ထီးချိုင့်မြို့နယ် အလယ်တောကျေးရွာနှင့် အင်းတိန်ကျေးရွာတို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KIA၊ PDF အဖွဲ့များ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး ယင်းကျေးရွာနှစ်ရွာအပါအဝင် ကျေးရွာသုံးရွာရှိ လူနေအိမ် ၃၅၈ လုံး  မီးရှို့ခံရကြောင်း နစက ထုတ်ပြန်

ထီးချိုင့်မြို့နယ် အလယ်တောကျေးရွာနှင့် အင်းတိန်ကျေးရွာတို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KIA၊ PDF အဖွဲ့များ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး ယင်းကျေးရွာနှစ်ရွာအပါအဝင် ကျေးရွာသုံးရွာရှိ လူနေအိမ် ၃၅၈ လုံး  မီးရှို့ခံရကြောင်း နစက ထုတ်ပြန်
Published 5 December 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် အလယ်တောကျေးရွာနှင့် အင်းတိန်ကျေးရွာတို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KIA၊ PDF အဖွဲ့များ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး ယင်းကျေးရွာနှစ်ရွာရှိ လူနေအိမ် ၃၅၈ လုံး  မီးရှို့ခံရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ထီးချိုင့်မြို့နယ်၊ အလယ်တောကျေးရွာအတွင်း၌ KIA အဖွဲ့နှင့် PDF များက ဝင်ရောက်နေထိုင်၍ အဖျက်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ကျေးရွာသားအချို့က လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်ဆက်သွယ်အကြောင်းကြားသတင်းပို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၂၈ ရက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် အဆိုပါကျေးရွာသို့သွားရောက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ KIA အဖွဲ့နှင့် PDF များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယင်းအဖွဲ့များသည် ကျေးရွာ၏ အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးခဲ့ပြီး ၎င်းတို့ဆုတ်ခွာစဉ်ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် လူနေအိမ်အလုံး ၂၅၀ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

အလားတူ ထီးချိုင့်မြို့နယ်၊ အင်းတိန်ကျေးရွာသို့ နိုဝင်ဘာ ၃၀ ရက် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ KIA အဖွဲ့နှင့် PDF များက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါအဖွဲ့များသည် ကျေးရွာ၏အနောက်တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းတို့ဆုတ်ခွာစဉ် အင်းတိန်ကျေးရွာနှင့် လမ်းတစ်လျှောက်ရှိ လေသာကုန်းကျေးရွာရှိနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် လူနေအိမ် ၁၀၈ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

KIA အဖွဲ့နှင့် PDF များ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အိမ်ခြေ ၅၁၃ လုံး၊ မကွေးတိုင်းဒေသကြီးအတွင်း အိမ်ခြေ ၂၈ လုံး၊ ချင်းပြည်နယ်အတွင်း အိမ်ခြေ ၂၂၀ လုံးနှင့် ကချင်ပြည်နယ်အတွင်း အိမ်ခြေ ၃၀ လုံးရှိပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် မီးဘေးသင့်ပြည်သူများသည် ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဆွေမျိုးများ၏နေအိမ်များ၌ နေထိုင်လျက်ရှိကြောင်းနှင့်ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent