ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ထိန်းသိမ်း​စောင့်​ရှောက်​ရေးကိစ္စများအ​ပေါ် အဂတိဖြင့် စွဲချက်တင်ထားသည့် အမှုများအတွက် ​ဒေါ်​အောင်ဆန်းစုကြည်အား စစ်​ဆေး

ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ထိန်းသိမ်း​စောင့်​ရှောက်​ရေးကိစ္စများအ​ပေါ် အဂတိဖြင့် စွဲချက်တင်ထားသည့် အမှုများအတွက် ​ဒေါ်​အောင်ဆန်းစုကြည်အား စစ်​ဆေး
Published 28 November 2022

ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် စွဲချက်တင်ထားသည့် အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်အား စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးတွင် နိုဝင်ဘာ ၂၈ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် သမ္မတဟောင်းဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်​​ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်စစ်ဆေးခဲ့​​​ကြောင်း သိရသည်။

ယင်းရုံးချိန်းတွင် ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့်စွဲချက် တင်ထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉ နှင့် ၅၀ တို့အနက် ရဟတ်ယာဉ် ငှားရမ်းခြင်းဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ အဂတိဖြင့်စွဲချက်တင်ထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၇၊ ၄၈ ရဟတ်ယာဉ် ဝယ်ယူခြင်းဆိုင်ရာကိစ္စရပ်များအပေါ် အဂတိဖြင့် စွဲ ချက်တင်ထားသည့်  ရာဇဝတ်ကြီးအမှုအမှတ် ၄၉ နှင့် ရဟတ်ယာဉ်ထိန်းသိမ်း စောင့်ရှောက်ရေးကိစ္စရပ်များ ဆောင်ရွက်မှုအပေါ် အဂတိဖြင့် စွဲချက်တင်ထားသည် ရာဇဝတ်ကြီးအမှုအမှတ် ၅၀ တို့အတွက် ဒေါ်အောင်ဆန်းစုကြည်အား စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါအမှုများနှင့်ပတ်သက်၍ တရားလိုဖြစ်သူများ၊ တရားလိုပြသက်သေများ၊ ပြန်ခေါ်သက်သေများနှင့် စွပ်စွဲခံရသူများအားစစ် ဆေးပြီးစီးပြီဖြစ်ကြောင်းလည်း သိရသည်။                  

အထက်ပါအမှုများသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ထိန်းသိမ်းစောင့် ရှောက်ရေးကိစ္စရပ်များတွင် ၎င်းတို့၏ လုပ်ပိုင် ခွင့်အခွင့်အာဏာကိုအသုံးပြု၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ ရုံးတွင်းစာအဆင့်ဆင့်ဖြင့် ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးများ နစ်နာဆုံးရှုံးခဲ့ရခြင်းစွဲချက်ဖြင့် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုများဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်တွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အကြောင်းပြချက်ဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုရန်ပုံငွေမှ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ် အတွင်း ရဟတ်ယာဉ်တစ်စီး ငှားရမ်းခြင်း၊ သက်တမ်းတိုးခြင်းတို့ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁^၂၀၁၇ ကို လိုက်နာမှုမရှိခြင်းအပါအဝင် ငှားရမ်းသည့်ကာလအတွက် ငွေကြေး​​ပေးချေ မှုများ၊ နိုင်ငံတော်ပိုင် ရဟတ်ယာဉ်တစ်စီး ဝယ်ယူအသုံးပြုရာ၌ လုပ်ထုံးလုပ်နည်းနှင့် အညီ သက်ဆိုင်ရာဝန်ကြီးဌာနက ဘတ်ဂျက် တောင်းခံ တင်ပြဝယ်ယူခြင်းမရှိဘဲ သုံးစွဲခွင့် မရှိသည့် အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှသုံးစွဲထားခြင်း ကြောင့် ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာ ရန် ပျက်ကွက်ခဲ့ခြင်းများကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံးစေ သည့်စွဲချက်ဖြင့် ဦးဝင်းမြင့်နှင့် ​​ဒေါ်အောင် ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုထားခြင်း ဖြစ်​​ကြောင်း သိရသည်။

အဂတိဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို နိုဝင်ဘာ ၂၉ ရက်တွင် ထပ်မံရုံးထုတ်စစ်ဆေးရန် ချိန်းဆိုထားကြောင်း သိရသည်။

Most Read

Most Recent