စိတ်ဖိစီးမှုဝေဒနာ

စိတ်ဖိစီးမှုဝေဒနာ
Published 16 January 2023

“ရဟန်းတို့ ရောဂါတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ ကိုယ်၌ဖြစ်သောရောဂါ၊ စိတ်၌ဖြစ်သော ရောဂါတို့တည်း။ ရဟန်းတို့ တစ်နှစ်ပတ်လုံး ကိုယ်၌ဖြစ်သော ရောဂါမရှိခြင်းကို ဝန်ခံကုန်သော သတ္တဝါ၊ နှစ်နှစ်တို့ပတ်လုံး သုံးနှစ်တို့ပတ်လုံး လေးနှစ်တို့ပတ်လုံး ငါးနှစ်တို့ပတ်လုံး ဆယ်နှစ်တို့ပတ်လုံး အနှစ်နှစ်ဆယ်တို့ပတ်လုံး အနှစ်သုံးဆယ်တို့ပတ်လုံး အနှစ်လေးဆယ်တို့ပတ်လုံး အနှစ်ငါးဆယ်တို့ပတ်လုံး အနှစ်တစ်ရာ အနှစ်တစ်ရာအလွန် ရောဂါမရှိခြင်းကို ဝန်ခံကုန်သော သတ္တဝါတို့ကို တွေ့မြင်နိုင်ကုန်၏။ ရဟန်းတို့ ရဟန္တာပုဂ္ဂိုလ်မှတစ်ပါး တခဏမျှလည်း စိတ်၌ဖြစ်သော ရောဂါမရှိခြင်းကို ဝန်ခံသော သတ္တဝါတို့ကို လောက၌ အလွန်တွေ့မြင်ရခဲကုန်၏။” အင်္ဂုတ္တရနိကာယ်၊ ရောဂသုတ်မှ

အမှန်တကယ်၌ စိတ်ဖိစီးမှုကို ခံစားရခြင်းသည် ခန္ဓာကိုယ်၏ အလိုအလျောက် တုံ့ပြန်သည့် ကာကွယ်ရေးစနစ်တစ်ခု ဖြစ်သည်။ အဆိုပါအလိုလျောက်တုံ့ပြန်မှုသည် မတရားအရှိန်ဖြင့် မောင်းနှင်နေသောကားပေါ် ဆက်လက်လိုက်ပါခြင်း မပြုတော့ဘဲ ဆင်းလိုက်ခြင်းကဲ့သို့သော အရေးပေါ်ကိစ္စရပ်များအတွက် အသုံးဝင်ကောင်းမွန်လှသည်။ သို့သော်နေ့စဉ်ဘဝ၏ စိန်ခေါ်မှုများနှင့် အပြောင်းအလဲများကို တုံ့ပြန်ရင်း စိတ်ဖိစီးမှုကို ရေရှည်ရင်ဆိုင်ရသည့်အခါ ကျန်းမာရေးကိုထိခိုက်စေသည့် ရုပ်ပိုင်းဆိုင်ရာလက္ခဏာရပ်များ ဖြစ်ပေါ်လာသည်။

ယင်းကဲ့သို့ ဖြစ်ပေါ်သည့်အခါ ဥပမာအားဖြင့် မတရားအရှိန်ဖြင့် မောင်းနှင်နေသော ကားပေါ်ဆက်လက်လိုက်ပါခြင်း မပြုတော့ဘဲ ဆင်းလိုက်သည့်တိုင် ကားပေါ်တွင် ဆက်လက်ထိုင်နေဆဲဟု ခံစားရသကဲ့သို့ပင်ဖြစ်သည်။ ခန္ဓာကိုယ်သည် အချိန်ပိုဝန်ပို အလုပ်လုပ်ရသည့်အခါ အပိုသိုမှီးထားသော စွမ်းအင်အားလုံး ဆုံးရှုံးကုန်တော့သည်။ ထိုအခါစိုးရိမ်သောကရောက်ခြင်း၊ ကြောက်ရွံ့ထိတ်လန့်ခြင်းနှင့် ဂနာမငြိမ်ဖြစ်ခြင်းတို့ကို ခံစားရသည်။

