင်ထောင်ပြင်ပ၌ ပို၍ အနေများရသည်။ ထို့ကြောင့် ခြင်ပို၍ အကိုက်ခံရသည်။ ၎င်းအပြင် နွေရာသီသည် ခြင်များအတွက် အဓိကရာသီဖြစ်နေသည်။ နွေရာသီ၌ အရွယ်ရောက်ပြီးသား ခြင်များသည်  သက်တမ်းတိုသွားသော်လည်း နေရောင်ကြောင့် ခြင်ငယ်များ ပို၍ လျင်မြန်စွာအရွယ် ရောက်လာကြသည်။ ထို့ကြောင့် ခြင်မှတစ်ဆင့် ကူးစက်သောရောဂါများ နွေရာသီ၌ ပိုမို ဖြစ်ပွား၍ လွယ်သည်။

ရေဓာတ်ဆုံးရှုံးခြင်း - နွေရာသီ၌ အဖြစ်အများဆုံး ကျန်းမာရေးပြဿနာတစ်မျိုးဖြစ်သည်။ ခန္ဓာကိုယ်က ဆုံးရှုံးသွားသော ရေဓာတ်ပမာဏကို လုံလောက်အောင် ပြန်လည်မဖြည့်တင်းနိုင်သည့်အခါ ရေဓာတ်ဆုံးရှုံးမှု ဖြစ်ပေါ်ခံစားလာရသည်။ နွေရာသီ၌ ချွေးထွက်သောကြောင့် ခန္ဓာကိုယ်၏ ရေဓာတ်နှင့် ဆားဓာတ်များကို ဆုံးရှုံးနေရသည်။ ခန္ဓာကိုယ်၏ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းစဉ်များအတွက် ယင်းဓာတ်များအား ပြန်လည်ဖြည့်တင်းရန် လိုအပ်သည်။

နေလောင်ခြင်း - နေလောင်ခြင်းက ပြင်းထန်သော အရေပြားကင်ဆာရောဂါကို ဖြစ်ပေါ်ခံစားရစေနိုင်သည်။ နေရောင်နှင့် အချိန်ကြာမြင့်စွာ ထိတွေ့မှုသည် လူနှင့်တိရစ္ဆာန်တို့ အတွက် မကောင်းပါ။ လူများသည် နေရောင်နှင့် အချိန်ကြာမြင့်စွာ ထိတွေ့သည့်အခါ အရေပြားသည် အနီရောင် ပြောင်းသွားပြီး ယားယံခြင်းနှင့် ပူစပ်ပူလောင်ဖြစ်ခြင်းတို့ကို ခံစားရနိုင်သည်။ နေရောင်ကျ၍ အေးသွားသည့်အခါလည်း ချမ်းစိမ့်စိမ့်ဖြစ်ခြင်း၊ အဖျားတက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်းနှင့် တုပ်ကွေးမိသကဲ့သို့သော ရောဂါလက္ခဏာများ ခံစားရနိုင်သည်။ အချို့မှာ ပူစပ်ပူလောင်ဖြစ်ခြင်းကို ဆက်လက်ခံစားနေရနိုင်ပြီးနောက်ပိုင်း နေရောင်ကြောင့် ခြောက်သွေ့နေသော အရေပြားများ ကွာကျသွားခြင်းမျိုး ဖြစ်ပေါ်ခံစားရနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ အပူရှပ်ခြင်းနှင့် ချွေးထွက်လွန်ခြင်းတို့သာမက သိသာထင်ရှားခြင်း မရှိသော နွေရာသီ၏ အခြားကျန်းမာရေးပြဿနာများကိုလည်း သတိပြုကာကွယ်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မတ် ၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent