ကောင်းသော အုပ်ချုပ်ရေး ဟူသည် ...

ကောင်းသော အုပ်ချုပ်ရေး ဟူသည် ...
Published 22 February 2023

“အဂတိလိုက်စားမှုဟာ ဖွံ့ဖြိုးတိုးတက်မှုနဲ့  ကောင်းသောအုပ်ချုပ်ရေးတို့ရဲ့ ရန်သူဖြစ်တယ်။ ဒါကို ဖယ်ရှားပစ်ရမယ်။ ဒီအမျိုးသားရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ အစိုးရနဲ့ ပြည်သူတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်ကြရမယ်”

ပရာတီဘာ ပတေး (၁၉၃၇ ခုနှစ်ဖွား)

အိန္ဒိယ၏ ၁၂ ဦးမြောက် သမ္မတ (၂၀၀၇ - ၂၀၁၂) နှင့် ပထမဆုံး အိန္ဒိယ၏ အမျိုးသမီး သမ္မတ

ကောင်းသောအုပ်ချုပ်ရေး (Good Governance) ဟူသည် နိုင်ငံတကာဖွံ့ဖြိုးရေးစာတမ်းများ၌ အသုံးပြုသည့် တိကျမှုမရှိသည့် ဝေါဟာရတစ်ရပ်ဖြစ်သည်။ အစိုးရဌာနများက ပြည်သူရေးရာကိစ္စများ ဆောင်ရွက်ပုံနှင့် နိုင်ငံပိုင်အရင်းအမြစ်များကို စီမံခန့်ခွဲ ပုံဖော်ပြရာ၌ အသုံးပြုသည်။ အုပ်ချုပ်ရေး (Governance) ဟူသည် ဆုံးဖြတ်ချခြင်း လုပ်ငန်းစဉ်နှင့် ယင်းဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ်ဖြစ်သည်။

Good Governance ဟူသည့် သဘောထားကို မထိရောက်သော စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာအဖွဲ့ကို ထိရောက်သော စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာအဖွဲ့တို့နှင့် နှိုင်းယှဉ်ရာတွင် အသုံးပြုသည်။ လူ့အဖွဲ့အစည်းအတွင်း အခွင့်ထူးခံအုပ်စုများကို ဆန့်ကျင်လျက် ပြည်သူများ၏ လိုအပ်ချက်ကို ပြည့်မီအောင်ဆောင်ရွက်ပေးရန် အစိုးရနှင့် အုပ်ချုပ်ရေးအဖွဲ့များ၏ တာဝန်ယူမှုနှင့် တာဝန်ရှိမှုတို့ကို ကောင်းသောအုပ်ချုပ်ရေးဟူသည့် ဝေါဟာရက ကိုယ်စားပြုသည်။

ဥရောပနှင့် အမေရိကတို့မှ လစ်ဘရယ်ဒီမိုကရက်တစ် နိုင်ငံများက အုပ်ချုပ်ရေးအကြောင်း ဆွေးနွေးသည့်အခါ အခြားနိုင်ငံများ၏ အစိုးရအဖွဲ့များ လုပ်ဆောင်ချက်ကို နှိုင်းယှဉ်ဖော်ပြရန်အတွက် ကောင်းသောအုပ်ချုပ်ရေးနှင့်ပတ်သက်၍ စံသတ်မှတ်ချက်များ ချမှတ်လေ့ရှိသည်။

ကောင်းသောအုပ်ချုပ်ရေးကို လေ့လာသုံးသပ်ရာတွင် အောက်ပါဆက်ဆံရေးများကို ကြည့်နိုင်သည်။ ယင်းတို့မှာ- အစိုးရအဖွဲ့နှင့် စျေးကွက်များအကြား၊ အစိုးရအဖွဲ့နှင့် နိုင်ငံသားများအကြား၊ အစိုးရအဖွဲ့နှင့် ကိုယ်ပိုင် သို့မဟုတ် စေတနာ့ဝန်ထမ်းအဖွဲ့များအကြား၊ ရွေးကောက်တင်မြှောက်ခံရသော အရာရှိများနှင့် ခန့်အပ်ခံရသော အရာရှိများအကြား ဆက်ဆံရေးတို့ဖြစ်ကြသည်။ ကောင်းသောအုပ်ချုပ်ရေးဟူသည့် ဝေါဟာရသည် ကျင့်သုံးသူကိုလိုက်၍ အဓိပ္ပာယ်အမျိုးမျိုး ပြောင်းသွားနိုင်သည်။

ကောင်းသောအုပ်ချုပ်ရေးတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာ၌ အဓိကအင်စတီ ကျူးရှင်းသုံးရပ်ရှိရာ ယင်းတို့မှာ- နိုင်ငံတော်၊ ပုဂ္ဂလိကအခန်းကဏ္ဍနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းတို့ဖြစ်သည်။ ကောင်းသောအုပ်ချုပ်ရေးကို သတ်မှတ်ရာတွင် အရပ်ဘက် လူ့အဖွဲ့အစည်း၊ ဗဟိုချုပ်ကိုင်မှု ဖျက်သိမ်းခြင်း၊ ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် စီမံခန့်ခွဲမှုနှင့် တာဝန်ခံမှုကဲ့သို့သော အချက်အလက်များသာ အရေးပါသည်။ ကောင်းသော အုပ်ချုပ်ရေး (Good Governance) ကို အဓိပ္ပာယ်သတ်မှတ်ရာတွင် ထိရောက်သော ဒီမိုကရေစီအုပ်ချုပ်ရေး (Democratic Governance) စံသတ်မှတ်ချက်များနှင့် များစွာ ပတ်သက်နေသည်။

ဟီလာရီကလင်တန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ၂၀၀၉ ခုနှစ် သြဂုတ် ၁၂ ရက်က နိုင်ဂျီးရီးယားတွင် ကောင်းသောအုပ်ချုပ်ရေးနှင့် ပတ်သက်၍ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ဖူးသည်။ ယင်းမိန့်ခွန်းမှာ “သမ္မတအိုဘားမားရဲ့ မိန့်ခွန်းကို ထပ်ပြီးကိုးကားရရင် အာဖရိကအနေနဲ့ သန်မာတဲ့လူတွေထပ်ပြီး မလိုအပ်ပါဘူး။ ပိုပြီးသန်မာတဲ့ အချိန်ရဲ့ စမ်းသပ်မှုကိုခံနိုင်တဲ့ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေပဲ လိုပါတယ်။ ကောင်းတဲ့ အုပ်ချုပ်ရေးမရှိဘဲ ဘယ်လိုရေနံပမာဏ၊ ဘယ်လိုအကူအညီ ပမာဏ၊ ဘယ်လိုအားထုတ် ပမာဏမျိုးကမှ နိုင်ဂျီးရီးယားရဲ့ အောင်မြင်မှုအတွက် အာမခံချက် မရှိနိုင်ပါဘူး။ ဒါပေမဲ့ ကောင်းသောအုပ်ချုပ်ရေးသာ ရှိမယ်ဆိုရင် ဘယ်အရာကမှ နိုင်ဂျီးရီးယားကို ရပ်တန့်နိုင်မှာ မဟုတ်ပါဘူး။ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ ပညာရေးကဏ္ဍနဲ့ တခြားအားလုံးသော ကဏ္ဍတွေမှာ သိသာထင်ရှားတဲ့ တိုးတက်မှုကို ဖော်ဆောင်နိုင်ခြင်းဟာ နိုင်ဂျီးရီးယားပြည်သူတွေ စောင့်မျှော်နေတဲ့ အရာပါပဲလို့ ကျွန်မတို့ ယုံကြည်ပါတယ်” ဟူ၍ ဖြစ်သည်။

ထို့ကြောင့် နိုင်ငံ၌ စွမ်းအင်ရင်းမြစ်များ မည်မျှပင် ရှိနေပါစေ၊ ပြည်ပမှ မည်မျှပင် အကူအညီပေးနေပါစေ၊ ပြည်သူလူထု တစ်ရပ်လုံး မည်မျှပင် ကြိုးပမ်းအားထုတ်မှု ပြုနေပါစေ ကောင်းသော အုပ်ချုပ်ရေး မရှိပါက မည်သည့်နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းမျှ အောင်မြင်နိုင်မည် မဟုတ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဖေဖော်ဝါရီ ၂၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent