လတ်တလောထွက်လာသည့် ဗီဒီယိုကြောင့် ဂျက်လီ၏ကျန်းမာရေးကို ပရိသတ်များ စိုးရိမ်နေကြ

လတ်တလောထွက်လာသည့် ဗီဒီယိုကြောင့် ဂျက်လီ၏ကျန်းမာရေးကို ပရိသတ်များ စိုးရိမ်နေကြ
Photo: AsiaOne
Photo: AsiaOne
Published 24 December 2022

ဟောင်ကောင်မှ နာမည်ကြီးရုပ်ရှင်ပရိုဂျူဆာ၊ ရင်းနှီးမြှုပ်နှှံသူတစ်ဦးဖြစ်သည့် တစ်ဖနီချန်သည် ပြီးခဲ့သည့်ရက်ပိုင်းက တရုတ် Tik Tok အက်ပလီကေးရှင်း Douyin တွင် ပထမဆုံးစျေးရောင်းလိုက်ဖ်လွှင့်ခဲ့ရာ အနုပညာရပ်ဝန်းမှ သူငယ်ချင်းမိတ်ဆွေများ၏ အားပေးမှုကိုရခဲ့သည်။

တစ်ဖနီချန်ကို ထိုသို့အားပေးခဲ့သည့် ဆယ်လီများထဲတွင် ဂျက်လီလည်းပါခဲ့ပြီး ၎င်း၏ပထမဆုံး Douyin အရောင်းလိုက်ဖ် အတွက် ဂျက်လီက ဂုဏ်ပြုစကားပြောခဲ့သည်။

မီဒီယာသတင်းများအရ အွန်လိုင်းပရိသတ်အချို့က အသက် ၅၉ နှစ်အရွယ် ဂျက်လီ၏ မျက်နှာသည် ရောင်ရမ်းနေပုံပေါက်ပြီး  လည်ပင်းကလည်း သွေးကြောများပင် မြင်ရကာ ပုံမှန်ထက်လည်ပင်းကြီးနေသယောင် ဖြစ်နေသည်ကို သတိထားမိကာ ၎င်း၏ရောဂါဟောင်း ပြန်ထနေပြီလားဆိုသည့် သံသယများ ဖြစ်လာကြသည်။

ဂျက်လီသည် လည်ပင်းကြီးရောဂါခံစားနေရသည်မှာ နှစ်ချီရှိနေပြီဖြစ်သည်။

၂၀၁၈ ခုနှစ်က ထွက်လာသည့် ဓာတ်ပုံတစ်ပုံကြောင့်လည်း ဂျက်လီ၏ကျန်းမာရေးကို ခန့်မှန်းပြောဆိုမှုများ ဖြစ်လိုက်သေးသည်။ ဓာတ်ပုံထဲတွင် ဂျက်လီက ဆံပင်ဖြူနေပြီး ပိုပြီးအိုစာသည့်ပုံဖြစ်နေသည်။ ထိုစဉ်ကမူ ဂျက်လီက လိုက်တင်မီးများနှင့် ကင်မရာရှုထောင့်ကြောင့်ဖြစ်လိမ့်မည်ဟု ပြန်ရှင်းလင်းခဲ့သည်။

Facebook တွင်လည်း ဂျက်လီက ၎င်း၏ကျန်းမာရေးကို စိုးရိမ်ပေးကြသည့်အတွက် ပရိသတ်များကို ကျေးဇူးတင်ကြောင်း၊ ၎င်းကျန်းမာလျက်ရှိကြောင်း၊ ၎င်း၏ပရောဂျက် အချို့ကို မကြာမီပရိသတ်များကိုမျှဝေမည် ဖြစ်ကြောင်း ရေးသားခဲ့သည်။

ဂျက်လီသည် ၂၀၁၀ ခုနှစ်တွင် ၎င်းအခြေအနေကို ပရိသတ်များအား အသိပေးပြီးကတည်းက ကျန်းမာရေးညံ့လာခဲ့သည်။ မ ကျန်းမာကြောင်း၊ ဥပမာလည်ပင်းကြီးရောဂါမျိုး ခံစားနေရကြောင်း၊ ဆေးများသောက်နေရသည့်အတွက်လည်း ၀ိတ်ချရန် မဖြစ်နိုင်ဘဲ ဝနေကြောင်း၊ ဆေးကနှလုံးခုန်နှုန်းကို ထိန်းရန် သောက်နေသည့်အတွက် လေ့ကျင့်ခန်း များများစားစားမလုပ်နိုင်ကြောင်း ပရိသတ်များကို အသိပေးခဲ့သည်။

ထိုစဉ်က ၎င်း၏နှလုံးခုန်နှုန်းမှာ တစ်မိနစ်ကို အကြိမ် ၁၃၀ မှ ၁၄၀ နီးပါးထိ မြန်နေခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ဆရာဝန်များက ၎င်းကို အပင်ပန်းခံလွန်းလျှင် ဝှီးချဲကုလားထိုင်ဖြင့် ဇာတ်သိမ်းရလိမ့်မည်ဟု သတိပေးခဲ့ဖူးသည်။

Most Read

Most Recent