မုဒိမ်းမှုဖြင့် အီတလီနိုင်ငံ၌ ထောင်ဒဏ်(၉)နှစ် ချမှတ်ခံထားရသည့် ဘရာဇီးလ်လက်ရွေးစင်ဟောင်း ရော်ဘင်ဟိုကို ၎င်း၏မိခင်နိုင်ငံ၌ ပြစ်ဒဏ်ချမှတ်ပေးရန် အီတလီအစိုးရက တောင်းဆိုထားကြောင်း သိရသည်။
ရီးယဲလ်မက်ဒရစ်၊ မန်စီးတီးနှင့် အေစီမီလန်အသင်း တိုက်စစ်ကစားသမားဟောင်းဖြစ်သူ ရော်ဘင်ဟို (၃၉နှစ်) သည် အေစီမီလန်အသင်း၌ ကစားစဉ် ၂၀၁၃ ခုနှစ်က အမျိုးသမီး တစ်ဦးကို အုပ်စုဖွဲ့မုဒိမ်းကျင့်မှုဖြင့် ထောင်ဒဏ်(၉)နှစ် ချမှတ်ခံထားရသည်။
ရော်ဘင်ဟိုအပြင် အခြားအမျိုးသား(၅)ဦးသည် မီလန်မြို့ရှိ နိုက်ကလပ်တစ်ခု၌ အသက် (၂၃) နှစ်အရွယ် အယ်လ်ဘေးနီးယားနိုင်ငံသူအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့သဖြင့် အီတလီတရားရုံးက ထောင် ဒဏ်(၉)နှစ်ကျခံစေရန် ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
၎င်းအား မိခင်နိုင်ငံဖြစ်သည့် ဘရာဇီးလ်၌ ပြစ်ဒဏ်ချမှတ်ပေးရန် အီတလီအစိုးရက တောင်းဆိုထားကြောင်း ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုကြေညာခဲ့သည်။
အီတလီအစိုးရ၏ တောင်းဆိုမှုတွင် အမည်မဖော်ပြသည့် ကစားသမားဟု ရေးသားထားပြီး တရားရေးဝန်ကြီးဌာန၏ နိုင်ငံတကာဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်ရေးဌာနက လေ့လာသုံးသပ်ပြီးနောက် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။