ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် မြန်မာလုပ်သား အမျိုးသမီးတစ်ဦး ဇန်နဝါရီလ ၁ ရက်က ကားတိုက်ခံရပြီးသေဆုံးခဲ့ကြောင်းသိရသည်။
ထိုင်းနိုင်ငံမဲဆောက်မြို့ အာရှလမ်းမကြီး အနီး တနင်္ဂနွေစျေးမှ သူငယ်ချင်းများနှင့်အတူ ပြန်လာသည့် စက်ရုံ အလုပ်သမား အမျိုးသမီးငယ်သည် လမ်းဖြတ်ကူးစဉ် ၄င်း၏ဦးထုပ်ပြုတ်ကျသွားသည်ကို ပြန်ကောက်ရာ ကားတိုက်ခံ ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
""သူတို့က သူငယ်ချင်းတွေနဲ့အတူ တနင်္ဂနွေ စျေးသွားပြီးပြန်လာတာ ၊ လမ်းဖြတ်ကူးတော့ ဦးထုပ်လွင့်ကျသွားတယ်၊အဲဒါကိုပြန်လှည့်ပြီးကောက်တာ၊အာရှလမ်းဆိုတော့ ကားတွေကအရှိန်ပြင်းတယ်လေ၊ပွဲချင်းပြီး သေသွားတယ်၊စိတ်မကောင်းပါ""ဟုသူငယ်ချင်းဖြစ်သူကပြောသည်။
သေဆုံးသူ မြန်မာလုပ်သားအမျိုးသမီးငယ်မှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် သရက်ပင်ကြီးကျေးရွာမှ ဦးအေးသာကျော် ၊ဒေါ်မဲစိန်တို့၏ အငယ်ဆုံးသမီး မစုစုလှိုင် ဖြစ်ကြောင်း သိရသည်။
မစုစုလှိုင်(၂၇)နှစ်သည် မိသားစုတွင် အငယ်ဆုံး သမီးဖြစ်ကာ မဲဆောက်အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ပြီး မိဘ နှစ်ဦးအား လုပ်ကိုင် ကျွေးနေသူတစ်ဦးဖြစ်သည်။
ယာဉ်တိုက်မှုကြောင့်သေဆုံးသူမစုစုလှိုင်အား လူမှုကယ်ဆယ်ရေးအသင်းကားဖြင့် မဲဆောက်ဆေးရုံကြီးသို့ ယူဆောင်သွားပြီး သူငယ်ချင်မိတ်ဆွေများမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျှက်ရှိသည်။