စေတသိက်နှင့် စေ့ဆော်မှု

စေတသိက်နှင့် စေ့ဆော်မှု
Published 11 November 2022

ဗုဒ္ဓ၏ အဘိဓမ္မာအရ စိတ်ကိုမှီတွယ်၍ စိတ်ကိုခြယ်လှယ်တတ်သည့် သဘောကို စေတသိက်ဟု ခေါ်ပါသည်။ ဧကုပ္ပာဒ (စိတ်နှင့်အတူ ဖြစ်ခြင်း)၊ ဧကနိရောဓ (စိတ်နှင့် အတူချုပ်ခြင်း)၊ ဧကာရမ္မဏ (စိတ်နှင့် အာရုံတူခြင်း) နှင့် ဧကဝတ္ထုက (စိတ်နှင့်မှီရာ တူခြင်း) တို့သည် စေတသိက်၏ အင်္ဂါရပ်အမျိုးအစား များဖြစ်ကြသည်။ စေတသိက်သည် ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧတဂ္ဂတာ၊ ဇီဝိတ၊ မနသိကာရ အစရှိသည့် ခုနှစ်ပါးတို့သည် သဗ္ဗစိတ္တက မည်၏။ စိတ်တို့နှင့် ယှဉ်၏။ ၀ိတတ္တ၊ ၀ိစာရ၊ ဝီရိယ၊ ပီတိ၊ ဆန္ဒ၊ အဓိမောက္ခ အစရှိသည့် ခြောက်ပါးတို့သည် ပကိဏ်း မည်၏။ ရောပြွမ်း၍သာ ယှဉ်ကုန်၏။ ဤ ၁၃ ပါး တို့သည် ၀ိမိဿက မည်ကုန်၏။ ကောင်း၊ မကောင်းနှင့် ဆက်ဆံကုန်၏။ လောဘ၊ ဒေါသ၊ မောဟ၊ ဒိဋ္ဌိ၊ မာန၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ၊ ထိန၊ မိဒ္န၊ ၀ိစိကိစ္ဆာအစရှိသည့် ၁၄ ပါးတို့သည် ပါပဇာတိ မည်၏။ မကောင်းမျိုးအစစ် ဖြစ်၏။အ လောဘ၊ အဒေါသ၊ အမောဟ၊ သဒ္ဓါ၊ သတိ၊ ဟီရိ၊ သြတ္တပ္ပ၊ တတြမဇ္ဈတ္တတာ၊ ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ၊ ကာယလဟုတာ၊ စိတ္တလဟုတာ၊ ကာယမုဒုတာ၊ စိတ္တမုဒုတာ၊ ကာယကမ္မည တာ၊ စိတ္တကမ္မညတာ၊ ကာယပါဂုညတာ၊ စိတ္တပါဂုညတာ၊ ကာယုဇုကတာ၊ စိတ္ထုဇူကတာ ဟူ၍ သောဘဏ ၂၀၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝဟူ၍ ၀ိရတီသုံးပါး၊ ကရုဏာ၊ မုဒိတာဟူ၍ အပ္ပမညာနှစ်ပါး၊ ဤ ၂၅ ပါးတို့သည် ကလျာဏဇာတိ မည်ကုန်၏။ အကောင်းမျိုးအစစ် ဖြစ်ကုန်၏။ ၀ိမိဿက ၁၃ ပါး၊ ပါပဇာတိ ၁၄ ပါး၊ ကလျာဏဇာတိ ၂၅ ပါး၊ စေတသိက် စုစုပေါင်း ၅၂ ရှိသည် ဖြစ်၏။

