ရုရှား-ယူကရိန်းစစ်ပွဲအကြောင်း Documentary ရိုက်ကူးလျက်ရှိသည့် ဟောလိဝုဒ်မင်းသားရှောင်ပင်းက ၎င်းရထားသည့်အော် စကာဆုနှစ်ရုပ်ထဲမှတစ်ရုပ်ကို ယူကရိန်းသမ္မ တဇယ်လန်းစကီးအားပေးထားပြီး စစ်ပွဲနိုင်သည့်အခါပြန်ပေးရန် ပြောဆိုထားသည်။
ရှောင်ပင်းသည် ဖေဖော်ဝါရီ ၂၄ ရက် ယူကရိန်းစစ်ပွဲစဖြစ်ပြီးနောက်ပိုင်း ယူကရိန်းသို့ တတိယအကြိမ်ရောက်လာခြင်းဖြစ်ပြီး ၎င်းနှင့်ဇယ်လန်းစကီးတို့ တွေ့ဆုံကြပုံများကို နိုဝင်ဘာ ၉ ရက်တွင် ယူကရိန်းသမ္မတရုံးက ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ဇယ်လန်းစကီးက ၎င်းအော်စကာရုပ်သည် ယူကရိန်းနိုင်ငံက စစ်နိုင်မည့်အပေါ် ယုံကြည်မှုသင်္ကေတဖြစ်သည်ဟုလည်း တွစ်တာတွင်ရေးထားသည်။
နိုင်ငံတကာလူသားချင်းစာနာကူညီမှုများ၊ စစ်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်ထားသူ ပင်းက ယူကရိန်းမှပြန်တိုင်း သစ္စာ ဖောက်အဖြစ်ခံစားရသည်ဟု ဇယ်လန်းစကီးအားပြောကာ၊ စစ်ပွဲနိုင်သည့်အခါ အော်စကာဆုရုပ်ကို မာလီဘူသို့ပြန်ပို့ပေးလိုက်ရန်နှင့် ယူကရိန်းတွင် ၎င်း၏တစ်စိတ်တစ်ပိုင်းတည်ရှိမှုအဖြစ် ပေးထားခြင်းဖြစ်ဟု ပြောဆိုခဲ့သည်။ မည်သည့်အော်စကာဆုရုပ်ထားခဲ့သည်ကိုမူ မသိရပေ။
၎င်းသည် ၂၀၀၃ ရုပ်ရှင် Mystic River ဖြင့်တစ်ကြိမ်၊၂၀၀၈ ရုပ်ရှင် Milk ဖြင့်တစ်ကြိမ် အကောင်းဆုံးဇာတ်ဆောင်မင်းသားဆု အော်စကာနှစ်ကြိမ်ရထားသည်။
ရုရှားတပ်များ ယူကရိန်းသို့ကျူးကျော်လိုက်ပြီးနောက် ယူကရိန်းသို့ပထမဆုံးရောက်လာသူများထဲတွင် အမေရိကန်သရုပ်ဆောင်၊ ဒါရိုက်တာရှောင်ပင်းလည်း ပါခဲ့သည်။









