မြန်မာ-တရုတ်နယ်စပ်တွင် ဆန်၊ ဆန်ကွဲတင်ပို့မှုမှ ပို့ကုန်ရငွေများအနက် ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်စျေးဖြင့် ရောင်းချပေးရန် သတင်းများထွက်ပေါ်

မြန်မာ-တရုတ်နယ်စပ်တွင် ဆန်၊ ဆန်ကွဲတင်ပို့မှုမှ ပို့ကုန်ရငွေများအနက် ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်စျေးဖြင့် ရောင်းချပေးရန် သတင်းများထွက်ပေါ်
Published 14 February 2023

မြန်မာ-တရုတ်နယ်စပ်တွင် ဆန်၊ ဆန်ကွဲတင်ပို့မှုမှ ပို့ကုန်ရငွေများအနက် ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်စျေးဖြင့် ရောင်းချပေးရရန် သတင်းများထွက်ပေါ်လျက်ရှိကြောင်း မူဆယ်နယ်စပ်ရှိကုန်သည်များထံမှ သိရသည်။

“ဒီလကုန်ပေါ့၊ မတ် ၁ ရက်နေ့စမယ် ပြောတယ်” ဟု မူဆယ်နယ်စပ်မှကုန်သည် တစ်ဦးက ပြောကြားသည်။

ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို တရားဝင်လွှဲပြောင်းခြင်း၊ ရောင်းချခြင်းများ ဆောင်ရွက်နိုင်ပြီး ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို တစ်ရက်အတွင်း ကျပ်ငွေဖြင့် လဲလှယ်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် သြဂုတ် ၁၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သော ရည်ညွှန်းချက်ပါ အမိန့်ကြော်ငြာစာအမှတ်(၃၆/၂၀၂၂)အရ ပို့ကုန်တင်ပို့သူများသည် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ရာခိုင်နှုန်းကိုသာ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂)ပါ  သတ်မှတ်ချက်များနှင့်အညီ မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။

ကျန်ပို့ကုန်ရငွေပမာဏ၏ ၃၅ ရာခိုင်နှုန်းကို ပို့ကုန်တင်ပို့သူအနေဖြင့် မိမိကိုယ်တိုင်အတွက် AD လိုင်စင်ရဘဏ်မဟုတ်သော အခြားသူများထံသို့ လွှဲပြောင်းခြင်း၊ AD လိုင်စင်ရဘဏ်များသို့ ရောင်းချခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။

သို့ဖြစ်ပါ၍ နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြားငွေစာရင်းဖွင့် လှစ်ထားသည့် ပို့ကုန်တင်ပို့သူများ၏ ပို့ကုန်ရငွေနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း ဆောင်ရွက်ရန် ညွှန်ကြားထားသည်။

ပို့ကုန်တင်ပို့သူ၏ ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းအား အလုပ်လုပ်ရက် တစ်ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ် ဝယ်ယူရန်၊  ပို့ကုန်ရငွေပမာဏ၏ ၃၅ ရာခိုင်နှုန်းအား ၎င်းကိုယ်တိုင်အတွက်သုံးစွဲခြင်း၊ AD လိုင်စင်ရဘဏ်မဟုတ်သော အခြားသူများထံသို့ လွှဲပြောင်းခြင်း၊ AD လိုင်စင်ရဘဏ်များသို့ ရောင်းချခြင်းစသည့် Transaction များကို ဆောင်ရွက်ပေးရန် ညွှန်ကြားထားသည်။

မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့ရာ၌ အကောက်ခွန်သက်သာခွင့်အတွက် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E တင်ပြတောင်းခံပါက ထုတ်ပေးလျက်ရှိရာ တစ်လအတွင်း Form E ၁၁၆ စောင် ထုတ်ပေးခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့်ပစ္စည်းများ၏တန်ဖိုးအတိုင်း တစ်ဖက်နိုင်ငံဝယ်ယူသည့် ကုန်ဝယ်သူမှ ပေးချေသည့် ကုန်ဖိုးငွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်အတိုင်းဘဏ်စနစ်ဖြင့် ပို့ကုန်ရငွေများဝင်ရောက်နိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။

Most Read

Most Recent