ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီများအနက် ၂၀၂၂ ခုနှစ်အတွင်း မြန်မာသီလဝါ SEZ (MTSH)က စတော့ရှယ်ယာအရောင်းအဝယ်အများဆုံးဖြစ်ပြီး FMI က ဒုတိယအများဆုံးဖြစ်

ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီများအနက် ၂၀၂၂ ခုနှစ်အတွင်း မြန်မာသီလဝါ SEZ (MTSH)က စတော့ရှယ်ယာအရောင်းအဝယ်အများဆုံးဖြစ်ပြီး FMI က ဒုတိယအများဆုံးဖြစ်
Published 6 January 2023

ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများအနက် ၂၀၂၂ ခုနှစ်အတွင်း မြန်မာသီလဝါ SEZ (MTSH)က စတော့ရှယ်ယာအရောင်းအဝယ်အများဆုံးဖြစ်ပြီး FMI က ဒုတိယအများဆုံးဖြစ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂ ခုနှစ် တစ်နှစ်စာအတွက် စတော့ရှယ်ယာအရောင်းအဝယ် ဖြစ်မြောက်မှုအခြေအနေတွင် မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်း ပတ်ဘလစ်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်(MTSH)က ရှယ်ယာစောင်ရေ ၁၂၀၈၄၆၂ ဖြင့် တန်ဖိုး ကျပ် ၃၇၅၅ ဒသမ ၉၂ သန်းရောင်းချခဲ့သည် ။ FMIက ရှယ်ယာစောင်ရေ ၁၉၆၉၈၁ ဖြင့် တန်ဖိုးကျပ် ၁၇၀၂ ဒသမ၆၂ သန်း၊FPB ကရှယ်ယာစောင်ရေ ၅၆၅၃၈ ဖြင့်တန်ဖိုး ကျပ်၁၀၆၅ ဒသမ ၃၂ သန်း၊MCB ကရှယ်ယာစောင်ရေ ၅၁၉၄၄ ဖြင့် တန်ဖိုးကျပ် ၄၀၄၇၄ သန်း၊ TMH က ရှယ်ယာစောင်ရေ ၇၇၁၁၆ ဖြင့် တန်ဖိုးကျပ် ၂၀၆ ဒသမ ၅၅ သန်း၊ AMATA က ရှယ်ယာစောင်ရေ ၃၇၅၅၉ ဖြင့် တန်ဖိုး ကျပ် ၁၈၅ ဒသမ ၈၁ သန်း၊ EFR က ရှယ်ယာစောင်ရေ ၃၈၈၃၄ ဖြင့် ကျပ် ၁၀၃ ဒသမ ၃၃ သန်း ရောင်းချခဲ့ကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း စတော့ရှယ်ယာတန်ဖိုးစုစုပေါင်း ကျပ် ၂၂၄၁ သန်းကျော် အရောင်းအဝယ်ဖြစ်မြောက်ခဲ့ပြီး တတိယသုံးလပတ်ထက် ၁၈၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ရန်ကုန်စ တော့အိတ်ချိန်းတွင် ထုတ်ပြန်ထားချက်အရ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တတိယသုံးလပတ်ဖြစ်သည့် ၂၀၂၂ ခုနှစ် ဧပြီလမှ ဇွန်လအထိလအတွင်း စတော့ရှယ်ယာအရောင်းအ ဝယ်ဖြစ်မြောက်မှုနှင့် စတုတ္ထသုံးလပတ်ဖြစ်သည့် ဇူလိုင်မှစက်တင်ဘာအထိ စတော့ရှယ် ယာအရောင်းအဝယ်ဖြစ်မြောက်မှု အခြေအနေများကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်အရ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီခုနစ်ခုမှ  စတုတ္ထသုံးလပတ်အတွင်း အရောင်းအဝယ်ဖြစ် မြောက်သည့် ရှယ်ယာစောင်ရေ စုစုပေါင်းအနေဖြင့် စတုတ္ထသုံးလပတ်အတွင်း ၅၃၀၄၂၉ ဖြစ်ပြီး တတိယသုံးလပတ်အတွင်း ၁၄၈၁၄၅ ဖြစ်ကာ စတုတ္ထသုံးလပတ်အတွင်းမှာ တတိယသုံးလပတ်ကာလထက် ၂၅၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

အရောင်းအဝယ်ဖြစ်မြောက်သည့် စတော့ရှယ်ယာတန်ဖိုးစုစုပေါင်းအနေဖြင့် တတိယသုံးလပတ်အတွင်း ကျပ် ၇၉၀ ဒသမ ၈၇ သန်းရှိခဲ့သည်။ စတုတ္ထသုံးလပတ်အတွင်း ကျပ် ၂၂၄၁ ဒသမ ၃၂ သန်းရှိခဲ့သည်။ စတုတ္ထသုံးလပတ်အတွင်းမှာ တတိယသုံးလပတ် ကာလထက်အရောင်းအဝယ်ဖြစ်မြောက်သည့် စတော့ရှယ်ယာတန်ဖိုး ၁၈၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နေ့စဉ်ပျမ်းမျှအရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေအနေဖြင့် တတိယသုံးလပတ်အတွင်း ၂၅၁၁ ရှိခဲ့ပြီး စတုတ္ထသုံးလပတ်အတွင်း ၈၂၈၅ ရှိခဲ့သဖြင့် စတုတ္ထသုံးလပတ်ကာလအနေဖြင့် တတိယသုံးလပတ်ကာလထက် ၂၃၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

နေ့စဉ်ပျမ်းမျှအရောင်းအဝယ်ဖြစ်မြောက်သည့် စတော့ရှယ်ယာတန်ဖိုးအနေဖြင့် တတိယသုံးလပတ်အတွင်း ကျပ်သန်းပေါင်း ကျပ်သန်း ၁၃ ဒသမ ၄၀ ရှိခဲ့ပြီး စတုတ္ထသုံးလပတ်အတွင်း ကျပ်သန်း ၃၅ ဒသမ ၀၂ ရှိခဲ့သည်။ သို့ဖြစ်ရာ စတုတ္ထသုံးလပတ်မှာ တတိယသုံးလပတ်ကာလထက် ၁၆၁ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း၏ အစုရှယ်ယာအရောင်းအဝယ်ဖြစ်မှုအနေဖြင့် ဇူလိုင် ၂၆ ရက်ထုတ်ပြန်ချက်အရ FMI ကုမ္ပဏီက စျေး နှုန်းမှာ ၇၂၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့်ရှယ်ယာ ၁၀၃၀ ခုရှိသည်။ MTSH ကုမ္ပဏီက စျေးနှုန်းမှာ ၂၅၀၀ ကျပ် ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့်ရှယ်ယာ ၇၄၁၆ခုရှိနေသည်။ MCB ကုမ္ပဏီက စျေးနှုန်းမှာ ၆၉၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ် ဖြစ်သည့် ရှယ်ယာ ၃၈ ခု၊ FPB ကုမ္ပဏီက စျေးနှုန်းမှာ ၁၇၅၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့် ရှယ်ယာ ၁၅၀ ခု၊ TMH ကုမ္ပဏီကစျေးနှုန်းမှာ ၂၄၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့်ရှယ်ယာ ၇၅၀ ခုရှိ နေသည်။EFR ကုမ္ပဏီကစျေးနှုန်းမှာ ၂၅၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့် ရှယ်ယာ ၀ ခု၊ AMATA ကုမ္ပဏီက စျေးနှုန်းမှာ ၅၀၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့် ရှယ်ယာ ၃၀၀ ခုရှိနေသည်။

Most Read

Most Recent