စဉ့်ကိုင်နှင့် ပေါက်မြို့နယ်တို့တွင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိ

စဉ့်ကိုင်နှင့် ပေါက်မြို့နယ်တို့တွင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိ
Published 3 January 2023

မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်နှင့် မကွေးတိုင်း ပေါက်မြို့နယ်တို့တွင် သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁ ရက် နံနက် ၁၁ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ ရွာသစ်ကြီးကျေးရွာနေ ဦးမောင်ကျော်(ခ) ဦးကျော်စိုးဝင်း (၄၅)နှစ်နှင့် ၎င်း၏ဇနီး ဒေါ်ခင်မာဝင်း (၅၂)နှစ်တို့သည် ကြက်ဖြူတောင်ကျေးရွာမှ ရွာသစ်ကြီးကျေးရွာသို့ ဆိုင်ကယ်တစ်စီးဖြင့် ပြန်လာစဉ် ကျေးရွာနှစ်ရွာကြားသို့အရောက်၌ ၎င်းတို့၏အနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါလာသည့် အမျိုးသားနှစ်ဦး (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးမောင်ကျော်(ခ) ဦးကျော်စိုးဝင်းတွင် ဝမ်းဗိုက်နှင့် ဦးခေါင်းတို့၌ ကျည်ထိမှန်ဒဏ်ရာ နှစ်ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဒေါ်ခင်မာဝင်းတွင် ဆိုင်ကယ်လဲကျတိမ်းမှောက်ခဲ့မှုကြောင့် ယာလက်ကောက်ဝတ် ပွန်းပဲ့ဒဏ်ရာတစ်ချက် ရရှိခဲ့သဖြင့် စဥ့်ကူးမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

အလားတူ ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် ပြည်သူ့ဆေးရုံ၌ ကျည်ထိမှန်ဒဏ်ရာရရှိထားသည့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပေါက်မြို့နယ်၊ အိုင့်ကိုင်းကျေးရွာနေ ဦးနိုင်လင်း(၅၃)နှစ်တွင် နောက်ကျောမှ ရင်ဘတ်သို့ ကျည်ဖောက်ထွက်ဒဏ်ရာ တစ်ချက်ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းအနေဖြင့် ဇန်နဝါရီ ၁ ရက် ည ၁၁ နာရီခွဲ က နေအိမ်၌ရှိနေစဉ် ယက္ခ(စိစစ်ဆဲ) ဦးဆောင်သည့် PDF ၂၀ ခန့်က ရောက်ရှိလာပြီး နေအိမ်အတွင်းဝင်ရောက်ကာ ၎င်းအား ‘ဒလန်’ ဟု စွပ်စွဲ၍ ကြိုးများဖြင့် တုပ်နှောင်၍ နေအိမ်အပြင်သို့ဆွဲထုတ်လာစဉ် ထွက်ပြေးခဲ့သဖြင့် PDF များက သေနတ်များဖြင့် လိုက်လံပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် PDF များက အိုင့်ကိုင်းကျေးရွာ၌ နေထိုင်သည့် ဦးရဲမောင် (၇၂)နှစ်နှင့် ဒေါ်စန်းမြင့်ကြည်(၄၇)နှစ်တို့ အား ဖမ်းဆီးကာ ချိုင်ဇောက်-မြို့ခင်းသာ-ညောင်ဝန်းပေါက်-မုံကုန်း-အိုင့်ကိုင်းလမ်း အတိုင်း ခေါ်ဆောင်၍ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များတွင် ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Most Read

Most Recent