MSME လုပ်ငန်းများအတွက် ထုတ်ချေးထားသည့် ချေးငွေများကို သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား

MSME လုပ်ငန်းများအတွက် ထုတ်ချေးထားသည့် ချေးငွေများကို သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား
Published 29 November 2022

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်က ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး ယင်းချေးငွေများကို သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

မကွေးတိုင်းကြီးဒေသကြီး မြို့တော်ခန်းမ၌ နိုဝင်ဘာ ၂၈ ရက်က မကွေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က MSME လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်ကောင်းများလိုအပ်ကြောင်း၊ MSME လုပ်ငန်းတွင် ထုတ်လုပ်မှုကဏ္ဍ၊ ရောင်းဝယ်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍဟူ၍ရှိကြောင်း၊ ဒေသတွင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အဓိကထားထုတ်လုပ်သည့် ထုတ်ကုန်များ ထုတ်လုပ်ရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက်မှသာလျင် အလုပ်အကိုင်အခွင့်အလမ်းအများ ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ကာ ဒေသဖွံ့ဖြိုးမှုကို ပိုမိုအထောက်အပံ့ပေးနိုင်မည်ဖြစ်ပြီး လူမှုစီးပွားဘဝလည်း မြင့်တက်လာမည်ဖြစ်ကြောင်း၊ ကျေးလက်စီးပွားရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်ခြင်းသည် ပိုမိုအကျိုးဖြစ်ထွန်းစေကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဦးဆောင်၍ ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေးကို ၀ိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထုတ်ကုန်များ ထုတ်လုပ်ရာတွင် ပြည်တွင်းလိုအပ်ချက်များဖြစ်သည့် လူသုံးကုန်ပစ္စည်းများကို လုံလောက်စွာထုတ်လုပ် နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံအတွက် လိုအပ်လျက်ရှိသည့် အခြေခံလူသုံးကုန်ပစ္စည်းများကို ပြည်ပမှတင်သွင်းရသူ (Importer) အဆင့်မှ ပြည်တွင်းလိုအပ်ချက်ဖူလုံ ပြည့်မီအောင်ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့နိုင်သူ (Exporter) အဆင့်အထိ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံ့စီးပွားရေးကို ဆောင်ရွက်ရာတွင် နိုင်ငံသူ၊ နိုင်ငံသားအားလုံးက အမြင်ကျယ်ကျယ်ဖြင့်ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် သစ်ပင်၊ သစ်တောနှင့် ၀ါးသယံဇာတများစွာရှိကြောင်း၊ ၀ါးကိုအခြေခံသည့် စက္ကူပျော့ဖတ်များ ထုတ်လုပ်၍ ပြည်တွင်းစက္ကူလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ အလားတူ သစ်အချောထည်ပစ္စည်းများကိုလည်း ထုတ်လုပ်နိုင်ကြောင်း၊ သစ်တောထွက်ကုန်ပစ္စည်းများကို အသုံးပြု၍ ပြည်တွင်းသုံးကုန်များကို အစားထိုးနိုင်သကဲ့သို့ ပြည်ပသို့လည်း တင်ပို့နိုင်ကြောင်း၊ သစ်တောထွက်သယံဇာတများကို ထုတ်ယူသုံးစွဲပြီးပါက ပြန်လည်အစားထိုးစိုက်ပျိုးခြင်းနှင့်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထိုက်သင့်သည့်အတိုးနှုန်းများဖြင့် ချေးငွေများထုတ်ချေးပေးလျက်ရှိကြောင်း၊ နိုင်ငံတော်ချေးငွေများရှိသကဲ့သို့ ပုဂ္ဂလိကချေးငွေများလည်းရှိပြီး အဆိုပါချေးငွေများကိုလည်း သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်ရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ချေးငွေများထပ်မံ ထုတ်ချေးပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။           

Most Read

Most Recent