ပါ၀ါရိန်းဂျား စူပါဟီးရိုးဇာတ်လမ်းတွင် အစိမ်းရောင်ရိန်းဂျားနေရာမှ သရုပ်ဆောင်သူအဖြစ် နာမည်ကြီးခဲ့သူ အသက် ၄၉ နှစ်အရွယ်ရှိ ဂျေဆင်ဒေးဗစ်ဖရန့်ခ် ကွယ်လွန်သွားပြီဖြစ်ကြောင်း အနုပညာသတင်းမီဒီယာ TMZ က ဖော်ပြခဲ့သည်။
သတင်းအရ ဒေးဗစ်ဖရန့်ခ်သည် နိုဝင်ဘာ ၂၀ ရက်က ကွယ်လွန်သွားခြင်းဖြစ်ပြီး မည်သည့်အကြောင်းဖြင့် ကွယ်လွန်သည်ကိုမူ ဖော်ပြမထားပေ။
မင်းသား၏ပြောရေးဆိုခွင့်ရှိသူ ဂျက်စတင်ဟန့်ဆိုသူက ကြေညာချက်ထုတ်ခဲ့ရာတွင်လည်း ပရိသတ်များအနေဖြင့် ကျန်ရစ်သူမိသားစုနှင့် မိတ်ဆွေအပေါင်းအသင်းများ၏ ကိုယ်ရေးလုံခြုံမှုကို လေးစားပေးရန် မေတ္တာရပ်ခံထားသည်။
အမည်မသိသတင်းရင်းမြစ်အချို့ကမူ ဒေးဗစ်ဖရန့်ခ်ဆုံးသွားခြင်းမှာ သေကြောင်းကြံစည်သွားခြင်းဖြစ်သည်ဟု TMZ ကို သတင်းပေးလာကြသည်။ သို့သော်၎င်းသေဆုံးသည့်အကြောင်းရင်းကို ယခုချိန်အထိ မသိနိုင်သေးဟု Us Weekly က ဖော်ပြခဲ့သည်။
ဖရန့်ခ်သည် Mighty Morphin Power Rangers ဇာတ်လမ်းစီးရီးတွင် တွမ်မီအိုလီဗာနေရာမှ သရုပ်ဆောင်သူအဖြစ် လူသိများခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် စတင်သရုပ်ဆောင်လာသူဖြစ်သည်။
ပထမဆုံး Season တွင် ဖရန့်ခ်၏ဇာတ်ကောင်ကို အစိမ်းရောင်ရိန်းဂျားအဖြစ် မိတ်ဆက်ခဲ့ပြီး နောက်ပိုင်းတွင် အဖြူရောင်ရိန်းဂျား (အဖွဲ့ခေါင်းဆောင်)အဖြစ်လည်း သရုပ်ဆောင်ခဲ့သည်။
ပါ၀ါရိန်းဂျားဇာတ်လမ်းတွင် ရိန်းဂျားဝတ်စုံမျိုးစုံဖြင့် ဝတ်ဆင်သရုပ်ဆောင်ခဲ့သူမှာ ဖရန့်ခ်ပင်ဖြစ်ပြီး အနီရောင်ရိန်းဂျား၊ အမည်းရောင်ရိန်းဂျားနေရာမှလည်း ပါဝင်ခဲ့ရသည်။
ဖရန့်ခ်၏အေးဂျင့်တစ်ဦးက ဆိုရှယ်မီဒီယာတွင် ရေးသားထားသည့်အထဲ ၎င်းမသေဆုံးမီ စိတ်ကျဝေဒနာဖြစ်နေပုံမျိုး အရိပ်ပြပြောဆိုထားသည်။
ဇာတ်လမ်းထဲမှ တွဲဖက်သရုပ်ဆောင် (အမည်းရောင်ရိန်းဂျား) ဝေါ်တာဂျုံးက ဖရန့်ခ်သည် လူအများစုအတွက် အတုယူစရာလူဖြစ်ပြီး ရိုက်ကွင်းတွင် ဟာသဉာဏ်အရွှင်ဆုံးသူ၊ ဖရန့်ခ်နှင့် အနိမ့်အမြင့်မျိုးစုံကို ဖြတ်သန်းခဲ့ရပြီး ၎င်းကို အမြဲအမှတ်ရနေတော့မည်ဟု ဆိုရှယ်မီဒီယာတွင် ရေးသားထားသည်။