လူတို့ သဘာဝအလျောက်ပြုမူကြသည်မှာ အဘယ်အကြောင်းကြောင့်နည်းဟူသော အချက်ကို လေ့လာခြင်းသည် စိတ်ပညာတွင်လည်း အရေးကြီးသော လေ့လာချက်ဖြစ်၏။ စိတ်ပညာအရ ထိုအကြောင်းကို ရှာသည့်အခါ စေ့ဆော်တိုက်တွန်းမှုကြောင့် ဖြစ်သည်ဟု တွေ့ရသည်။ စေ့ဆော်တိုက်တွန်းမှုသည် နဂိုဇာတိပါ ကိုယ်တွင်းစေ့ဆော်မှုများကြောင့် လည်းကောင်း၊ လူမှုဆက်ဆံရေးအားဖြင့် လေ့လာယူရသော စေ့ဆော်မှုများကြောင့်လည်းကောင်း ဖြစ်ရသည်။ နဂိုဇာတိပါ ကိုယ်တွင်းစေ့ဆော်မှုများမှာ ဆာလောင်ခြင်း၊ ရေငတ် ခြင်း၊ ဖိုမဇာတိစိတ်၊ မိဘဇာတိစိတ်၊ သင်းပင်းဇာတိစိတ်၊ မိမိကိုယ်ကိုယ် ထင်ပေါ်လိုသော ဇာတိစိတ် စသည်တို့ဖြစ်သည်ဟု စိတ်ပညာရှင်များက ယူဆကြသည်။ စိတ်သရုပ်ခွဲပညာရှင် ဆစ်ဂမန်ဖရွိုက်ကမူ လူ၏အပြုအမူအားလုံးသည် ဖိုမဇာတိစိတ်၏ စေ့ဆော်မှုပေါ်တွင် တည်နေသည်ဟု ဆိုသည်။    

အရွယ်ရောက်သော လူ၏ အပြုအမူများသည် နဂိုဇာတိပါသော စေ့ဆော်မှုများကြောင့် ဖြစ်သည်ထက် လေ့လာယူရသော စေ့ဆော်မှုများမှ ရအပ်သည့် စွဲလမ်းစိတ်များ ကြောင့် ဖြစ်ရသည်ဟု ပညာရှင်အများအပြားက သဘောတူကြပြန်သည်။ စွဲလမ်းစိတ်များမှ ချစ်ခြင်း၊ မုန်းခြင်းစသော စိတ်မျိုးကို ဆိုလိုသည်။ လူအများသည် ဝတ္ထုမဲ့စွဲလမ်းစိတ်ဖြစ်သော အမှန်တရား ခင်တွယ်ခြင်းကြောင့် ကြိုးပမ်းသည်ထက်၊ ဝတ္ထုစွဲလမ်းစိတ်ဖြစ်သော ပုဂ္ဂိုလ် ခင်တွယ်ခြင်း၊ မုန်းတီးခြင်းတို့ကြောင့် ပိုမိုအားထုတ်ဆောင်ရွက်တတ်ကြကြောင်း တွေ့ရှိခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တွင် စွဲလမ်းစိတ်များစွာ ရှိတတ်ရာ အချို့သော ပုဂ္ဂိုလ်တို့တွင် ပဓာနစွဲလမ်းစိတ်တစ်ခုသည် အခြားစွဲလမ်းစိတ်များကို ဖိနှိပ်လွှမ်းမိုးတတ်၏။ ထိုသို့သော ပုဂ္ဂိုလ်များသည် အရာရာတွင် ပဓာနစွဲလမ်းစိတ်၏ စေ့ဆော်သည့်အတိုင်း ပြုမူ ဆောင်ရွက်တတ်၏။ ပမာအားဖြင့် ဂျာမန်အာဏာရှင် ဟစ်တစ်လာ၌ မိမိ၏ တန်ခိုးကြီး လိုသော စွဲလမ်းစိတ်သည် သားမယားခင်မင်စိတ်၊ မိတ်ဆွေခင်မင်စိတ်စသည်တို့ကို လွှမ်းမိုးသွားသဖြင့် မေတ္တာခေါင်းပါးလျက် ကမ္ဘာတစ်ခွင်၌ အာဏာရှင်ဖြစ်ရန် အစွမ်းကုန်အားထုတ်ခဲ့လေသည်။ ထိုသို့ပဓာနစွဲလမ်းစိတ်ရှိသော ပုဂ္ဂိုလ်များမှာ စိတ်ပဋိပက္ခမှုများကင်း၍ စိတ်တည်ကြည်စုစည်းနိုင်သော ပုဂ္ဂိုလ်များဖြစ်ကြသည်။ ပဓာနစွဲလမ်းစိတ်မရှိသောပုဂ္ဂိုလ်များ၌ စိတ်ပဋိပက္ခမှုများ ဖြစ်တတ်သည်။ လူတစ်ဦးတစ်ယောက်၏ ပဓာနစွဲလမ်းစိတ်ကို သိရှိသောအခါ၊ ထိုသူ၏ အကျင့်စရိုက်ကို သိနိုင်သည်။ စိတ်ပညာရှင်ကတဲက “လူတစ်ဦးတစ်ယောက်သည် မည်သည့်အရာကို ရိုသေလေးမြတ်သည်၊ မည်သည့်အရာများကို စက်ဆုပ်သည်၊ ခင်မင်သည်၊ မုန်းတီးသည်၊ မြတ်နိုးသည်ဟု သိရှိသောအခါ ထိုသူ၏ အပြုအမူကို အသင့်အတင့် ခန့်မှန်းနိုင်ပြီ”ဟု ရေးသားခဲ့သည်။

လူတို့၏ အပြုအမူသည် လူများနှင့် ဆက်ဆံပြုမူခြင်းဖြစ်သည်။ လူတစ်ဦးတစ်ယောက်က အစုအဝေးတွင် ပါဝင်သောအနေဖြင့် ပြုမူခြင်းသည် တစ်ဦးတည်း ပြုမူခြင်းနှင့် ကွာခြားသည်။ အစုအဝေး၏ ညွှန်ခြင်းသည် လူ၏အပြုအမူကို ပြောင်းလဲစေသည်။ လူအုပ်တွင်ပါဝင်သော လူတစ်ယောက်သည် လူအုပ်အလိုက် ပြုမူတတ်သဖြင့် ဆင်ခြင်ကင်းမဲ့သော အပြုအမူမျိုးကို ပြုလုပ်တတ်သည်။ တစ်ဦးကိုတစ်ဦး အတုခိုးတတ်သည်။ လူတို့သည် အများအားဖြင့် သက်ဆိုင်ရာလူစု၏ အနေအထိုင်အတိုင်း တူညီအောင် နေတတ်ကြလေသည်။ လူတစ်မျိုးနှင့်တစ်မျိုး စိတ်အခြေအနေ ခြားနားခြင်းရှိသလော၊ ရှိခဲ့လျှင် ဇာတိအတိုင်း ဖြစ်ပေါ်လာသလော၊ သို့မဟုတ် ယဉ်ကျေးမှုထုံးတမ်းများကြောင့်ပင်လော။ ယင်းအချက်တို့ကို စဉ်းစားလိုက်သည့်အခါ ပတ်ဝန်းကျင်ခြားနားခြင်းကြောင့် လူတစ်မျိုးနှင့် တစ်မျိုးခြားနားခြင်း ဖြစ်သည်ဟု စိတ်ပညာရှင်တို့က သဘောတူကြ၏။ လူမျိုးချင်း ခြားနားသည်ထက် လူမျိုးတစ်စုထဲတွင် တစ်ဦးနှင့်တစ်ဦး ပိုမိုခြားနားတတ်သည်။

မည်သို့ပင်ဆိုစေ စိတ်ပညာလေ့လာချက်များဖြင့် လူ၏အကြောင်းကို ပိုမိုနားလည်လာသောကြောင့် လူသားတို့ ကြီးပွားတိုးတက် ငြိမ်းချမ်းသာယာရေးကို ရှေးရှုလျက် လူတို့၏ အပြုအမူများကို ပြုပြင်ရန် စိတ်ပညာကို အသုံးချနိုင်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၁၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent