မြန်မာနိုင်ငံတွင် MSME လုပ်ငန်းပေါင်း ၄၀၀၀၀ ကျော်ရှိပြီး နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်သန်းသန်းလင်းက ပြောကြားသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏ (၁/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ ဖွဲ့စည်းမှုတွင် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပုဒ်မ ၁၀ ပါ ပြဋ္ဌာန်းချက်အရအဖွဲ့၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME)သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးမြှင့်တင်မှုနှင့် စီးပွားရေးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်သကဲ့သို့ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် MSME စီးပွားရေးလုပ်ငန်းများသည် ရာခိုင်နှုန်း ၉၀ ကျော် ပါဝင်လျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း MSME လုပ်ငန်းပေါင်း ၄၀၀၀၀ ကျော်ရှိကြောင်း၊ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးဒေါ်သန်းသန်းလင်းက ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်တွင်းထုတ်လုပ်မှုကို အလေးပေးဆောင်ရွက်လျက်ရှိပြီး MSME လုပ်ငန်းများအနေဖြင့် ပြည်တွင်းလိုအပ်သော လူသုံးကုန်နှင့် စားသုံးကုန်များကို အလုံအလောက်ထုတ်လုပ်နိုင်ပါက နိုင်ငံခြားငွေအကုန်အကျ သက်သာမည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ MSME နှင့် စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များ (Entrepreneurship) တို့သည် အပြန်အလှန်မှီခိုလျက်ရှိပြီး MSME လုပ်ငန်းများစဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရေးအတွက် စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များကို ပံ့ပိုးပေးရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။
ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၏ ထောက်တိုင်ဖြစ်သော MSME လုပ်ငန်းများသည် စွန့်ဦးတီထွင်မှု၊ တီထွင်ဆန်းသစ်နိုင်မှု၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်မှု၊ ဆင်းရဲနွမ်းပါးမှုလျှော့ချပေးနိုင်မှုနှင့် စျေးကွက်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မှုများရှိ၍ နိုင်ငံ၏ GDP တိုးတက်မှုကိုလည်း တိုက်ရိုက်အကျိုးသက်ရောက်မှုရှိသောကြောင့် MSME လုပ်ငန်းများ၏ တိုးတက်မှုသည် အရေးပါကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
အဆိုပါအစည်းအဝေးသို့ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။










