အမျိုးသမီးငယ်တစ်ဦးအား ဒလန်ပြုလုပ်ခဲ့သည်ဟုဝန်ခံခိုင်းကာ လူသွားလမ်းပေါ်တွင် ပစ်သတ်ခဲ့သည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်များတွင်ပျံ့နှံ့ ထွက်ပေါ်လျက်ရှိ ကြောင်းသိရသည်။
အဆိုပါရုပ်သံဖိုင်မှာ ကြာမြင့်ချိန် ၃ မိနစ်ကျော်ခန့်သာရှိပြီး ဖြစ်ပွားခဲ့သည့်နေရာမှာ အတိအကျပါဝင်ခြင်းမရှိသော်လည်း လူမှုကွန်ရက်များတွင် ပြန်လည်ဖြန့်ဝေနေသူများ၏ ရေးသားမှုများအရ တမူးမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် တမူး PDF တပ်ရင်း(၄)က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ရေးသားထားသည်ကို တွေ့ရသည်။
ထို့ပြင် ဒလန်ဟုဝန်ခံခိုင်းပြီး ပစ်ခတ်ခံရသည့် အမျိုးသမီးငယ်မှာ Non CDM ဆရာမတစ်ဦးဖြစ်ကြောင်း ကနဦးစုံစမ်းမှုအရသိရသည်။
ထို့အတူ ယခုပစ်သတ်ခံရသည့် အမျိုးသမီးငယ်သည် တမူးမြို့တွင် နေထိုင်သည့် အသက် ၂၄ နှစ်အရွယ်ရှိ Non CDM ဆရာမဒေါ်အေးမာထွန်းဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် ဇွန်လပိုင်းက တမူးမြို့တွင် PDF များ၏ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ပျောက်ဆုံးနေသူဖြစ်ကြောင်း၊ ၎င်းတွင် သားသမီးသုံးဦးရှိကြောင်း လူမှုကွန်ရက်တွင် ရေးသားမှုအချို့ကိုလည်း တွေ့ရသည်။
ပစ်သတ်ခံရသည့် အမျိုးသမီးငယ်သည် ကနဦးတွင်လက်ထိပ်ခတ်ခံရထားပြီး ၎င်းအား “ကျွန်မဒလန်လုပ်မိလို့ပါ” ဟု ပြောဆိုဝန်ခံခိုင်းကာ ထိုးကြိတ်၊ ပါးရိုက်ခြင်းနှင့် ခြေထောက်ဖြင့်ကန်ကာ စစ်မေးနေသည်ကို ရုပ်သံဖိုင်တွင် တွေ့ရသည်။
ယင်းအပြင် စစ်မေးသူတစ်ဦးက အမျိုးသမီးငယ်အား “ပိုက်ဆံအဲဒီလောက်ကြိုက်တာလား” ဟု ပြောဆိုသံတစ်ခုကိုလည်းကြားရပြီး ထိုးကြိတ်ရိုက်နှက်စစ်မေးသူများတွင် အမျိုးသမီးတစ်ဦးပါဝင်သည်ကိုလည်းတွေ့ရကာ စစ်မေးခံရသည့် အမျိုးသမီးငယ်က ၎င်းအနေဖြင့် ဒလန်မလုပ်မိ၍ မည်သို့ပြောဆိုရမည်နည်းဟု ပြန်လည်ပြောဆိုကာ ငိုယိုတောင်းပန်နေသည်ကိုလည်း ရုပ်သံဖိုင်တွင် တွေ့ရသည်။
ထို့နောက် စစ်မေးခံရသည့် အမျိုးသမီးငယ်အား မျက်လုံးအား အနက်ရောင် Mask ဖြင့်ဖုံးအုပ်၍ လက်ထိပ်ဖြုတ်ပြီးနောက် လက်အားခေါင်းပေါ်တင်ခိုင်းထားကာ ဒူးထောက်ထိုင်ခိုင်း၍ အဆိုပါစစ်မေးသည့် လမ်းပေါ်၌ သေနတ်ဖြင့် လေးချက်ခန့် ပစ်ခတ်ကာ ပစ်သတ်ခဲ့သည်ကိုတွေ့ရသည်။
ထိုသို့ အမျိုးသမီးငယ်အား ပစ်သတ်မည့်အချိန်တွင် ယင်းလမ်းပေါ်၌ လမ်းသွားလမ်းလာအချို့ သွားရောက်နေသည်ကိုလည်း ရုပ်သံဖိုင်တွင် တွေ့ရသည်။
ယင်းဖြစ်စဉ် အသေးစိတ်နှင့်ပတ်သက်၍ ဒေသခံများနှင့်ဆက်သွယ်မှုမရရှိသေးသဖြင့် မေးမြန်းနိုင်ခြင်းမရှိသေးဘဲ တပ်မတော်အားထောက်ခံသည့် သတင်းများကို ဖော်ပြရေးသားနေသူများအနက် လူသိများသည့် ဟန်ငြိမ်ဦးတယ်လီဂရမ်တွင်လည်း ယင်းရုပ်သံဖိုင်ကို တင်ထားပြီး ကွန့်မန့်ရေးသားသူအများအပြားကို လည်းတွေ့ရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပဋိပက္ခများအတွင်း နှစ်ဖက်စာရင်းများအရ လက်နက်မဲ့အရပ်သားသေဆုံးမှုမှာ စုစုပေါင်း ခန့်မှန်းခြေ ၆၀၀၀ ဝန်းကျင်ရှိပြီဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ သေဆုံးခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များ၊ ဒလန်ဟုစွပ်စွဲခံရသူ အရပ်သားများ၊ ပြည်ခိုင်ဖြိုးပါတီနှင့် နိုင်ငံရေး ပါတီအချို့မှပါတီဝင်များ စုစုပေါင်း ၄၀၃၇ ဦးရှိပြီး ၎င်းတို့တွင် ကလေးသူငယ် ၁၀၀ ကျော်ပါဝင်ကြောင်း နစက၏ ထုတ်ပြန်ထားမှုအရ အသိရသည်။
အခြားတစ်ဖက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့်သေဆုံးခဲ့သူသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂ ရက်အထိ ၂၅၅၃ ဦးရှိကြောင်း AAPP အဖွဲ့က ထုတ်ပြန်ထားပြီး AAPP အဖွဲ့၏ ထုတ်ပြန်မှုများနှင့်ပတ်သက်၍ သေဆုံးသူများ၏ အချက်အလက်များမှာ တိကျခိုင်မာမှုမရှိဟု နစကဘက်က ငြင်းဆိုထားသည်။
နိုင်ငံတစ်ဝန်း ဒလန်စွပ်စွဲချက်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရသူ ၄၀၀၀ ကျော်အနက် ၂၀၂၂ ခုနှစ် မတ်လကုန်အထိစာရင်းအရ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ပါတီဝန်းရံထောက်ခံသူ ၁၃၂၇ ဦးပါဝင်ကြောင်းသိရသည်။
ထို့အတူ လုပ်ကြံသတ်ဖြတ်ခံရသူများတွင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ သံဃာ ၆၇ ပါး၊ သီလရှင်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ပညာရေးဝန်ထမ်း ဦးရေ ၄၀ နှင့် ကျန်းမာရေးဝန်ထမ်း ၁၃ ဦး ပါဝင်ကြောင်းသိရသည်။
ထိုသို့လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် ပျံလွန်တော်မူခဲ့သည့် သံဃာတော် ၆၇ ပါးမှာ ကချင်ပြည်နယ်မှ သုံးပါး၊ ချင်းပြည်နယ်မှ တစ်ပါး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၂၉ ပါး၊ မကွေးတိုင်းဒေသကြီးမှ ၁၄ ပါး၊ မန္တလေးတိုင်း ဒေသကြီးမှ ၁၁ ပါး၊ ရန်ကုန်တိုင်းဒေသကြီးမှ သုံးပါး၊ ဧရာဝတီတိုင်းဒေသကြီးမှ တစ်ပါး၊ ပဲခူးတိုင်းဒေသကြီးမှ တစ်ပါး၊ မွန်ပြည်နယ်လေးပါးတို့ဖြစ်ကြောင်းနှင့် ပျံလွန်တော်မူခဲ့သည့် သီလရှင်တစ်ပါးမှာ မကွေးကိုင်းတိုင်း ဒေသကြီးမှဖြစ်ကြောင်း သိရသည်။
ထို့ပြင် လုပ်ကြံသတ်ဖြတ်ခံရသဖြင့် သေဆုံးခဲ့သည့် ပညာရေးဝန်ထမ်း ၄၀ ဦးတွင် ဆရာ ၁၉ ဦး၊ ဆရာမ ၁၇ ဦး၊ ဝန်ထမ်း လေးဦး ပါဝင်ပြီး ゞင်းင်းတို့မှာ နေပြည်တော်မှတစ်ဦး၊ ချင်းပြည်နယ်မှ တစ်ဦး၊ စစ်ကိုင်းတိုင်းဒေသ ကြီးမှ ၁၉ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ နှစ်ဦး၊ ပဲခူးတိုင်းဒေသကြီးမှ နှစ်ဦး၊ မကွေးတိုင်း ဒေသကြီးမှ ရှစ်ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ငါးဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ တစ်ဦးနှင့် ရှမ်းပြည်နယ်မှ တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် သေဆုံးခဲ့သည့် ကျန်းမာရေးဝန်ထမ်း ၁၃ ဦး မှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ခြောက်ဦး၊ မကွေးတိုင်းဒေသကြီးတွင် သုံးဦး၊ မန္တလေး တိုင်းဒေသကြီးတွင်နှစ်ဦး၊ မွန်ပြည်နယ်တွင် တစ်ဦး၊ ရှမ်းပြည်နယ်မှတစ်ဦးတို့ဖြစ်ပြီး ဒဏ်ရာရရှိခဲ့သည့် ကျန်းမာရေးဝန်ထမ်းမှာ ၁၉ ဦးရှိကာ စစ်ကိုင်းတိုင်းဒေသကြီးမှ ၁၀ ဦးဖြင့် အများဆုံးဖြစ်ကြောင်း သိရသည်။















