နစကဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနဝန်ကြီး တွေ့ဆုံပြီး နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ ဆွေးနွေး

နစကဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနဝန်ကြီး တွေ့ဆုံပြီး နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ ဆွေးနွေး
Published 6 December 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနဝန်ကြီး H.E.Mr.Maxim RESHETNIKOV တို့ တွေ့ဆုံပြီး နှစ်နိုင်ငံစီးပွားရေးဆိုင်ရာကိစ္စရပ်များနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

နစကဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီးတို့သည် ဒီဇင်ဘာ ၅ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံရာတွင် အထက်ပါကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှားနှစ်နိုင်ငံ စီးပွားရေးဆိုင်ရာကိစ္စရပ်များနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်း ပျံသန်းရေးဆိုင်ရာကိစ္စရပ်များနှင့် အခြားလိုအပ်သောကိစ္စရပ်များ၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအဖွဲ့များအား နိုင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံမှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ သံနှင့် သံမဏိ ထုတ်လုပ်ရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် နည်းပညာပိုင်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ပေးမည့် အခြေအနေများ၊ စွမ်းအင်ဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါးထုတ်လုပ်ရေးနှင့် ကုသရေးဆိုင်ရာ ကိစ္စရပ်များ၊ တွင်းထွက်ပစ္စည်း ထုတ် လုပ်ခြင်းဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် စက်မှုထုတ်ကုန်များ ထုတ်လုပ်ခြင်းတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် အခြားကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာကံဇော်၊ ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E.Mr.Nikolay LISTOPADOV၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent