သာကေတနှင့် မင်္ဂလာဒုံရှိ HIVဆေးရုံများမှ အတွင်းလူနာအပါအဝင် HIV လူနာများအားလုံးကို မြောက်ဥက္ကလာ အထူးကုဆေးရုံကြီး (ဝေဘာဂီ) ၌ ပြောင်းရွှေ့ကုသမှုပေးနေပြီး HIV လူနာများ ဆေးကုသမှုကို ဝေဘာဂီ၌သာ ကုသပေးတော့မည်ဟုသိရ

သာကေတနှင့် မင်္ဂလာဒုံရှိ HIVဆေးရုံများမှ အတွင်းလူနာအပါအဝင် HIV လူနာများအားလုံးကို မြောက်ဥက္ကလာ အထူးကုဆေးရုံကြီး (ဝေဘာဂီ) ၌ ပြောင်းရွှေ့ကုသမှုပေးနေပြီး HIV လူနာများ ဆေးကုသမှုကို ဝေဘာဂီ၌သာ ကုသပေးတော့မည်ဟုသိရ
Published 12 November 2022

သာကေတနှင့် မင်္ဂလာဒုံရှိ HIV ဆေးရုံများမှ အတွင်းလူနာအပါအဝင် HIV လူနာများအားလုံးကို မြောက်ဥက္ကလာအထူးကု ဆေးရုံကြီး(ဝေဘာဂီ)၌ ပြောင်းရွှေ့ကုသမှုပေးနေပြီး HIV လူနာများဆေးကုသမှုကို ဝေဘာဂီ၌သာ ကုသပေးတော့မည်ဖြစ် ကြောင်း မြောက်ဥက္ကလာအထူးကုဆေးရုံကြီး(ဝေဘာဂီ)မှ ဆေးရုံအုပ်ကြီး ဒေါ်အေးအေးအောင်၏ ပြောကြားချက်အရ သိရသည်။

“ကျွန်မတို့ ကုသရေးဦးစီးဌာန လက်အောက်မှာရှိတဲ့ HIV ဆေးရုံတွေဖြစ်တဲ့ သာကေတနဲ့ မင်္ဂလာဒုံက HIV အတွင်း လူနာတွေကိုမြောက်ဥက္ကလာ အထူးကုဆေးရုံကြီး(ဝေဘာဂီ)မှာ ပြောင်းရွှေ့ကုသမှုပေး   နေပြီဖြစ်ပါတယ်။ အဲ့ဒီဆေးရုံက ဝန်ထမ်းတွေပါကျွန်မတို့ (ဝေဘာဂီ)ကိုပြောင်း ပူးပေါင်းထားပြီ ဖြစ်တဲ့အတွက် ကူးစက်ရောဂါတွေ ကုသမှုအားလုံးကို မြောက်ဥက္ကလာ အထူးကုဆေးရုံကြီး(ဝေဘာဂီ)မှာပဲ ကုသမှုပေးသွားတော့မှာပါ” ဟု မြောက်ဥက္ကလာ အထူးကု ဆေးရုံကြီး(ဝေဘာဂီ)မှ ဆေးရုံအုပ်ကြီး ဒေါ်အေးအေးအောင်က ပြောကြားခဲ့သည်။

AW Foundation က ဒေါ်လာ ၃ ဒသမ ၁ သန်းနှင့် ကျပ်ခြောက်ဘီလျံအကုန်အကျခံကာ ဆောက်လုပ်လှူဒါန်းသည့် ခုတင် ၁၁၀ ဆံ့အထူးကုဆေးရုံကြီး (ဝေဘာဂီ) ကုသဆောင်သစ်ဖွင့်ပွဲ အခမ်းအနားအား နိုဝင်ဘာ ၃ ရက်က ရန်ကုန်တိုင်းဒေသကြီး မြောက် ဥက္ကလာပမြို့နယ် ဓမ္မသုခလမ်းရှိ အထူးကုဆေးရုံကြီး (ဝေဘာဂီ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

“ဝေဘာဂီအထူးကုဆေးရုံကြီးက ခုတင် ၂ဝဝဆံ့ ကူးစက်ရောဂါတွေကို အဓိကကုသမှုဆောင်ရွက်ပေးနေတဲ့ ဆေးရုံဖြစ်ပြီး HIV လူနာ၊ တီဘီရောဂါတွေနဲ့ ကူးစက်မြန်ရောဂါတွေဖြစ်တဲ့ SARS ရောဂါ၊ H1N1 ရောဂါ၊ Ebola သံသယလူနာတွေနဲ့ ကိုဗစ်-၁၉ ရောဂါလူနာတွေကို ကုသစောင့်ရှောက်ပေးနေ တာဖြစ်ပေမယ့် ကူးစက်မြန်ရောဂါတွေအတွက် ရောဂါပိုးကူးစက်မှု ကာကွယ်နိုင်တဲ့ အထူးစနစ်တွေပါဝင်တဲ့ အဆင့်မီအဆောက်အဦ လိုအပ်နေတာကြောင့် အလှူရှင် AW Foundationရဲ့ကမ်းလှမ်းမှုအပေါ် ခုလိုအဆောက်အဦတည်ဆောက်နိုင်ဖို့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ကူးစက်မြန်ရောဂါတွေ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ဝေဘာဂီအထူးကုဆေးရုံကြီးကို Center of Excellence အဓိက ဌာနကြီးအဖြစ် ဆက်လက်ဆောင်ရွက်နိုင်သည်အထိ ရည်မှန်းဆောက်လုပ်ထားတာကြောင့် ယနေ့ ဖွင့်လှစ်လိုက်တဲ့ အဆောက်အဦမှအစပြုပြီး ကုသရေးအပြင် သုတေသနလုပ်ငန်းတွေ  ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုတွေ၊ လူ့စွမ်းအား အရင်းအမြစ်မွေး ထုတ်ရေးအတွက် လေ့ကျင့်သင်ကြားမှုများကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ׅ” ဟု ကျန်း မာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားသည်။

ခုတင် ၁၁၀ ဆံ့အထူးကု ဆေးရုံကြီး (ဝေဘာဂီ)ကုသဆောင်သစ်အား AW Foundation က ဒေါ်လာ ၃ ဒသမ ၁ သန်း နှင့် ကျပ်ခြောက်ဘီလျံ အကုန်အကျခံကာ ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ပြီး ခုတင် ၁၁၀ ပါဝင်ကာ အထူးကြပ်မတ်ကုသနိုင်သည့် ခုတင် ၁၂ ခုတင်၊ အောက်ဆီဂျင်ပေး၍ ကြီးကြပ်ကုသနိုင်သည့် HDU ခုတင် ၂၅ ခုတင်နှင့် ရောဂါပိုးကူးစက်မှုကို ကာကွယ်နိုင်သည့် လေဖိအားစနစ်တပ်ဆင်ထားသည့် သီးသန့်လူနာခုတင် ၇၃ ခုတင်ပါဝင်သည့် အပြင် Oxygen Plant တစ်ခု၊ Sewage Treatment Plant တစ်ခု၊ 800 KVA မီးစက်ကြီးတစ်လုံး၊ 800 KVA Transformer တစ်လုံးပါဝင်ကြောင်း သိရသည်။

“ပြည်သူများနှင့် တစ်သားတည်းအတူတကွ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီသို့ ကျွန်တော်တို့ AW Foundationရဲ့ မျှော်မှန်းချက် ကို အခြေခံပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာ ဝေဘာဂီဆေးရုံအဆင့်မြင့်ကုသဆောင်သစ်ကို ဆောက်လုပ်လှူဒါန်းဖို့ အုတ်မြစ်ချ မြေသန့်မင်္ဂလာကို စတင်အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ဝေဘာဂီဆေးရုံ အဆင့်မြင့် ကုသဆောင်သစ်ကြီးဟာ ကူးစက်ရောဂါများနဲ့ အနာဂတ်မှာ ဖြစ်လာနိုင်ခြေရှိတဲ့ ကူးစက်မြန်ကပ်ရောဂါတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးတဲ့ ကျန်းမာရေးဆိုင်ရာ ပြည်သူ့အကျိုးပြုအခြေခံအဆောက်အဦ ကောင်းတစ်ခုအဖြစ် အသုံးချနိုင်မှာဖြစ်ပါတယ်” ဟု AW Foundation က တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။