နိုင်ငံရေး၊ အစိုးရအင်စတီကျူးရှင်းများနှင့် ဆင်းရဲမွဲတေမှု

နိုင်ငံရေး၊ အစိုးရအင်စတီကျူးရှင်းများနှင့် ဆင်းရဲမွဲတေမှု
Published 15 February 2023

ယခုနောက်ဆုံး ဆယ်စုနှစ်အတွင်း နိုင်ငံရေးနှင့် အစိုးရအင်စတီကျူးရှင်းများက ဆင်းရဲမွဲတေမှုအပေါ် ပုံသွင်းပုံနှင့်ပတ်သက်၍ လေ့လာချက်များစွာ ထွက်ပေါ်လာခဲ့သည်။ အဆင်းရဲဆုံးနှင့် အားအနည်းဆုံး လူများအတွက် ၎င်းတို့အစိုးရအဖွဲ့များ၏ ဆောင်ရွက်ပုံနည်းလမ်းများက ၎င်းတို့၏ဘဝ၌ များစွာသော ကွဲပြားခြားနားမှုများကို ဖြစ်စေနိုင်သည်။ ပဋိပက္ခများကို ကာကွယ်ရန်၊ အခြေခံလုံခြုံရေး သို့မဟုတ် အခြေခံဝန်ဆောင်မှုများကို ထောက်ပံ့ရန် အစိုးရ အင်စတီကျူးရှင်းများ၏ မစွမ်းဆောင်နိုင်မှုက နိုင်ငံသားများ (အထူးသဖြင့် ဆင်းရဲသားများ) အတွက် ပျက်စီးရာပျက်စီးကြောင်း အကျိုးဆက်များကို ဖြစ်စေနိုင်သည်။

နိုင်ငံ၏ စီးပွားရေးကြီးထွားမှုက မတည်ငြိမ်သည့်အခါ နိုင်ငံအနေဖြင့် ရေရာမှု မရှိသော နိုင်ငံခြား အထောက်အပံ့များအပေါ် မှီခိုရသည်။ ယဉ်ကျေးမှုအရ သို့မဟုတ် လူမျိုးစုအရ ကွဲပြားခြားနားကြသော နိုင်ငံများတွင် စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေး တန်းတူ ညီမျှမှု မရှိဟု ခံစားရသည့်အခါ စစ်ပွဲများ ဖြစ်နိုင်ခြေ များပြားပြီး ဆင်းရဲမွဲတေမှုဆီသို့ ဦးတည်သွားစေသည့် ဆိုးသွမ်းသံသရာတစ်ရပ် ဖြစ်ပေါ်စေပြန်သည်။ ဆင်းရဲသောသူများသည် ဖယ်ကြဉ်ခံထားရပြီး ၎င်းတို့၏အသံများ လျစ်လျူပြုခံရသည်။ အမှန်တကယ်၌ ဆင်းရဲသူများသည် အခြားသူများထက်ပို၍ အများပြည်သူဆိုင်ရာ အခြေခံဝန်ဆောင်မှုများအပေါ် ပို၍မှီခိုနေရသူများ ဖြစ်သည်။ ဝန်ဆောင်မှု ဖြန့်ဝေပုံနှင့်ပတ်သက်သော ပြုပြင်ပြောင်းလဲမှုများ၌ ဆင်းရဲသောပြည်သူများ ပါဝင်သည့်အခါ ယင်းဝန်ဆောင်မှုများသည် ဆင်းရဲသူများအတွက် ပို၍ကောင်းမွန်လာမည်ဖြစ်သည်။ ပဋိပက္ခဖြစ်ပွားနေသော ဒေသများတွင် ယင်းဝန်ဆောင်မှုများ ရရှိနိုင်မှုမှာ အလွန်နည်းပါး၍ သွားတတ်သည်။ နိုင်ငံရေး မတည်ငြိမ်မှု၊ အုပ်ချုပ်ရေးညံ့ဖျင်းမှုနှင့် အဂတိလိုက်စားမှုတို့သည် ယနေ့ကမ္ဘာ၌ ဆင်းရဲမွဲတေမှုအပေါ် ရိုက်ခတ်သော အဓိကဖြစ်စဉ်များ ဖြစ်ကြသည်။

အဂတိလိုက်စားမှုများနှင့် ပြည်သူ့ဘဏ္ဍာများကို အလွဲသုံးစားပြုလုပ်ခြင်းသည် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများ၏ အရည်အသွေးကို လျော့ကျစေသည်။ ယင်းဝန် ဆောင်မှုများ၌ အစဉ်အလာအရ အစိုးရက တာဝန်ယူရသည့် ရဲတပ်ဖွဲ့၊ တရားရေးစနစ်နှင့် အခြေခံအဆောက်အအုံကဲ့သို့သော အဓိကနယ်ပယ်များ ပါဝင်သည်။ ၎င်းအပြင် နိုင်ငံရေး ပဋိပက္ခများနှင့် နိုင်ငံမတည်ငြိမ်မှုများသည် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် မရေရာမှုများကို ဖြစ်စေခြင်းဖြင့် ဆင်းရဲမွဲတေမှုအပေါ် သက်ရောက်စေသည်။

လူမျိုးရေးအရ၊ ဘာသာရေးအရနှင့် ကျား/မ သဘောအရ ခွဲခြားဆက်ဆံမှုများသည်လည်း နိုင်ငံရေးက ဆင်းရဲမွဲတေမှုအပေါ် သက်ရောက်မှုတစ်ရပ် ဖြစ်သည်။ တန်းတူညီမျှခြင်းမရှိမှုနှင့် ဆင်းရဲမွဲတေမှုတို့ကို လျှော့ချနိုင်ရန်အတွက် ယင်းကဲ့သို့သော ခွဲခြားဆက်ဆံမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် လိုအပ်သည်။ မကြာသေးမီက လေ့လာချက်များအရ ဆင်းရဲသောနိုင်ငံများ၌သာမက ချမ်းသာသည့်နိုင်ငံများ၌ပါ ယင်းကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းက အရေးပါသော တိုးတက်မှုများကို ရရှိစေကြောင်း တွေ့ရှိရသည်။ ရွှေ့ပြောင်း အခြေချမှုများသည်လည်း နိုင်ငံရေးက ဆင်းရဲမွဲတေမှုအပေါ် သက်ရောက်မှုတစ်ရပ်ပင် ဖြစ်သည်။ ရွှေ့ပြောင်းလုပ်သားများသည် လုပ်ခနှင့် လုပ်ငန်းခွင်အခြေအနေရပ်များတို့နှင့်ပတ်သက်သော နိုင်ငံရေးလုပ်ဆောင်ချက်များ၌ ပါဝင်ခွင့်မရသကဲ့သို့ သက်ဆိုင်ရာ နိုင်ငံသားမဟုတ်မှုကြောင့် အခွင့်အရေးများစွာလည်း ဆုံးရှုံးရတတ်သည်။ လူဝင်မှုကြီး ကြပ်ရေးဆိုင်ရာ ဥပဒေများကလည်း ရွှေ့ပြောင်းလုပ်သားများကို လုပ်ငန်းခွင်အခြေအနေရပ်များ၊ လုပ်အားခများနှင့် လူမှုရေးကိစ္စများတို့အတွက် ကာကွယ်စောင့်ရှောက်မှု မဲ့စေသည်။

မည်သို့ပင်ဆိုစေ အစိုးရအင်စတီကျူးရှင်းများအားလုံးအနေဖြင့် ဆင်းရဲမွဲတေမှုသည် လူ့အဖွဲ့အစည်းဆီသို့ ပြဿနာများကိုသာ သယ်လာနိုင်သည့်အပြင် စီးပွားရေးကြီးထွားမှုနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတို့အပေါ်လည်း ကြီးစွာသော ရိုက်ခတ်မှုဖြစ်စေကြောင်းကို သတိပြုလာကြရန်မှာ အလွန်အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဖေဖော်ဝါရီ ၁၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent