ဇေယျာသီရိမြို့နယ် ပေါင်းလောင်းရေလှောင်တမံအနီး အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်မည်

ဇေယျာသီရိမြို့နယ် ပေါင်းလောင်းရေလှောင်တမံအနီး အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်မည်
Published 24 January 2023

ဇေယျာသီရိမြို့နယ် ပေါင်းလောင်းရေလှောင်တမံအနီး အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံတည်ဆောက်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီလ ၂၁ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ နန်ချိုရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံတည်ဆောက်မည့်နေရာတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နန်ချိုရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ရေထိန်းတမံသည် အမြင့် ၁၆၇ ပေရှိသော တိုက်ရိုက်ရေသွယ်စနစ် (Run Off River Type) CVC ကွန်ကရစ် တမံအမျိုးအစားဖြစ်ကာ အကျယ် ၃၄၉ ပေရှိ ရေပိုလွှဲနှင့် သဲနုန်းထုတ်ပေါက်တံခါးတို့ကို ထည့်သွင်းတည်ဆောက်ထားသည်။ အဆိုပါရေထိန်းတမံမှရေကို ရေယူအဆောက်အအုံမှတဆင့် ရေသွယ်ဥမင်လိုဏ် အလျား ၇၃၃၀ ပေ အရှည်ဖြင့် သယ်ယူပြီး ယခုကာလတွင် တစ်နေ့လျှင် နှစ်ကြိမ် ရေထိန်းကန်သို့ ပို့လွှတ်လျက်ရှိသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား စက်ရုံအစည်းအဝေးခန်းမတွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်မင်းက စစ်တောင်းမြစ်ဝှမ်းအတွင်း ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများအားလည်းကောင်း၊ ညွှန်ကြားရေးမှူးဦးမင်းခိုင်က နန်ချိုရေအား လျှပ်စစ်စီမံကိန်းအကောင်အထည်ဖော် တည်ဆောက်ခဲ့မှုအခြေအနေအားလည်းကောင်း၊ နန်ချိုဓာတ်အားပေးစက်ရုံမှူးက စက်ရုံဆိုင်ရာအချက်အလက်များ၊ ဓာတ်အားပေးစက်များမောင်းနှင်ဓာတ်အားထုတ်လုပ်ပေးနေမှု၊ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် စက်ရုံလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားမှု အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့သည်။

နန်ချိုရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ရေအားအမြင့် ၃၂၈ ပေရှိပြီး ဒေါင်လိုက်ဖရန်စစ်တာဘိုင်၂၀ မဂ္ဂါဝပ် စက်နှစ်လုံးဖြင့် တပ်ဆင်အင်အား ၄၀ မဂ္ဂါဝပ်ရှိကာ နှစ်စဉ်ကီလိုဝပ်နာရီသန်းပေါင်း ၁၅၂ သန်း ထုတ်လုပ်ပေးလျက်ရှိသော တိုက်ရိုက်ရေသွယ်စနစ် (Run Off River Type) စက်ရုံတစ်ရုံဖြစ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ဒေသဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော်တည်ဆောက်လျက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့အနီး တည်ဆောက်ဆဲဖြစ်သည့် နမ့်ပငရေအားလျှပ်စစ်စီမံကိန်း ၆ မဂ္ဂါဝပ်နှင့် နာဂဒေသတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရေအားလျှပ်စစ်စီမံကိန်းများကို တိုက်ရိုက်ရေသွယ်စနစ် (Run Off River Type) အသုံးပြုဓာတ်အားပေးစက်ရုံများအဖြစ် တည်ဆောက်သွားမည်ဖြစ်သည်။

Most Read

Most Recent