ထိုင်းနိုင်ငံရှိ ရွှေဆိုင်အတွင်း ဝင်ရောက်လုယက်သူ မြန်မာနိုင်ငံသား ဖမ်းဆီးခံရ

ထိုင်းနိုင်ငံရှိ ရွှေဆိုင်အတွင်း ဝင်ရောက်လုယက်သူ မြန်မာနိုင်ငံသား ဖမ်းဆီးခံရ
Published 26 December 2022
ကိုရွှေသိန်း (မြဝတီ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အေကချိုင် လမ်းရှိ ရွှေဆိုင်တစ်ခုတွင် ဒီဇင်ဘာ ၂၄ ရက် က  ရွှေထည်ပစ္စည်းများ ဝင်ရောက်လုယက် ထွက်ပြေးသူ မြန်မာနိုင်ငံသားကို ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

မြန်မာအဝတ်အစားနှင့် မြန်မာအစား အသောက်များ အစုံအလင်ရောင်းချသော ဘန်ဘောစျေးအနီးရှိ ရွှေဆိုင်သို့ အကျႌအဖြူ ဝတ်ဆင်ထားသူက ရွှေဝယ်ဟန်ဆောင်၍ ရွှေလက်ကောက်ငါးကွင်း လုယူထွက်ပြေးခဲ့ ခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းမှာ ရွှေဆိုင်မှ ရွှေလက်ကောက်များ လုယူပြီး စျေးအတွင်း ထွက်ပြေးလွတ်မြောက် သွားသော်လည်း CCTV မှတ်တမ်းအရ အကျႌအဖြူမှ အမည်းရောင်ပြောင်းလဲဝတ် ဆင်ပုန်းခိုနေသူအား သက်ဆိုင်ရာရဲတပ်ဖွဲ့ က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ ရွှေဆိုင်များတွင် သေနတ် သမားများ ငှားရမ်းပြီး လုံခြုံရေးချထားရသည့် အခြေအနေတွင် ယခုလို မြန်မာနိုင်ငံသား တစ်ဦးက လုယက်မှုဖြစ်ပွားခြင်းမှာ လေးသန်း ခန့်ရှိ ထိုင်းရောက် မြန်မာလုပ်သားများ၏ ပုံရိပ်ကို ထိခိုက်စေကြောင်း မြန်မာပြည်သား များအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

“ဒီဖြစ်စဉ်မှာ အကြွေးဘတ် ၇၀၀၀၀ ပေးရန်ရှိလို့  ရွှေဆိုင်မှာ လုယက်အလစ်သုတ် ပြေးရတာပေါ့ဗျာ။ ဘယ်လိုဖြစ်ဖြစ် ထိုင်းနိုင်ငံ ရွှေဆိုင်တွေမှာ သေနတ်သမားကိုလုံခြုံရေးငှားရမ်းပြီးတော့ ကာကွယ်မှုလုပ်ထားရတဲ့ အနေအထားမှာ ဒီလိုမျိုး လုပ်တာကတော့ ထိုင်းနိုင်ငံမှာရှိနေတဲ့ မြန်မာလေးသန်း လောက်ရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေပါတယ်။ နောက်နောင်ဆိုရင် မြန်မာတွေ ရွှေဝယ်ဖို့ဖြစ် ဖြစ်၊ ပေါင်နှံဖို့ပဲဖြစ်ဖြစ် ရွှေဆိုင်အနီးအနား ကိုသွားရင် အထင်သေးအမြင်သေး မသင်္ကာ တဲ့အကြည့်တွေနဲ့ ကြည့်ခံရတတ်ပါတယ်။ ဒါတွေက တစ်ယောက်မကောင်း အများခံရ တဲ့သဘောပေါ့။ အစစအရာရာ သတိထားရ မယ့် အနေအထားပါ။ ကိုယ့်အခက်အခဲကို ဒီလိုနည်းနဲ့ဖြေရှင်းတာ လုံးဝမသင့်တော်ပါ ဘူး။ ရှုတ်ချတယ်လို့ ကျွန်တော်ပြောချင်ပါ တယ်”ဟု ဦးမိုးကြိုးက ဆိုသည်။

ထိုင်းရဲတပ်ဖွဲ့ဝင်များ၏ စစ်ဆေးချက် အရ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားမှာ ကို သက်ဦး (၃၀ နှစ်) ဆိုသူဖြစ်ပြီး ဥပဒေအရ အရေးယူရန်အတွက် ဘန့်ခွန်ထီယန်ရဲစခန်း သို့ ပို့ဆောင်ထားကြောင်း ထိုင်းနိုင်ငံဘက်မှ လာသော သတင်းများအရ သိရသည်။

 

Most Read

Most Recent