စိတ်ဖိစီးမှု ဖြစ်ပေါ်သည့် အခြေအနေသည်လည်း တစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားလှသည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးသည် အလုပ်မှအငြိမ်းစားယူလိုက်ခြင်းကြောင့် စိတ်ဖိစီးမှုကို ခံစားရသော်လည်း အခြားတစ်ယောက်မှာမူ ယင်းနှင့်ဆန့်ကျင်ဘက်ပုံစံမျိုး ခံစားရနိုင်သည်။ စိတ်ဖိစီးမှုကို ဖြစ်စေသော အရာများထဲတွင် အလုပ်ပြုတ်ခြင်း၊ မိမိ၏ ရင်သွေးတစ်ဦး အိမ်မှထွက်သွားခြင်း သို့မဟုတ် အိမ်ကိုပြန်လာနေခြင်း၊ ခင်ပွန်း သို့မဟုတ် ဇနီးသေဆုံးခြင်း၊ ကွာရှင်းခြင်း သို့မဟုတ် လက်ထပ်ခြင်း၊ နာမကျန်းဖြစ်ခြင်း၊ ဒဏ်ရာရခြင်း၊ ရာထူးတိုးခြင်း၊ ငွေရေးကြေးရေးပြဿနာများ၊ နေရာရွှေ့ပြောင်းခြင်းနှင့် ကလေးရခြင်း အစရှိသည်တို့နှင့် ပတ်သက်မှုများ ပါဝင်နေသည်။

စိတ်ဖိစီးမှုသည် ကျန်းမာရေးပြဿနာများကိုဖြစ်စေခြင်း သို့မဟုတ် ကျန်းမာရေးပြဿနာများကို ပိုမိုဆိုးရွားစေခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။ စိတ်ဖိစီးမှုနှင့်ပတ်သက်သော ဖြစ်နိုင်ဖွယ်လက္ခဏာရပ်များမှာ စိုးရိမ်စိတ်များခြင်း၊ ခါးနာခြင်း၊ ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သွေးပေါင်တက်ခြင်း၊ အိပ်မပျော်ခြင်း၊ လူမှုဆက်ဆံရေးနှင့်ပတ်သက်၍ ပြဿနာဖြစ်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ လည်ပင်း သို့မဟုတ် မေးစေ့တောင့်တင်းနေခြင်း၊ ဝမ်းဗိုက်ထဲ မအီမသာဖြစ်ခြင်းနှင့် ကိုယ်အလေးချိန်တိုးခြင်း သို့မဟုတ် ကိုယ်အလေးချိန်လျော့ခြင်းတို့ဖြစ်ကြသည်။

ပထမဆုံးအနေဖြင့် စိတ်ဖိစီးမှုခံစားရသည့်အခါ ယင်းကိုမိမိဘာသာ သိမြင်ရန်လိုအပ်သည်။ စိတ်ဖိစီးမှု၏ အစောပိုင်းလက္ခဏာတစ်ရပ်မှာ ပခုံးများနှင့်လည်ပင်း တောင့်တင်းခြင်း သို့မဟုတ် လက်သီးတင်းတင်း ဆုပ်မိနေခြင်းဖြစ်သည်။ ဒုတိယအဆင့်အနေဖြင့် စိတ်ဖိစီးမှုအား မိမိဘာသာ ကိုင်တွယ်ရန်နည်းလမ်းကို ရွေးချယ်ရန် လိုအပ်သည်။ တစ်နည်းမှာ စိတ်ဖိစီးမှုကိုဖြစ်စေသောအရာများကို ရှောင်ကြဉ်ရန်ဖြစ်သည်။ ယင်းသည် အခါခပ်သိမ်း မဖြစ်နိုင်ပါ။ ထို့ကြောင့် ဒုတိယနည်းအနေဖြင့် စိတ်ဖိစီးမှုအား တုံ့ပြန်ရန်အပြောင်းအလဲကို ရှာဖွေရွေးချယ်ရမည်ဖြစ်သည်။ ယင်းသို့တုံ့ပြန်မှုများအနက် ပုံမှန်လေ့ကျင့်ခန်းများလုပ်ခြင်းနှင့် တရားထိုင်ခြင်းတို့သည် အသုံးဝင်သောနည်းလမ်းများဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ နေ့စဉ်ဘဝအတွင်း စိန်ခေါ်မှုများနှင့် အပြောင်းအလဲများကို ရင်ဆိုင်နေရသော ပြည်သူများအနေဖြင့် စိတ်ဖိစီးမှုများကို ကျော်လွှားနိုင်ပါစေကြောင်း The Daily Eleven သတင်းစာက ဆုမွန်ကောင်း တောင်းပေးလိုက်ရပါသည်။

(ဇန်နဝါရီ ၁၇ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent